ရခိုင်တွင် COVID-19 ရောဂါပျံ့နှံ့မှုအတိုင်းအတာနှင့်ပုံစံကိုသိရှိနိုင်ရန် ကျပန်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမည်

ရခိုင်တွင် COVID-19 ရောဂါပျံ့နှံ့မှုအတိုင်းအတာနှင့်ပုံစံကိုသိရှိနိုင်ရန် ကျပန်းစနစ်ဖြင့် ဓာတ်ခွဲစစ်ဆေးမည်
Photo - EPA

သြဂုတ် ၂၆ရက်  

ရခိုင်ပြည်နယ်တွင် လူအများနှင့်ထိတွေ့မှုများပြားသော လူအုပ်စုများ၊ကူးစက်နိုင်ချေမြင့်မားသော လူအုပ်စု များအတွင်း COVID-19ရောဂါနှင့်ပတ်သက်၍ စစ်ဆေးမှုကိုကျပန်းစနစ်ဖြင့်ရွေးချယ်ကာ ဓာတ်ခွဲစစ်ဆေးခြင်း များပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောသည်။  

ယခုကဲ့သို့ ကျပန်းစနစ်ဖြင့် ရွေးချယ်ဓာတ်ခွဲခြင်းသည် ရောဂါပျံ့နှံ့မှုအတိုင်းအတာ၊ ပျံ့နှံ့နေမှုပုံစံကို ပိုမိုတိ ကျစွာသိရှိနိုင်ရန်နှင့် ရောဂါထိန်းချုပ်မှုလုပ်ငန်းများအား စနစ်ကျစွာဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

 သြဂုတ် ၂၅ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်း များဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဘက်စုံဆန်းစစ်သုံး သပ်တင်ပြခြင်း အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

၎င်းလူအများနှင့်ထိတွေ့မှုများပြားသော လူအုပ်စုများနှင့် ကူးစက်နိုင်ချေမြင့်မားသော လူအုပ်စုများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးများ၊ အများပြည်သူ ဝန်ဆောင်မှုပေးရသည့်နေရာများဖြစ်ကြောင်းနှင့် ၎င်းနေရာများသည် အဓိကဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။  

"အဓိကကတော့ ကျွန်တော်တို့က riskများတဲ့ အုပ်စုလို့ခေါ်တာပေ့ါနော်။ တစ်က risk အများဆုံးကတော့ ကျန်းမာရေးဝန်ထမ်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများပေါ့ ပြင်ပက ဆရာဝန်တွေအပါအဝင်ပေါ့။ နှစ်ကကျတော့ ခုနကပြောတဲ့ ဈေးမှာရှိတဲ့ ဈေးရောင်းဈေးဝယ်တဲ့ ပုဂ္ဂိုလ်တွေ၊ လူများတဲ့ဆိုင်တွေပေ့ါနော်။ သုံးကတော့ ခုနကပြောတဲ့ public service တွေပေးတဲ့ ဝန်ထမ်းတွေပေါ့နော်။ ပြီးတော့ ဘဏ်ဝန်ထမ်းဆိုလည်း ကျွန်တော်တို့တွေ့လိုက်တယ်။ အဲ့လိုလူတွေအုပ်စုတွေပေါ့နော် အဲ့ထဲကနေပြီး ကျွန်တော်တို့က ဘယ်သူ့မှာရှိလဲဆိုတာ ရှာကြည့်လိုက်တာပေါ့နော်။ လူတစ်ရာရှိရင် တစ်ရာလုံး စစ်နိုင်ချင်မှ စစ်နိုင်မယ်။ အဲ့ထဲက ၁၀ယောက် လောက်စစ်ကြည့်လိုက်မယ်။ မတူကွဲပြားတဲ့နေရာတွေကစစ်မယ်။ စစ်ကြည့်လိုက်လို့ တွေ့တဲ့နှုန်း အင်မတန်များပြီဆိုရင်တော့ ပိုပြီးတော့ သတိထားပြီးတော့ ထိန်းချုပ်ရမယ့်အနေအထားပါ" ဟု ဒေါက်တာသန်းနိုင်စိုးက ဆိုသည်။  

သြဂုတ် ၂၆ရက် နံနက်ပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၈ဦးရှိသည့်အနက် စစ်တွေမြို့မှ ၁၁၅ ဦးပါဝင်သည်။   

စစ်တွေမြို့သည် အတည်ပြုလူနာများထဲတွင် ရောဂါပိုးရှိသူနှင့် ထိတွေ့မှုမရှိသကဲ့သို့ ပြည်ပခရီးသွားရာဇဝင်မရှိ သည့် လူနာ ၄၃ဦးရှိပြီး  ဒေသတွင်းကူးစက်မှုအများဆုံးဖြစ်သောကြောင့် ရောဂါကူးစက်နိုင်ချေ မြင့်မားသော အုပ်စုစစ်ဆေးမှုတွင် စစ်တွေမြို့ကို အဓိကထား စစ်ဆေးနေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။  

"ဒီဘက်ကဟာတော့ special စစ်မှရမှာ။ ဘာလို့ဆို အကုန်လုံးက အကောင်းလေ။ contact လည်းမရှိဘူး။ ဒါပေမယ့် ခုနကပြောတဲ့ public service ပေးတဲ့ ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဈေးရောင်း ဈေးဝယ်လုပ် တဲ့သူတွေဖြစ်နေတယ်။ အဲ့ဒါက risk အများဆုံး အုပ်စုပေါ့။ အဲ့ကြားထဲက ပိုပြီးတော့စစ်မယ်ဆိုရင် contactများတဲ့ ရပ်ကွက်ထဲက contactများများရှိတဲ့ ရပ်ကွက်ထဲကနေထိုင်တဲ့သူတွေပေါ့" ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။  

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇မြို့နယ်ရှိပြီး မြို့နယ် ၁၁မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၈ဦးရှိကာ စစ်တွေမြို့တွင် ၁၁၅ဦး၊ မြောက်ဦးမြို့တွင် ၁၁ဦး၊ ကျောက်ဖြူမြို့တွင် ၄ဦး၊ မင်းပြားမြို့တွင် ၅ဦး၊ ပုဏ္ဏားကျွန်းမြို့ တွင် ၁ဦး၊ မြေပုံမြို့တွင် ၆ဦး၊ ပေါက်တောမြို့တွင် ၁၃ဦး၊ မောင်တောမြို့တွင် ၁၃ဦး၊ ကျောက်တော်မြို့တွင် ၄ဦး၊ သံတွဲမြို့တွင် ၂ဦး နှင့် ဘူးသီးတောင်မြို့တွင် ၄ဦးဖြစ်သည်။  

ကျန်ရှိသည့် ရသေ့တောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်တို့တွင် ကိုဗစ်-၁၉ ကူးစက်သူမတွေ့ရှိရသေးပေ။  

ကျန်းမာရေးဝန်ကြီးဌာန၏ ရခိုင်ပြည်နယ်ထဲမှ စစ်တွေမြို့နယ်ကို  Stay at Home အဖြစ်ကြေညာထားပြီး  တစ်ပတ်အတွင်း၌ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့နယ်များကိုလည်း သြဂုတ် ၂၅ရက်နေ့တွင် Stay at Home အဖြစ် ထပ်မံကြေညာခဲ့သည်။  

မြန်မာနိုင်ငံတွင် သြဂုတ် ၂၆ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၅၇၄ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၃၄၁ဦးရှိသည့်အနက် ၃၃၉ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ၎င်းတို့ကိုအသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly