မြောက်ဦးက စစ်ဘေးရှောင်စခန်းများကို အသွားအလာကန့်သတ်ထား

မြောက်ဦးက စစ်ဘေးရှောင်စခန်းများကို အသွားအလာကန့်သတ်ထား

ဩဂုတ် ၂၅

ကိုဗစ်ကူးစက်ခံထားရသူ INGO ဝန်ထမ်းများသွားလာခဲ့သည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က စစ်ဘေးရှောင်ဒုက္ခသည်စခန်းများကို အသွားအလာကန့်သတ်ထားကြောင်း ရခိုင်ပြည်နယ်၊ နယ်လုံဝန်ကြီး  ဗိုလ်မှူးကြီး မင်းသန်းက မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီး မင်းသန်းက “အဲ့ဒီလူတွေက အဲ့တုန်းက စနစ်တကျသွားထားတဲ့ အနေအထားလေးရှိပါတယ်။ ဒါပေမယ့်ပိုးတွေ့တဲ့  RI က သုံးယောက်ကတော့ တစ်ရုံးထဲမှာ တူတူလုပ်ကြတဲ့သူတွေဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ကူးလူးဆက်ဆံနေတာဆိုတော့ ပိုးကူးတာပေါ့နော်။ အဲ့တော့ သူတို့နဲ့ ထိတွေ့ခဲ့တဲ့နေရာတွေကတော့ အကုန်လုံးလော့ဒေါင်းပဲပေါ့။ အဆိုင်းရှိတဲ့သူက လာစောင့်နေတယ်။ Swab နမူနာယူတာလည်း ယူထားပြီးပါပြီ” ဟု ပြောသည်။

မြောက်ဦးမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများကို သွားရောက်ခဲ့ခြင်းမရှိဘဲ မြောက်ဦးမြို့ အနောက်ပိုင်းနှင့် မြောက်ပိုင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့သာသွားခဲ့ခြင်းဖြစ်သည်။  ၎င်းတို့ သွားလာခဲ့သည့် တောင်မြင့်ဒုက္ခသည် စခန်း၊ ကုလားချောင်းဒုက္ခသည်စခန်း၊ ပေပင်ရင်းဒုက္ခသည်စခန်း၊ နကန်ဒုက္ခသည်စခန်း၊ ပုစွန်ဖေဒုက္ခသည်စခန်းများကို ပြည်နယ်အစိုးရက အသွားအလာကန့်သတ်မှုများပြုလုပ်ထားကြောင်း မြောက်ဦးမြို့နယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့အထိ မြောက်ဦးမြို့တွင် ကိုဗစ်ကူးစက်ခံရသူ ၃ ဦးဖြစ်သည့် လူနာအမှတ် ၄ဝ၈၊ ၄၄ဝနှင့် ၄၄၁ တို့မှာ မြောက်ဦးမြို့က စစ်ဘေးရှောင်စခန်းများနှင့် မြို့ပေါ်တွင် ကျန်းမာရေးအကူ အညီများပေးနေသည့် Relief International မြောက်ဦးရုံးခွဲမှ ဝန်ထမ်းများဖြစ်ကြသည်။

ပြည်နယ်အစိုးရအနေဖြင့် မြောက်ဦးမြို့ပေါ်မှမဟုတ်ဘဲ နယ်ဘက်မှာရှိသည့် အခြားဒုက္ခသည်စခန်းအချို့ကိုလည်း အသွားအလာကန့်သတ်မှုတစ်ချို့ပြုလုပ်ထားကြောင်း သိရသည်။

မြောက်ဦးမြို့မြောက်ပိုင်းရှိ တိန်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုဝေလှအောင်က “ကျွန်တော်တို့ စခန်းကလူတွေကိုလည်း အဲ့ဒီဘက်တွေ မသွားဖို့၊ ကန့်သတ်ထားတဲ့ နေရာတွေ မသွားဖို့ တားမြစ်ထားတာတွေရှိတယ်။ ဝေးဝေးလံလံမသွားဖို့၊ အလွန်ဆုံးသွားရင် တိန်ညိုရွာထဲလောက်ပဲ သွားဖို့ပေါ့” ဟု ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့မှ စတင်ကာ မြောက်ဦးမြို့ရှိ ကျေးရွာအချို့နှင့် စစ်ရှောင်စခန်းများအား ကိုယ့်ရွာတွင်သာကိုယ်နေရန် ပြည်နယ်အစိုးရကညွှန်ကြားထားကြောင်း ဗိုလ်မှူးကြီး မင်းသန်း ကပြောသည်။

စင်းဘောကိုင်းစစ်ရှောင်စခန်းမှ တာဝန်ခံ မဥမ္မာနွယ်က “ဒီစစ်ရှောင်စခန်းမှာလဲ ဘယ်မှမသွားရပါဘူး။ ဒီကလူလဲ ရွာထဲမသွားရဘူး။ ရွာထဲက လူလဲ ဒီမလာရဘူးပေါ့။ ကြာရင်တော့ စားနပ်ရိက္ခာအခက်အခဲ ရှိလာနိုင်ပါတယ်။ ဈေးလည်း မသွားရဘူးပေါ့။ အရင်က ထောက်ပံ့ထားတာလေးတွေနဲ့  စားနေရပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများတွင် အသွားအလာကန့်သတ်မှုပြုလုပ်ထားခြင်းမရှိသေးကြောင်းနှင့်  မြတန်ဆောင်ဘုန်းကြီးကျောင်းရှိ ဒုက္ခသည်စခန်းတွင် ကိုယ်ထူကိုယ်ထအသွားအလာကန့်သတ်မှုပြုလုပ်ထားကြောင်း ကျောင်းထိုင်ဆရာတော် ဦးနန္ဒသာရက မိန့်သည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးမျိုးလှိုင်ကတော့ မြောက်ဦးကပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများ၏ အာခေါင်တို့ပတ်နမူနာရာနှင့် ချီပြီး ယူထားပြီးပြီဖြစ်ကြောင်း ပြောသည်။

“Swab (အာခေါင်တို့ပတ်) နမူနာအခုရေ ရာချီပြီး ယူထားပြီးပြီ။ ဓာတ်ခွဲနမူနာကတော့ ပြောမယ်ဆိုရင် ကိုယ်တွေရဲ့ လုပ်နိုင်တဲ့ အနေအထားနဲ့ အဆင်ပြေအောင်လုပ်နေပါတယ်” ဟု ပြောသည်။

သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့မနက်အထိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၈၂ ဦး (စစ်တွေမှရန်ကုန်သို့ရောက်ပြီးကွာရန်တင်းဝင်နေသူအပါအဝင်)ရှိနေပြီး စစ်တွေမှ ၇၃ ဦး၊ မြောက်ဦးမှ ၃ ဦး၊ သံတွဲမှ ၂ ဦးနှင့် ဘူးသီးတောင်းမြို့နယ်မှ ၄ ဦးဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly