သံတွဲမှ ပြန်လာသူ ၂ ဦးကို COVIDရောဂါ သံသယဖြင့် ကွာရန်တင်းဝင်ရန် နေအိမ်သို့လာရောက်ခေါ်ဆောင်

သံတွဲမှ ပြန်လာသူ ၂ ဦးကို COVIDရောဂါ သံသယဖြင့် ကွာရန်တင်းဝင်ရန် နေအိမ်သို့လာရောက်ခေါ်ဆောင်

သြဂုတ်လ ၂၅ရက်

ပြီးခဲ့သည့် နှစ်ရက်က ရခိုင်ပြည်နယ်၊သံတွဲမြို့မှ ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာမြို့နယ်ရှိ နေအိမ်သို့ပြန်လည်ရောက်ရှိလာသည့် မြေး၊ အဖွား နှစ်ဦးကို COVIDရောဂါ သံသယဖြင့် ကွာရန်တင်းဝင်ရန် ကျန်းမာရေးဌာန က လာရောက်ခေါ်ဆောင်သွားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောကြားသည်။

၎င်း မြေး၊အဖွားနှစ်ဦးသည် ဩဂုတ် ၂၃ ရက်နေ့က သံတွဲမြို့မှ လှိုင်သာယာမြု့နယ်ရှိနေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်  ဩဂုတ် ၂၄ ရက်နေ့တွင် ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးအမတ် ဦးမြတ်မင်းသူက ပြောသည်။

 “ အိမ်ကမိသားစု ငါးယောက်ကိုတော့ Home Stay ပေါ့။ လောလောဆယ် အဲ့တာရပ်ကွက်ကတော့ စောင့်ကြည့်နေတယ်ပေါ့။ ဘာပဲပြောပြော သံသယရှိတယ်လို့ ယူဆတဲ့အတွက်ပို့တာပေါ့” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

လက်ရှိတွင် ၎င်းမြေး၊အဖွားနှစ်ဦးအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်မှသာ COVID-19 ရောဂါ ရှိ၊မရှိကိုမူ သိရှိရမည်ဖြစ်ကြောင်းလည်း ဦးမြတ်မင်းသူက ပြောသည်။

အဆိုပါ ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်မှ ပြန်လည်ရောက်ရှိလာသည့် မြေး၊အဖွားနှစ်ဦးအနက် တစ်ဦးတွင် ကိုယ်အပူချိန်မြင့်တက်ကာ ဖျားနာနေသည်ဟုဆိုသော်လည်း လက်ရှိတွင် သက်ဆိုင်ရာကျန်းမာရေးဌာနဘက်ကမူ အတည်ပြုပြောဆိုခြင်းရှိသေးကြောင်းလည်း ဦးမြတ်မင်းသူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဒေသတွင်း COVID-19 အတည်ပြုလူနာများတွေ့ရှိခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာမည့်သူများကို ထန်းတပင်မြို့နယ်နှင့်တိုက်ကြီးမြို့နယ်တို့တွင် စစ်ဆေးရေးဂိတ်နှစ်ခုခွဲကာ စစ်ဆေးမှုများပြုလုပ်နေ သည်။

ထို့ပြင် စစ်တွေမြို့မှ လာရောက်မည်သူများအနေဖြင့် ကွာရန်တင်းမဖြစ်မနေဝင်ရမည့်အပြင်  COVID-19 ရောဂါ ရှိ၊မရှိ နှစ်ကြိမ်စစ်ဆေးရမည်ဖြစ်ကြောင်းနှင့် တခြားမြို့များမှလာရောက်ပါက နေအိမ်စောင့်ကြည့်မှုအဖြစ် ၂၁ရက်  နေရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဩဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းအထိ COVID-19 ရောဂါကူးစက်ခံထားရသည့် အတည်ပြုလူနာ ၄၇၄ ယောက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly