ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို မဆိုင်းမတွ ဖြေရှင်းရန် လိုဟု အင်ဒိုနီးရှား ပြော

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို မဆိုင်းမတွ ဖြေရှင်းရန် လိုဟု အင်ဒိုနီးရှား ပြော
Photo: AFP

ရိုဟင်ဂျာဒုက္ခသည်များ၏ အရင်းခံပြဿနာကို ချက်ချင်းလက်ငင်း ဖြေရှင်းသင့်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီက ဒီဇင်ဘာ ၁၃ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံး၌ ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ဖိုရမ်တွင် အလေးပေးပြောဆိုသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် အရပ်သားများအကြား ပဋိပက္ခကြောင့် မြန်မာတွင် ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုတို့က ရိုဟင်ဂျာများကို နိုင်ငံမှ ထွက်ခွာစေရန် တွန်းပို့နေပြီး အများအပြားသည် အင်ဒိုနီးရှားသို့ ကမ်းကပ်ရောက်ရှိခဲ့သည်ဟု သူမက မှတ်ချက်ပြုသည်။

“ဒါကြောင့်မို့ မြန်မာမှာ ပဋိပက္ခတွေ ရပ်တန့်ပြီး ဒီမိုကရေစီ မူလအတိုင်း ပြန်ထားဖို့အတွက် အတူတကွလုပ်ဆောင်ကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖိတ်ခေါ်ပါတယ်။ ဒါမှလည်း ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့အိမ်တွေဆီ ပြန်သွားနိုင်မှာဖြစ်တယ်” ဟု သူမက ဂျီနီဗာမှ အွန်လိုင်းသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်စဉ် မှတ်ချက်ပြုသည်။

အင်ဒိုနီးရှားသို့ ရောက်လာသည့် ဒုက္ခသည်ထောင်ချီ အပါအဝင် ဒုက္ခသည်များသည် လူကုန်ကူးမှုနှင့် မှောင်ခိုကူးမှုတို့၏ သားကောင်များဖြစ်လာရသည် ဆိုသည့် ခိုင်မာသည့် လက္ခဏာတခုကိုလည်း သူမက ထုတ်ဖော်သည်။

ဒုက္ခသည်များ အရေးကိစ္စကို ကိုင်တွယ်ရာတွင် ရှုပ်ထွေးမှုနှင့် ခက်ခဲနက်နဲမှုတို့ကြောင့် လူကုန်ကူးမှုက ပိုမိုဆိုးဝါးလာသည်ဟု မာဆုဒီက မှတ်ချက်ပြုသည်။

“နိုင်ငံဖြတ်ကျော် မှုခင်းတခုဖြစ်တဲ့ လူကုန်ကူးမှုကို တိုက်ဖျက်ဖို့ အင်ဒိုနီးရှားအနေနဲ့ နှောင့်နှေးနေမှာမဟုတ်ဘူးလို့ ပြောချင်တယ်။ ဒါပေမယ့် ဒါကို အင်ဒိုနီးရှားတနိုင်ငံတည်း လုပ်လို့ မရနိုင်ဘူး” ဟု သူမက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly