ရခိုင်ပြည်နယ်တွင် ၅ ရက်အတွင်း COVID-19 အတည်ပြုလူနာ ၄၅ ဦးရှိ

သြဂုတ် ၂၂ရက်

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၁၆ရက်နေ့မှစကာ ယနေ့ သြဂုတ် ၂၂ရက် နံနက်ပိုင်းအထိ ၅ ရက်အတွင်း COVID-19 အတည်ပြုလူနာ ၄၅ ဦးရှိပြီဖြစ်သည်။

သြဂုတ်လ ၁၇ နှင့် ၁၈ ရက်နေ့တွင်ပိုးတွေ့လူနာမရှိသောကြောင့်၅ရက်အတွင်းတည်ပြုလူနာ ၄၅ဦးသည် စစ်တွေမြို့မှ လူနာ ၄၄ ဦးနှင့် မြောက်ဦးမြို့မှ လူနာ ၁ ဦးတို့ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ကစတင်ကာ ဘဏ်ဝန်ထမ်းအမျိုးသမီးထံတွင် ခရီးသွားရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့မှုမရှိဘဲ ကူးစက်ခံရခြင်းဖြစ်ကာ ပြည်နယ်အတွင်း ဒေသသတွင်းကူးစက်မှုပြန်လည်ဖြစ်ပွားခဲ့သည်။  

စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဇော်လွင်က "လက်ရှိကျွန်တော်တို့ဆေးရုံမှာ လူနာက ၄၄ ယောက်။ ၁ ဦးကမြောက်ဦးမှာ အဲ့တော့ ၄၄ ယောက်ရှိတယ်။ သံသယလူနာ ၆ ယောက်ရှိတယ်"ဟု ဆိုသည်။

ထိုကူးစက်မှုများတွင် အတည်ပြုလူနာများနှင့်ထိတွေ့ခဲ့တာကြောင့် ကူးစက်ခံရသူ ၁၈ ဦးရှိပြီး ဘယ်ကကူးစက်မှန်းမသိသူမှာ ၂၇ ဦးရှိသည်။ထိုသို့ကူးစက်ခံရသူများထဲတွင် အထူးကုဆရာဝန်၊သူနာပြုဆရာမ၊ဘုန်းတော်ကြီး၊NGO ဝန်ထမ်း၊ဘဏ်ဝန်ထမ်းနှင့် ဘဏ်ဝန်ထမ်းမိသားစုများ ပါဝင်ကြသည်။

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုး ထိန်းချုပ်နိုင်ရန် လူအင်အား၊ ငွေအင်အား အများအပြား သုံးစွဲနေရပြီဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ လာရောက်သူများအနေဖြင့် သက်ဆိုင်ရာကွာရန်တင်းစင်တာများတွင် နေထိုင်ကြရပြီး COVID-19 ရောဂါရှိမရှိ ဓာတ်ခွဲနမူနာများရယူကာစစ်ဆေးကြရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ဒုတိယလှိုင်းဖြစ်လာနိုင်သည့်အပေါ် ရှောင်လွှဲနိုင်ရေးအတွက် လိုက်နာ ရမည့် အချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ စတင်ကာ ပြည်တွင်းကူးစက်လူနာများဆက်တိုက်တွေ့ရသည့်အတွက် လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ကျောင်းများအားလုံး ယာယီပိတ်ထားရန်ညွှန်ကြားထားပြီး သြဂုတ် ၂၀ရက်စတင်ကာ စစ်တွေမြို့က နေရာအချို့ကို lock down ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းလိုင်းများအားလည်း ရပ်နားထားရသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း စစ်တွေမြို့ရှိ ပြည်သူများအား နေအိမ်တွင် နေထိုင်ရေး (stay home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီး စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာကလည်း စစ်တွေမြို့ရှိ ပြည်သူများအနေဖြင့် ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား သြဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ ၂ လအတည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် စာရင်းကောက်ယူရရှိသည့် လူဦးရေ နှစ်သန်းကျော်ရှိပြီး ထိုထဲကမှ စစ်တွေမြို့တွင် လူဦးရေ တစ်သိန်းလေးသောင်းကျော်နေထိုင်လျက်ရှိကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly