စစ်တွေတွင် ဈေးက ကိုဗစ်-၁၉ အဓိက ပြန့်ပွားသည့်နေရာဟု အာဏာပိုင်များသုံးသပ်

စစ်တွေတွင် ဈေးက ကိုဗစ်-၁၉ အဓိက ပြန့်ပွားသည့်နေရာဟု အာဏာပိုင်များသုံးသပ်

သြဂုတ် ၂၅

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် COVID-19 အဓိကပြန့်ပွားသည့်နေရာမှာ ဈေးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တွေ့ရှိချက်အရ သုံးသပ်ကြောင်း  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ တွေ့ရှိချက်အရဆိုရင် စစ်တွေမြို့မှာ ရောဂါပိုးပြန့်ပွားတဲ့ အဓိကနေရာဟာ ဈေးကလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရောဂါစွဲကပ်နေပြီလို့ တွေ့ရှိရတဲ့ ပြည်သူတွေရဲ့ အသိုင်းအဝိုင်း၊ အနေအထားကို ကြည့်လိုက်တဲ့အခါမှာ ဒီဈေးကနေ ရောဂါကူးစက်မှုဟာ အများဆုံးလို့ သုံးသပ်ပါတယ်” ဟု၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းပြီး သြဂုတ်လ ၂၅ ရက်နေ့ညပိုင်းက ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်ပွားနေသည်မှာ ကိုဗစ်ဒုတိယလှိုင်းမဟုတ်ကြောင်းနှင့် တစ်နိုင်ငံလုံးတွင် ဒုတိယလှိုင်းမဖြစ်ပေါ်စေရေး ပြည်သူများစုပေါင်းရင်ဆိုင်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

“လိုအပ် သလို အားလုံးဆောင်ရွက်ပေးပါမယ်။ အထူးအစီအစဉ်တွေလည်း ချမှတ်ပြီးပါပြီ။ ကျွန်မတို့ ဒီကိစ္စအောင်မြင်ရေးအတွက်က စစ်တွေမြို့နယ် တစ်ခုတည်း၊ ရခိုင်ပြည်နယ် တစ်ခုတည်းလုပ်ရမယ့် ကိစ္စမဟုတ်ပါဘူး။ ပြည်ထောင်စု တစ်ခုလုံးက လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မစောစောက ပြောသလို အမျိုးသားကြိုးပမ်းဆောင်ရွက်မှုကြီးတစ်ခုအနေနဲ့ မြင်စေချင်ပါတယ်။ ကျွန်မတို့ အားလုံးဝိုင်းလုပ်မှ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အောင်လည်း အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

စစ်တွေမြို့မှ ရန်ကုန်ကို လာမည့်သူများ နီးစပ်ရာကျန်းမာရေးဌာနကို ဆက်သွယ်ကြရန်နှင့် ပတ်ဝန်းကျင်ကလည်း သတင်းပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

ရောဂါပိုးမပြန့်စေရေး ရခိုင်ပြည်နယ်မှ အခြားသို့မထွက်ရန် ပိတ်ဆို့မှုတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များက ထိထိရောက်ရောက်ပါဝင်ကြရမည်ဖြစ်ကြောင်းနှင့် ထိန်းချုပ်သည့်သဘောမဟုတ်ဘဲ ကာကွယ်ခြင်းသာဖြစ်ကြောင်းလည်း ပြောကြားသည်။

“ပိတ်ပင်ရေးဆိုတာ ကာကွယ်ရေးပါပဲ။ ကာကွယ်ရေးလို့ပဲ စဉ်းစားစေချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ကို သွားရောက်တာဝန်ထမ်းဆောင်သည့် စေတနာ့ဝန်ထမ်းများကိုလည်း အစိုးရအနေဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့မနက်အထိ ရခိုင်ပြည်နယ်တွင် COVID-19 ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၈၁ ဦးအထိရှိလာပြီး စစ်တွေမြို့မှ ၇၂ ဦး၊ မြောက်ဦးမြို့မှ ၃ ဦး၊ သံတွဲမြို့မှ ၂ ဦးနှင့် ဘူးသီးတောင် မြို့နယ်မှ ၄ ဦးဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ သံဃာတော်များ၊ ထွေအုပ်ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းမှဝန်ထမ်းများလည်း ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly