နှာခေါင်းစည်း ဈေးနှုန်းအဆမတန်တင်ရောင်းနေသူများအား အရေးယူမည်

နှာခေါင်းစည်း ဈေးနှုန်းအဆမတန်တင်ရောင်းနေသူများအား အရေးယူမည်
Photo - EPA

သြဂုတ် ၂၂ရက်

နှာခေါင်းစည်းများဈေးအဆမတန်မြင့်တက်သွားသည့်အတွက် ဈေးကွက်အတွင်းစစ်ဆေးမှုများပြုလုပ်နေကာ ဈေးကစားနေသူများအား အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲထွဋ်နိုင်က "ဒီနေ့မနက်ပဲ လက်ကားရောင်းတဲ့ မင်္ဂလာဈေးကို ကျွန်တော်တို့ ဆင်းစစ်ခဲ့တယ်။ ဆင်းစစ်ခဲ့တော့ သူတို့ရောင်းတာ တစ်ဗူးကို အကြမ်း ဖျင်းအားဖြင့် ၂၀၀၀နဲ့ အမြင့်ဆုံးက ၂၇၀၀ ရောင်းတာတွေ့ရတာပေါ့နော်။ အခုမြေပြင်မှာက တချို့နေရာတွေကို ၆၀၀၀လောက်အထိရောင်းတယ်ပေါ့နော်။ ၆၀၀၀လောက်ရောင်းတဲ့ လက်လီရောင်းတဲ့ နေရာတွေ ကိုတော့ ဆက်ပြီးတော့ စီစဉ်နေတယ်။ တကယ်လို့ အစမတန်တင်ပြီးရောင်းတာတွေ့ရင်တော့ အရေးယူမှာပါ" ဟု‌ပြောသည်။

လတ်တလောတွင်လက်ကားဈေးများအားလိုက်လံစစ်ဆေးနေပြီးလက်လီရောင်းချမှုများအားဆက်လက်စစ်ဆေးသွားကာ ဈေးအဆမတန်ရောင်းချနေမှုများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅) အရအရေးယူသွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ရက်ကစတင်ကာ COVID-19 ပြည်တွင်းကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေခြင်းကြောင့် ဈေးကွက်အတွင်း နှာခေါင်းစည်းဝယ်လိုအား မြင့်တက်လာသည်ကို တွေ့ရသည်။

လက်လီအရောင်းဆိုင်တစ်ဆိုင်သည် သြဂုတ် ၂၁ရက်နေ့အထိ နှာခေါင်းစည်း အခု၅၀ပါတစ်ဗူးအား ၂၇၀၀ကျပ်ဖြင့် ရောင်းချပေးနေသော်လည်း ဒီကနေ့ သြဂုတ် ၂၂ရက်တွင် နှာခေါင်းစည်း အခု၅၀ပါတစ်ဗူးလျှင် ၅၅၀၀ကျပ် ဈေးနှုန်းမြင့်တက်သွားသည်။

"အဲ့ဒါကတော့ ဒိုင်တွေ ကျွန်တော်တို့ဝယ်ကတည်းက ဈေးတက်တာပါ။ ဒိုင်တွေက ဝယ်တဲ့ဈေးက ဈေးတက်လာတဲ့အတွက် ကျွန်တော်တို့လည်း ဈေးတက်ပြီးတော့ ရောင်းရတာပါ" ဟု လက်လီအရောင်းဆိုင်တစ်ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ကလည်း သြဂုတ် ၂၁ရက်နေ့က ရန်ကုန်မြို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဈေးကွက်အတွင်း နှာခေါင်းစည်း  (Mask)များ ဈေးနှုန်းမြင့်တင် ရောင်းချခြင်းများ တွေ့ရှိနေရသည့်အတွက် အရေးကြီးကုန်စည်များအား တင်သွင်း၊ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အများပြည်သူကျန်းမာရေးကိုရှေးရှု၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း အသိပေးကြေညာခဲ့သည်။

"ဒီအခြေအနေမှာတော့ ဒါက ကျွန်တော်တို့နိုင်ငံအတွက် ကျန်းမာရေးအရ လူတွေအားလုံးအတွက် လိုအပ်ချက်ဖြစ်နေတယ်။ တကယ်တမ်းဆိုရင် ပုံမှန်ဈေးနဲ့ ရောင်းနေတာကိုပဲ အကျိုးအမြတ်တစ်ခုက ရထားပြီးသားဖြစ်တယ် လေ။ ဒီလိုရထားပြီးသားဟာတစ်ခုကို သူများတွေ အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဈေးတင်ပြီးရောင်းချတယ်ဆိုတဲ့ ဟာမျိုးက မလုပ်သင့်တဲ့ အလုပ်တစ်ခုပေါ့နော်" ဟု ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းက ပြောသည်။

ပုံမှန်ဈေးကွက်တွင် နှာခေါင်းစည်း အခု၅၀ပါတစ်ဗူးလျှင် ၁၈၀၀၊ ၂၀၀၀ကျပ်အတွင်းသာရောင်းချပေမယ့်  သြဂုတ် ၂၀ရက်နေ့ခန့်ကစတင်ကာ ဝယ်လိုအားများ ပြန်လည်များပြားလာခဲ့ပြီးနောက် လက်ရှိအချိန်တွင် ၃၅၀၀မှ ၈၀၀၀ကျော်အထိ ရောင်းချနေကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ် မတ်လ(၃၀)ရက်နေ့က နှာခေါင်းစည်းများအပါအဝင် ကိုဗစ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအာ ဈေးတင်မရောင်းရန်၊ ဈေးမကစားရန် ထုတ်ပြန်ခဲ့ပြီး စစ်ဆေးတွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရအရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly