စစ်တွေတွင် ယနေ့နံနက်ပိုင်း ပိုးတွေ့လူနာ ၁၆ ဦးထပ်တွေ့

သြဂုတ် ၊၂၂

ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၂၂ ရက် နံနက်ပိုင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် စစ်တွေမြို့မှ အတည်ပြုလူနာအသစ် ၁၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို၁၆ဦးသည် ခရီးသွားရာဇဝင်မရှိသော်လည်း COVID-19  အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သည့်သူများဖြစ်ပြီး အသွားအလာကန့်သတ်ထားရှိသူများဖြစ်သည်။

ယနေ့သြဂုတ် ၂၂ ရက် နံနက်ပိုင်းက တွေ့ရှိသည့် လူနာ ၁၆ ဦးတွင် အထူးကုဆရာဝန်ကြီးဖြစ်သော လူနာအမှတ် (၃၉၅)နှင့်ထိတွေ့ခဲ့သူ ၃ ဦးရှိပြီး ထိုသူတို့မှာ လူနာအမှတ်(၄၂၀)၊ (၄၂၁) နှင့် (၄၃၁) တို့ဖြစ်ကာ လူနာအမှတ်(၄၂၂)၊ (၄၂၃)၊ (၄၂၄)၊ (၄၂၅)၊ (၄၂၆)၊ (၄၂၇) တို့သည် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းဖြစ်သည့် လူနာအမှတ် (၃၉၆)နှင့် ထိတွေ့ခဲ့သူများဖြစ်သည်။

ထို့အပြင် စစ်တွေမြို့အခြေစိုက် INGO ဝန်ထမ်းဖြစ်သည့် လူနာအမှတ် (၃၇၇) နှင့် ထိတွေ့ခဲ့သူ ၂ ဦးပါဝင်ပြီး  ထိုသူတို့သည် လူနာအမှတ် (၄၂၈)နှင့် (၄၂၉) တို့ဖြစ်သည်။

ကျန်လူနာများဖြစ်သည့်လူနာအမှတ် (၄၃၀)၊ (၄၃၂)၊ (၄၃၃)၊ (၄၃၄)၊ (၄၃၅)တို့သည် ပိုးတွေ့ရှိသူ CB Bank ဝန်ထမ်း အမျိုးသမီးနှင့်အလုပ်အတူတူ လုပ်ကိုင်သည့် ဘဏ်ဝန်ထမ်းနှစ်ဦး၏ မိခင်မျာများဖြစ်သော လူနာအမှတ် (၃၇၈)နှင့် (၃၇၉) တို့ဖြင့် ထိတွေ့ခဲ့သူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်နေ့မှစကာ ယနေ့ သြဂုတ် ၂၂ ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၄၅ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၂၂ ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာ ၄၃၅ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၃၃၇ ဦးရှိသည့်အနက် ဆေးရုံမှ ဆင်းခွင့်ရကာ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုထားရှိသူ ၃၃၁ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly