စစ်တွေမြို့တွင် ဘယ်ကကူးစက်မှန်းမသိသည့် COVID-19လူနာ ၄ ဦးရှိလာ

စစ်တွေမြို့တွင် ဘယ်ကကူးစက်မှန်းမသိသည့် COVID-19လူနာ ၄ ဦးရှိလာ

သြဂုတ် ၁၉ရက်  

COVID-19 ဒုတိယလှိုင်းလာနိုင်သည့်အတွက်သတိပြုနေထိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကနှိုးဆော်နေချိန်တွင် ရခိုင်ပြည်နယ်စစ်တွေမြို့မှာ ဘယ်ကကူးစက်ခံရမှန်းမသိသည့် ကိုဗစ်-၁၉ လူနာ လေးဦးကူးစက်ခံခဲ့ရသည်။

စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာဇော်လွင်က "ကိုဗစ်လူနာအားလုံးရဲ့ ၆၀ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာမပြဘဲနဲ့လည်း ရှိနိုင်တယ်။ ဆိုတော့ Silent carries(အသံတိတ်ရောဂါပိုးသယ်ဆောင်သူ)ပေါ့။ ဒီပြည်သူတွေကြားထဲမှာ ရောဂါလက္ခဏာမပြဘဲနဲ့ ရောဂါပိုးကိုသယ်ပြီးတော့ Silent carries(အသံတိတ်ရောဂါပိုးသယ်ဆောင်သူ)တွေ ရှိနေနိုင်တယ်" ဟု ပြောသည်။

ပြည်သူများထဲတွင် COVID-19 ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူများ ရှိနေသည့်အတွက် ယခုကဲ့သို့ ပြည်တွင်း ကူးစက်ခံရမှုများ ဖြစ်လာကြောင်း ဒေါက်တာဇော်လွင်ကသုံးသပ်သည်။

ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် ထပ်မံတွေ့ရှိသည့် လူနာ သုံးဦးထဲတွင် လူနာအမှတ် ၃၇၇သည် အသက်၂၃နှစ်အရွယ်ဖြစ်ပြီး စစ်တွေမြို့ရှိ အစိုးရနှင့်မသက်ဆိုင်သော အဖွဲ့အစည်း(NGO) မှ ဝန်ထမ်းတစ်ဦးဖြစ်ကာ ကျန်အတည်ပြုလူနာ ၂ဦးဖြစ်သည့် လူနာအမှတ် ၃၇၈နှင့် ၃၇၉သည် CB ဘဏ်ဝန်ထမ်းများ၏ မိခင်များဖြစ်ကြောင်း သိရသည်။  

NGO ဝန်ထမ်းများ ဖြစ်သောလူနာအမှတ် ၃၇၇သည် မနေ့ သြဂုတ် ၁၈ရက်နေ့က ဆေးရုံလာပြစဉ်ဖျားခြင်း၊အနံ့ပျောက်ခြင်းများဖြစ်နေတာကြောင့်သံသယလူနာအဖြစ်စစ်တွေဆေးရုံပို့ကာစစ်ဆေးရာမှCOVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။သူသည်ပြည်ပခရီးသွားရာဇဝင်လည်းမရှိသလို ရောဂါရှိသူနှင့် ထိတွေ့ခြင်းလည်းမရှိပေ။

 “နောက်နှစ်ယောက်ကျတော့ CB ဘဏ်ဝန်ထမ်းတွေရဲ့ အမေတွေပေါ့နော်။ သူတို့နှစ်ယောက်ကျတော့ Home Quarantine ထားထားတာပေါ့။ ၃၇၅နဲ့ contect ရှိတဲ့ တခြားဝန်ထမ်းတွေရဲ့ အမေတွေ။ ဘဏ်ဝန်ထမ်းတွေ ကတော့ မနေ့ကစစ်တာတော့ လက်ရှိမှာတော့ ပိုးမတွေ့တဲ့ သဘောပေါ့"ဟု စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာဇော်လွင်က ဆိုသည်။  

COVID-19ရောဂါပိုးသည် လူ့အသုံးအဆောင်ပစ္စည်းများတွင်လည်း ရှိနေနိုင်ပြီး ပြည်သူများထဲတွင် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူများ ရှိနေနိုင်သည့်အတွက် လူစုလူဝေးမလုပ်ကြရန် ရခိုင်ပြည်နယ် ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

COVID-19 ရောဂါကို ပြည်တွင်းကူးစက်မှု မတွေ့သည်မှာတစ်လနီးပါးကြာပြီးနောက် သြဂုတ် ၁၆ ရက်နေ့တွင် ရောဂါပိုးထိတွေ့သူရော ပြည်ပခရီးသွားရာဇဝင်ပါ မရှိဘဲ စစ်တွေမြို့က ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် ပထမဆုံး ပြန်လည်တွေ့ရှိခဲ့ပြီးနောက် နှစ်ရက်အကြာမှာ ပြည်တွင်း ကူးစက်ခံရသူ သုံးဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။  

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြည်သူများနှင့် COVID-19ကို ကာကွယ်ထိန်းချုပ်နေသူများအားလုံး COVID-19ကူးစက်မှု ဒုတိယလှိုင်းလာနိုင်သည်ဟူသော ခံယူချက်ဖြင့် နေထိုင်သွားလာမှုမှစ၍ သတိနှင့်နေကြ ရန်၊ ဒုတိယလှိုင်းသည် ကြီးအားနိုင်ပြီး တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုကို ရိုက်ခတ်နိုင်ကြောင်း သြဂုတ် ၁၅ရက်နေ့ ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19အတည်ပြုလူနာ စုစုပေါင်း ၃၇၉ဦးရှိပြီး သေဆုံးသူ ခြောက်ဦးနှင့် ရောဂါပိုးကင်းစင်သူ ၃၃၁ဦးရှိသည့်အနက် ၃၂၈ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာများတွင် အသွား  အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly