စစ်တွေနှင့်မြောက်ဦး ကိုဗစ်-၁၉ လူနာ ၁၉ ဦးတွင် ကျန်းမာရေးဝန်ထမ်း ၂ ဦးပါဝင်နေ

စစ်တွေနှင့်မြောက်ဦး ကိုဗစ်-၁၉ လူနာ ၁၉ ဦးတွင် ကျန်းမာရေးဝန်ထမ်း ၂ ဦးပါဝင်နေ
Photo - EPA

သြဂုတ် ၂၁ရက်

ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၆ရက်နေ့မှ စတင်ကာ ဒေသတွင်းကူးစက်မှုပြန်လည်ဖြစ်ပွားခဲ့ရာ   ယနေ့သြဂုတ်လ ၂၁ရက် နံနက်ပိုင်း အထိ ကူးစက်ခံထားရသူ ၁၉ ဦးရှိရာတွင် ကျန်းမာရေးဝန်ထမ်း နှစ်ဦးလည်း ပါဝင်နေသည်။

ကူးစက်ခံထားရသူများတွင် စစ်တွေမြို့နေ ၁၈ ဦးနှင့် မြောက်ဦးမှ လူနာတစ်ဦး ပါဝင်သည်။ ဗိုင်းရပ်စ်ကူးစက်ခံ ကျန်းမာရေးဝန်ထမ်းနှစ်ဦးက စစ်တွေမှဖြစ်ပြီး  လူနာအမှတ်(၃၉၅) နှင့် (၃၉၈)တို့ဖြစ်သည်။

လူနာအမှတ်(၃၉၅ )အမျိုးသားသည် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျနေသည့် နား၊နှာခေါင်း၊လည် ချောင်း အထူးကုဆရာဝန်ကြီး ဖြစ်ပြီး လူနာအမှတ် (၃၉၈)သည် သူနာပြုဆရာမ ဖြစ်သည်။

အထူးကုဆရာဝန်သည် CB Bank ဝန်ထမ်း လူနာအမှတ် (၃၇၅)ထံမှ ကူးစက်ခဲ့ခြင်းဖြစ်ပြီး  သူနာပြုဆရာမသည် အထူးကုဆရာဝန်နှင့် ထိတွေ့ခဲ့သည့်အတွက် အသွားအလာကန့်သတ်ထားရှိသူဖြစ်ကြောင်း သြဂုတ် ၂၀ရက် ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြောက်ဦးမြို့မှ အတည်ပြုလူနာအမှတ်(၄၀၈)သည် NGO ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။  

ယနေ့သြဂုတ်လ ၂၁ရက် နံနက်ပိုင်းက တွေ့ရှိသည့် စစ်တွေမြို့မှအတည်ပြုလူနာအသစ် ကိုးဦးသည် ရောဂါအတည်ပြုလူနာ အမှတ် (၃၇၅) အလုပ်လုပ်ကိုင်ရာ CB bank စစ်တွေဘဏ်ခွဲမှ ဝန်ထမ်းများ၏ မိသားစုများဖြစ်ကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာဇော်လွင်က ပြောသည်။

"ဒီနေ့ ၁ဝယောက်တွေ့တဲ့ထဲက တစ်ယောက်က မြောက်ဦးက၊ စစ်တွေက ကိုးယောက်ပေါ့နော်။ အဲ့ဒီ ကိုးယောက်သည် ဘယ်ကလာလဲဆိုတော့ ပထမ (၃၇၅) က Secondary contact ခေါ်တယ်။ (၃၇၅)  သည် ဘဏ်ဝန်ထမ်းဖြစ်တယ်။ အခုလက်ရှိ ကိုးယောက်သည် အဲ့ဒီဝန်ထမ်းတွေရဲ့ မိသားစုဖြစ်တယ်" ဟု ဆေးရုံအုပ် ဒေါက်တာဇော်လွင်က ပြောသည်။  

ရခိုင်ပြည်နယ်မှ စတင်ကာ ပြည်တွင်းကူးစက်လူနာများဆက်တိုက်တွေ့ရသည့်အတွက် လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ကျောင်းများအားလုံး ယာယီပိတ်ထားရန်ညွှန်ကြားထားပြီး သြဂုတ် ၂၀ရက်စတင်ကာ စစ်တွေမြို့က နေရာအချို့ကို lock down ပြုလုပ်ခဲ့သည့်အပြင် လေကြောင်းလိုင်းများအားလည်း ရပ်နားထားကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနကလည်း စစ်တွေမြို့ရှိ ပြည်သူများအား နေအိမ်တွင် နေထိုင်ရေး (stay home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီး စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာကလည်း စစ်တွေမြို့ရှိ ပြည်သူများအနေဖြင့် ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား သြဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီး ထိုအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ နှစ်လအတည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၂၁ ရက် နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ ၄၀၉ ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၃၃၃ ဦးရှိသည့်အနက် ၃၃၁ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာများတွင် အသွားအလာ ဆက် လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 COVID-19 ရောဂါများ ပြည်တွင်းကူးစက်မှုမရှိခဲ့သည့် တစ်လနီးပါအကြာတွင် တကျော့ပြန်ဖြစ်ပွားလာခြင်းဖြစ်သည်။

 ယခင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် D614 မျိုးဗီဇဖြစ်ပြီး လက်ရှိတွေ့ရှိနေရ သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသည် G614 သို့ မျိုးဗီဇပြောင်းလဲလာခြင်းဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာနထံမှ သိရသည်။

D614 မှ G614 သို့မျိုးဗီဇပြောင်းသွားမည်ဆိုပါက ရောဂါကူးစက်စေနိုင်မှုမှာ ဆယ်ဆအထိ ပိုများပြားစေကာ G614 အမျိုးအစားအဖြစ် ပြောင်းလဲလာမည်ဆိုပါက ကိုဗစ်ဒုတိယလှိုင်း ဖြစ်နိုင်ချေပိုများစေကြောင်းနှင့် ၎င်းကိုရိုနာဗိုင်းရပ်စ်ပိုး G614 မျိုးဗီဇသည် မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာနထံမှ သိရ သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး G614 မျိုးဗီဇကို ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့သည့် လူနာများနှင့် ပြည်တော်ပြန်ထဲမှ ပိုးတွေ့သည့် လူနာများ၏ ဓာတ်ခွဲနမူနာများအား စိစစ်ပြီး SARS-CoV-2 ၏ မျိုးရိုးဗီဇတခုလုံးကို အဆင့်မြင့် မျိုးဗီဇစစ်ဆေးစက်ဖြင့် လေ့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဗီဇစစ်ဆေးမှုတွင် ဓာတ်ခွဲနမူနာ ၁၀ ခုအနက် ခြောက်ခုတွင် G614 မျိုးဗီဇကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သို့ပေမယ့်လည်း WHO ကတော့ D614G အပြောင်းသည့် ပိုဆိုးဆိုးဝါးဝါးဒုက္ခများစေသည့် အထောက်အထားမတွေ့ရသေးကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly