စစ်တွေမြို့ရှိ CB Bank ဘဏ်ခွဲကို ၂ ရက်ပိတ်ထားမည်

သြဂုတ် ၁၇ရက်

အတည်ပြုလူနာအမှတ် (၃၇၅) တာဝန်ထမ်းဆောင်သည့် CB Bank စစ်တွေဘဏ်ခွဲအား ၁၇ရက်နှင့် ၁၈ရက်နေ့ စုစုပေါင်း ( ၂ ) ရက်ကို ယာယီပိတ်ထားမည်ဖြစ်ပြီး ၁၉ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း CB Bank က ထုတ်ပြန်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သြဂုတ် ၁၆ရက် ညပိုင်းထုတ်ပြန်ချက်အရ COVID-19ရောဂါပိုး တွေ့ရှိသည့် အတည်ပြုလူနာအမှတ်စဉ် (၃၇၅) သည် CB Bank စစ်တွေဘဏ်ခွဲမှ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် စစ်တွေဘဏ်ခွဲရှိ ဘဏ်ဝန်ထမ်းများအားလုံးကို ရောဂါပိုး ရှိ/မရှိအား သြဂုတ် ၁၇ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

လူနာအမှတ် (၃၇၅)သည် ၃၁ရက်နေ့က CB ဘဏ်ဝန်ထမ်း ခြောက်ယောက် ၊ ဆေးကုမ္ပဏီဝန်ထမ်း နှစ်ယောက်နှင့်အတူ စစ်တွေမြို့မှ ကျောက်ဖြူမြို့သို့  Air KBZလေကြောင်းလိုင်းဖြင့်ခရီးသွားခဲ့သည်။

ကျောက်ဖြူမြို့တွင် မြနန်းတော်ဟိုတယ်၌တည်းပြီး ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့  MNAလေကြောင်းလိုင်း ဖြင့်ပြန်လာကာ  သြဂုတ်လ ၃ရက်နေ့တွင် ပုဏ္ဏားကျွန်းသို့ ခရီးဆက်ခဲ့ကြောင်းသိရသည်။

Photo Creadit - CB Bank

သြဂုတ် ၁၂ရက်နေ့တွင် COVID-19 ရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့မရခြင်းစသည့် လက္ခဏာများပြလာသည့်အတွက်  ၁၄ရက်နေ့တွင် စစ်တွေ ပြည်သူ့ဆေးရုံသို့ တက် ရောက်ခဲ့ပြီး ၁၅ရက်နေ့တွင် အာခေါင်တို့ဖတ်အားယူကာ ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနသို့ ပို့ဆောင်ခဲ့ရာမှ ၁၆ရက်နေ့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းနှင့် အနီးကပ်ထိတွေ့ခဲ့သူ ၁၅ဦးခန့်ရှိပြီး ထိုသူတို့အား တိုင်းရင်းဆေးရုံနှင့် အ.ထ.က(၄)ကျောင်းတို့တွင် ကွာရန်တင်းထားရှိပြီး တို့ဖတ်နမူနာများ ယူရန်လုပ်ဆောင်နေကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာဇော်လွင်ထံမှ သိရသည်။            

လူနာအမှတ် (၃၇၅)သည် စစ်တွေမြို့ ဓညဝတီ (ခ)ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ မိခင်သည် ဆေးရုံသို့အတူလိုက်ပါသောကြောင့် သံသယလူနာအဖြစ်ထားရှိပြီး အိမ်ဌားမိသားစုထဲမှ (၃)နှစ်သားကလေးသည် သြဂုတ် ၁၃ရက်နေ့ကစပြီး ဖျားနေသောကြောင့် သံသယလူနာအဖြစ် ဆေးရုံတွင် ထားရှိထားကြောင်း သိရသည်။  

ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းတွင် COVID-19 ရောဂါပိုးကူးစက်သူတွေ့ရှိခဲ့သည်မှာ ဇူလိုင် ၁၇ရက်နေ့က နောက်ဆုံးဖြစ်ပြီး တစ်လနီးပါးအကြာတွင် ယခုကဲ့သို့ ပြည်တွင်းကူးစက်ခံရသည့် လူနာသစ်တစ်ဦး ထပ်မံတွေ့ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၁၆ရက် ညပိုင်းအထိ COVID-19 အတည်ပြုလူနာ ၃၇၅ဦး၊ သေဆုံးသူ ခြောက်ဦးနှင့် ရောဂါပိုးကင်းစင်၍ ပြန်လည်ကောင်းမွန်လာသူ ၃၂၉ဦးရှိပြီး ၎င်းတို့အနက် ၃၂၁ဦးသည် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာ များတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly