ရခိုင်ပြည်နယ်တွင် တစ်ပတ်အတွင်း COVID-19 ကူးစက်ခံရသူ ၈၂ဦးရှိ

သြဂုတ် ၂၅ရက်

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၁၆ရက်မှစတင်ကာ တစ်ပတ်အတွင်း မြို့နယ် ၄ ခုတွင် COVID-19  ကူးစက်ခံထားရသူ ၈၂ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က''စစ်တွေက ပြည်သူတွေနဲ့ တခြားကူးစက်မယ်လို့ ခန့်မှန်းရတဲ့ မြို့နယ်တွေက ပြည်သူတွေကို ကျန်းမာရေးစစ်ဆေးမှုပေးမယ်။ ကုသမှုလည်းပေးပါမယ်။ လိုအပ် သလို အားလုံးဆောင်ရွက်ပေးပါမယ်။ အထူးအစီအစဉ်တွေလည်း ချမှတ်ပြီး ပါပြီ''ဟု ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ရခိုင်ပြည်နယ်ရှိ အတည်ပြုလူနာ ၈၂ဦးသည် စစ်တွေမြို့မှ ၇၃ဦး၊ မြောက်ဦးမြို့မှ ၃ဦး၊ သံတွဲမြို့မှ ၂ဦးနှင့် ဘူးသီးတောင်မြို့မှ ၄ဦးတို့ဖြစ်သည်။

စစ်တွေမြို့က တွေ့ရှိသူ ၇၃ ဦးထဲတွင် သြဂုတ် ၂၄ရက်ညပိုင်းက ထပ်မံတွေ့ရှိသည့် အတည်ပြုလူနာများထဲမှကမာရွတ်မြို့နယ်လိပ်စာဖြင့် ထည့်သွင်းထားသော အသက် ၂၃ နှစ်အရွယ် လူနာအမှတ် ၄၆၄ ပါဝင်သည်။သူသည် သြဂုတ်၂၀ရက်နေ့က စစ်တွေမြို့မှ လေယာဉ်ဖြင့် ပြန်လာပြီး လှိုင်မြို့နယ် ကွာရန်တင်းစင်တာတွင်အသွားအလာကန့်သတ်ခံထားရသူလည်းဖြစ်သည်။

ဘူးသီးတောင်မြို့နယ်မှပိုးတွေ့လူနာ ၄ ဦးသည်  သြဂုတ် ၂၄ ရက်နေ့ ညအတည်ပြုလူနာစာရင်းထုတ်ပြန်ရာတွင် ပါဝင်လာသော COVID-19ကူးစက်ခံရသောမြို့နယ်အသစ်လည်းဖြစ်သည်။ဒီလူနာ ၄ဦးအနက် ၃ဦးသည် ပြည်ပခရီးသွားရာဇဝင်မရှိသကဲ့သို့ ရောဂါပိုးရှိသူနှင့် ထိတွေ့မှုမရှိသော်လည်း စစ်တွေမြို့သို့သွားထားသည့် ခရီးသွားရာဇဝင်ရှိ၍ အသွားအလာကန့်သတ်ထားသူများဖြစ်သည်။ လူနာအမှတ်(၄၇၀)သည် လူနာအမှတ် (၄၁၃)နှင့် ထိတွေ့မှုရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစောမင်းသိန်းက"(၄၆၇)ကကျတော့ သူက စစ်တွေမှာ အော်ပရေးရှင်းလုပ်ထားတယ် ပေါင်အရိုးကျိုးလို့။ (၄၆၈)က ကျတော့ စစ်တွေမှာကျောင်းတက်နေတာ။ ဘော်ဒါဆောင်မှာကျောင်းတက်နေတာ တက္ကသိုလ်ဝင်တန်းကျောင်းသူ။ (၄၆၉)ကတော့ စစ်တွေကို ၂ရက်ပဲသွားထားတာ အသွားအပြန်ပဲသွားထားတာ။ စစ်တွေမှာ ဟိုဟို ဒီဒီလျှောက်သွားထားတာတော့မရှိဘူး။ ဘူးသီတောင်ကို ၂၁ရက်နေ့က အကုန်ရွှေပြည်တန်နဲ့ရောက်လာတာ"ဟု ပြောသည်။

လူနာအမှတ်(၄၆၇)နှင့် အတူနေမိသားစုများအား ဓာတ်ခွဲနမူနာစစ်ဆေးထားပြီးဖြစ်ကာ ၎င်းတို့သည် Negative(ရောဂါပိုးမတွေ့ရှိ)ဖြစ်ကြောင်း၊ လူနာအမှတ်(၄၆၈)နှင့် (၄၆၇)တို့ဖြင့် ထိတွေ့ခဲ့သူများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်နေ့ကစတင်ကာ ဘဏ်ဝန်ထမ်းအမျိုးသမီးထံတွင် ခရီးသွားရာဇဝင်မရှိ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့မှုမရှိဘဲ ကူးစက်ခံရခြင်းဖြစ်ကာ ပြည်နယ်အတွင်း ဒေသသတွင်းကူးစက်မှု ပြန်လည်ဖြစ်ပွား ခဲ့သည်။    ရခိုင်ပြည်နယ်တွင် ကူးစက်ခံထားရသူ ၈၂ဦးတွင် ကျန်းမာရေးဝန်ထမ်း ၁၀ဦးပါဝင်သလို စစ်ရှောင်စခန်း၅ခုသို့ သွားရောက်ခဲ့သူ၃ဦးပါဝင်သည်။

 စစ်တွေမြို့တွင် ပြန့်ပွားနေသည့် COVID-19 ရောဂါပိုးမှာ ဈေးမှ စတင်ပြန့်ပွားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၂၄ရက်နေ့က ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

" ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ တွေ့ရှိချက်အရဆိုရင် စစ်တွေမြို့မှာ ရောဂါပိုးပြန့်ပွားတဲ့ အဓိကနေရာဟာ ဈေးကလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရောဂါစွဲကပ်နေပြီလို့ တွေ့ရှိရတဲ့ ပြည်သူတွေရဲ့ အသိုင်းအဝိုင်း၊ အနေအထားကို ကြည့်လိုက်တဲ့အခါမှာ ဒီဈေးကနေ ရောဂါကူးစက်မှုဟာ အများဆုံးလို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဈေးသွားတဲ့ ကျွန်မတို့ ပြည်သူပြည်သားများ သတိထားကြပါ" ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

မြန်မာနိုင်ငံတွင် သြဂုတ် ၂၄ရက် ညပိုင်းအထိ အတည်ပြုလူနာ ၄၇၄ဦးရှိပြီး ရောဂါပိုးကင်းစင်သူ ၃၄၂ဦးရှိသည့်အနက် ၃၃၅ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုကာ သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့် ရှုလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly