အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၇) (ဆောင်းပါး)

By စိုးမိုးနိုင်
31 March 2022
အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၇) (ဆောင်းပါး)
Photo - AFP

“ဝိုင်းပတ်ချေမှုန်းသုတ်သင်နည်း” 

အကြမ်းဖက်စစ်အုပ်စုက ပြောက်ကျားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ အတွက် တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာ(၇)ခုကို အသုံး ပြုဖို့ ခင်းကျင်းပြင်ဆင်ထားတာ တွေ့ရှိရပါတယ်။ 

အဲဒါတွေကတော့ ဝိုင်းပတ်ချေမှုန်းသုတ်သင်နည်း၊ ပိုက်ကွန်နဲ့လှံတံ နည်း၊ ကြွက်ထောင်ချောက်နည်း၊ ချုံခိုတိုက်ခိုက်နည်း၊ အလစ်အငိုက်ဖမ်း တိုက်ခိုက်နည်း၊ အထူးတပ်ဖွဲ့တွေအသုံးပြုပြီး ချေမှုန်းသုတ်သင်နည်း နဲ့ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်တဲ့ အပြီးသတ်စစ်ဆင်မှုတွေ ဖြစ်ပါတယ်။  

ဝိုင်းပတ်ချေမှုန်းသုတ်သင်နည်း ကတော့ ပြောက်ကျားတွေရဲ့ အခြေ စိုက်စခန်းတွေကို အတိအကျ စုံစမ်းထောက်လှမ်းပြီး အဲဒီဒေသတွေကို တပ်အင်အားအလုံးအရင်းနဲ့ ခံစစ်ကြောင်းအဆင့်ဆင့်ပြုလုပ်ကာ ဝိုင်းဝန်း ပိတ်ဆို့ချေမှုန်းတဲ့နည်းလမ်း ဖြစ်ပါတယ်။ 

အဲဒီစစ်နည်းဗျူဟာကို အသုံးပြုမယ်ဆိုရင် ပြောက်ကျားတပ်တွေကို ထွက်ပေါက်မရှိအောင် တပ်အင်အားအများအပြားကိုအသုံးပြုပြီး ပိတ်ဆို့ရ မှာဖြစ်လို့ ပြောက်ကျားတွေရဲ့သတင်းကို အတိအကျရရှိဖို့ အလွန်အရေး ကြီးတယ်လို့ ဆိုပါတယ်။ ပြောက်ကျားတွေရဲ့ လူအင်အား၊ လက်နက် အင်အား၊ ရှေ့ကာစခန်း/အဓိကစခန်း၊ ပထဝီအနေအထား၊ ဝင်လမ်း/ ထွက်လမ်း၊ ရာသီဥတုအခြေအနေ၊ စတာတွေကို အသေအချာ စုံစမ်း ထောက်လှမ်းပြီးမှ ဒီစစ်နည်းဗျူဟာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

တပ်အင်အားအလုံးအရင်းနဲ့ ဝိုင်းဝန်းပိတ်ဆို့ရမဲ့နေရာဟာ ပြောက် ကျားတွေတကယ်ရှိတဲ့ အဓိကနေရာဖြစ်ဖို့လိုအပ်ပြီး ပြောက်ကျားတွေ ခိုအောင်းမယ်လို့ ယူဆရတဲ့နေရာတွေနဲ့ ပြောက်ကျားတွေ ယာယီနေထိုင် စခန်းချတတ်တဲ့နေရာတွေကို ချန်လှပ်ထားရမယ်လို့ ဆိုပါတယ်။ 

ပြောက်ကျားတပ်ဖွဲ့တွေရဲ့ နေရာတစ်ခုလုံးကို ဝိုင်းဝန်းပိတ်ဆို့နိုင်လောက် တဲ့ တပ်အင်အားမရှိခဲ့ရင် အရေးကြီးဆုံးလို့သတ်မှတ်ထားတဲ့ အချက်အချာ နေရာကို စတင်ပြီးဝိုင်းရမယ်လို့ ဆိုပါတယ်။ 

ပြောက်ကျားတပ်တွေကို ဝိုင်းဝန်းပိတ်ဆို့ရာမှာ ခံစစ်ကြောင်းတွေ အထပ်ထပ်တည်ဆောက်ရတဲ့အတွက် တပ်အင်အားများများကို အသုံးပြု ရတာဖြစ်ပါတယ်။ ပြောက်ကျားတွေက ရှေ့ကာတပ်တွေနဲ့ လက်နက်ကြီး တွေကိုသုံးစွဲပြီး ခုခံတိုက်ခိုက်တဲ့အခါ တန်ပြန်ပြောက်ကျားတပ်ဖွဲ့တွေ ကလည်း အဓိကတပ်တွေနဲ့ လျှင်မြန်စွာစစ်ကစားနိုင်တဲ့ အထူးတိုက်ခိုက် ရေးတပ်တွေကို သုံးစွဲရမယ်လို့ ဆိုပါတယ်။ 

ပြောက်ကျားတွေကို ဝိုင်းတဲ့အခါ လှည့်စားနိုင်ဖို့အတွက် ရန်သူနဲ့ဝေးတဲ့ နေရာမှာ တပ်တွေကိုစုရုံးပြီး ကြိုတင်လေ့လာထားတဲ့ ချဥ်းကပ်လမ်း ကြောင်းတွေကနေ ချီတက်ကြဖို့နဲ့ လမ်းမှာကြုံတွေ့နိုင်တဲ့ ပြောက်ကျား တပ်ဖွဲ့ငယ်တွေရဲ့ ခုခံတိုက်ခိုက်မှုအနည်းငယ်ကို ဖြစ်တဲ့နည်းနဲ့ အမြန်ဆုံး ဖြတ်ကျော်ကာ ဝိုင်းဝန်းရမဲ့နေရာကို တပ်ဖွဲ့တွေအားလုံး တစ်ချိန်တည်း ရောက်ရှိနိုင်အောင် ချီတက်ကြရမယ်လို့ ဆိုပါတယ်။ 

         ဝိုင်းဝန်းမယ့်နေရာဟာ အလွယ်တကူ အကာအကွယ်ယူနိုင်တဲ့နေရာ ဖြစ်ဖို့လိုအပ်ပြီး အဲဒီနေရာဟာ တောင်ပေါ်ဒေသဖြစ်နေရင် မြေပြင်ကနေ နေရာယူ ဝိုင်းဝန်းသင့်တယ်လို့ ဆိုပါတယ်။ 

         မြေပြန့်လွင်ပြင် ဖြစ်ခဲ့ရင်တော့ တပ်တွေလက်ချင်းချိတ်ပြီး ဝိုင်းဝန်း ထားဖို့မလိုတော့ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်နေရာနဲ့တစ်နေရာ၊ အထောက်အကူပြု ပစ်ခတ်နိုင်တဲ့နေရာတွေကို ရွေးချယ်ပြီး ‌နေရာယူကြရမယ်လို့ ဆိုပါတယ်။ 

         စတင်ချဉ်းကပ်တဲ့အချိန်ကနေပြီး ခံစစ် နေရာချပြင်ဆင်ပြီးတဲ့အချိန် အထိ အလွန်အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ခံစစ်ယူထားတဲ့နယ်မြေ အတွင်းမှာ လှည့်ကင်းတွေချထားပြီး တစ်ဦးချင်းထွက်ပြေးလာမဲ့ ပြောက် ကျားတွေကို ချေမှုန်းသုတ်သင်ဖို့ တာဝန်ပေးရမယ်လို့လည်း ဆိုထားပါ တယ်။ 

         ပြောက်ကျားတပ်တွေနဲ့ ထိတွေ့မှုမဖြစ်ခင် ရှေ့ပြေးကင်းနဲ့ ပစ်ခတ်မှု အစီအစဥ်တွေကို ပြုလုပ်ထားပြီး အရံတိုက်ခိုက်ရေးတပ်တွေကိုတော့ ဝိုင်းဝန်းထားတဲ့တပ်တွေရဲ့နောက်မှာ နေရာချထားရမယ်လို့ ဆိုပါတယ်။ 

         ပြောက်ကျားတပ်တွေနဲ့ ထိတွေ့မှုစဖြစ်တာနဲ့တစ်ပြိုင်နက် ရန်သူကို ကျည်အားနဲ့ စုပြုံပစ်ခတ်ချေမှုန်းပြီး လွတ်ထွက်လာတဲ့ ပြောက်ကျားတွေ ကို အရန်တပ်တွေက ကောက်သင်းကောက် ဆက်လက်ချေမှုန်းရမယ်လို့ ဆိုပြန်ပါတယ်။ 

         စစ်မြေပြင်ဟာ ပထဝီအနေအထားအရ တင့်ကားတွေနဲ့ သံချပ်ကာ ကယ်ရီယာတွေကို သုံးစွဲနိုင်တဲ့နေရာဖြစ်ခဲ့ရင် ယန္တရားတပ်ဖွဲ့တွေကို အချက်အချာကျတဲ့ လမ်းဆုံလမ်းခွတွေမှာ နေရာချထားပြီး ပစ်ကူစစ်ကူ ပေးနိုင်အောင် စီစဥ်ထားရမယ်လို့ ဆိုပါတယ်။ 

         အဲဒီလို တိုက်ခိုက်ရေးတပ်၊ အရံတပ်၊ လက်နက်ကြီးနဲ့ ယန္တရားတပ် တွေကို အဆင့်ဆင့် ဝိုင်းပတ်နေရာချ၊ ခံစစ်ကြောင်းကို အခိုင်အမာ တည် ဆောက်ထားပြီးမှ ပိတ်မိနေတဲ့ပြောက်ကျားတပ်တွေကို “တောချောက်ဖမ်း နည်း သို့မဟုတ် ပင့်ကူအိမ်ထောင်ချောက်နည်း၊ စာချောက်ဖမ်းနည်း၊ သပ်နှက်သွင်းနည်း၊ မုန်တိုင်းတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ချေမှုန်းနည်း" စတဲ့ စစ်နည်းဗျူဟာတွေကိုအသုံးပြုပြီး ဝင်ရောက်စီးနင်း ချေမှုန်းကြရမယ်လို့ ဆိုပါတယ်။ 

         “တောချောက်ဖမ်းနည်း သို့မဟုတ် ပင့်ကူအိမ်ထောင်ချောက်နည်း” ဆိုတာကတော့ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့တပ်‌တွေအားလုံး တဖြည်းဖြည်းနဲ့ အလယ်ကိုစုဝင်လာပြီး ပြောက်ကျားတွေကို သေနတ်တစ်ကမ်း အကွာကနေ စုပြုံပစ်ခတ် တိုက်ခိုက်ချေမှုန်းတဲ့နည်းလမ်း ဖြစ်ပါတယ်။ 

တပ်တွေအားလုံး တစ်ချိန်တည်းတစ်ပြိုင်တည်း အလယ်ကိုစုဝင်ဖို့ ဆိုတာ သေးငယ်ကျဥ်းမြောင်းတဲ့နေရာ‌‌တွေမှာသာ လုပ်နိုင်မှာဖြစ်ပြီး နေရာ ကျယ်ဝန်းတဲ့အခါ တစ်ချိန်တည်းလုပ်ဖို့မဖြစ်နိုင်ဘဲ ကြားကွက်လပ်တွေ ဖြစ် ပေါ်ကာ နယ်မြေကျွမ်းတဲ့ပြောက်ကျားတွေက တိတ်တဆိတ် လွတ်ထွက် သွားပြီး အလယ်ဗဟိုကိုချဥ်းကပ်လာတဲ့ တန်ပြန်ပြောက်ကျားတပ်တွေသာ အချင်းချင်း မှားယွင်းပစ်ခတ်မှုတွေ ဖြစ်ပေါ်တတ်ပါတယ်။  

“စာချောက်ဖမ်းနည်း”ကတော့ တစ်ဖက်မှာရှိတဲ့ တန်ပြန်ပြောက်ကျား တပ်တွေက ရှေ့ကိုတက်လာပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့တပ်တွေက ခံစစ်  နေရာက စောင့်ဆိုင်းနေကြဖို့ ဖြစ်ပါတယ်။ တစ်ဖက်တပ်တွေက ပြောက်ကျား တပ်တွေကို အသင့်ပြင်စောင့်ဆိုင်းနေတဲ့တပ်တွေရဲ့ ခံစစ်နေရာကို ရောက်ရှိ သွားအောင် တွန်းပို့ပေးတဲ့နည်း ဖြစ်ပါတယ်။ 

ပြောက်ကျားတပ်တွေရဲ့ထွက်လမ်းကို ကြိုတင်သိရှိထားရမယ့်အပြင် ခံစစ်ယူထားတဲ့နေရာဟာလည်း မြစ်တွေ၊ ချောင်းတွေလို သဘာဝအတား အဆီးတွေရှိနေတဲ့အခါမျိုးမှာ အဲဒီနည်းကို အသုံးပြုလေ့ရှိပါတယ်။ 

“သပ်နှက်သွင်းနည်း”ဆိုတာကတော့ ဝိုင်းဝန်းမယ့်တပ်တွေအားလုံး နေရာယူပြီးတဲ့အခါ စနစ်တကျစုဖွဲ့လေ့ကျင့်ထားတဲ့ အထူးတပ်ဖွဲ့တွေကို သပ်နဲ့နှက်သလို အလယ်ဗဟိုကို ထိုးဝင်တိုက်ခိုက်စေတဲ့နည်းလမ်း ဖြစ်ပြီး အဲဒီနည်းလမ်းက ပြောက်ကျားစခန်းတွေကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ အကြမ်းဖက်စစ်အုပ်စုက ချမှတ်ထားပါတယ်။  

အထူးတပ်တွေရဲ့ ထိုးဝင်တိုက်ခိုက်မှုကြောင့် ပြောက်ကျားတပ်တွေ အစိတ်စိတ်အမွှာမွှာပြိုကွဲပြီး ထွက်ပြေးဖို့ကျိုးစားချိန်မှာ ဝိုင်းဝန်းပိတ်ဆို့ ထားတဲ့ တပ်တွေက တဖြည်းဖြည်းနဲ့ အလယ်ကိုစုဝင်လာကာ အထူးတပ် တွေနဲ့ပူးပေါင်းပြီး ပြောက်ကျားတွေကို အတူတကွချေမှုန်းကြရမယ်၊ အစိတ်စိတ်ကွဲထွက်သွားတဲ့ ပြောက်ကျားတပ်ဖွဲ့လေးတွေကိုလည်း တစ်ခု ချင်းအလိုက် ထပ်မံဝိုင်းဝန်းပိတ်ဆို့ပြီး ဆက်လက်ချေမှုန်းကြရမယ်လို့ ဆို ပါတယ်။ 

“မုန်တိုင်းတပ်တွေနဲ့တိုက်ခိုက်ချေမှုန်းနည်း” ဆိုတာကတော့ ပြောက်ကျားတွေရဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ အခြေချစခန်းတွေကို တန်ပြန်ပြောက်ကျားတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ပြီးနောက် အရံတပ်ဖွဲ့ တွေကို မုန်တိုင်းတပ်တွေအဖြစ်စုဖွဲ့ပြီး ပြောက်ကျားတပ်စခန်းတွေကို ထိုးဖောက်တိုက်ခိုက် ဖျက်ဆီးစေတဲ့နည်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ 

ဒီနည်းကတော့ အဓိကတပ်ဖွဲ့တွေကို ဝန်းရံပိတ်ဆို့ရေးခံစစ်စည်းမှာ နေရာယူစေပြီး အရံတပ်တွေကို ထိုးဖေါက်တိုက်ခိုက်ရေးတာဝန် ယူစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ထွက်ပြေးလာတဲ့ပြောက်ကျားတွေနဲ့ ပုန်းအောင်း နေတဲ့ပြောက်ကျား အကြွင်းအကျန်တွေကို ဝိုင်းဝန်းထားတဲ့တပ်ဖွဲ့တွေက သုတ်သင်ကြရမယ်လို့ ဆိုထားပါတယ်။ 

တကယ်တော့ အကြမ်းဖက်စစ်အုပ်စုဟာ ဒီလို တန်ပြန်ပြောက်ကျား စစ်ဆင်ရေး မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို မြန်မာပြည် ပြည်တွင်း စစ် စတင်ပေါ်ပေါက်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကစပြီး ဒီနေ့အထိ ကိုင်စွဲကျင့်သုံး လာခဲ့ကြတာဖြစ်ပေမဲ့ နယ်မြေခံပြည်သူလူထုရဲ့ ထောက်ခံကူညီမှုကို ရရှိခဲ့ ကြတဲ့ တော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့တွေကိုတော့ သူတို့ စိတ်ကူးယဉ် မျှော်မှန်းထားသလို အမြစ်ပြတ်ချေမှုန်းနိုင်ခြင်း မရှိသေးကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်ခင်ဗျား။     ။ 

စိုးမိုးနိုင်။ 

၂၀၂၂ မတ်လ (၃၁)ရက်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly