အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၅) (ဆောင်းပါး)

အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၅) (ဆောင်းပါး)

မတ်လ ၁၉ ရက်

“ကွက်ပြည့်နင်း စစ်နည်းဗျူဟာ”

အကြမ်းဖက်စစ်ကောင်စီရဲ့ ခေတ်သစ် တန်ပြန်ပြောက်ကျားစစ်ဆင် ရေးမဟာဗျူဟာမှာ ပြောက်ကျားတွေကို အင်အားကြီးမားစွာဖြင့် ချေမှုန်း ခြင်း၊ ကွက်ပြည့်နင်းခြင်း၊ ထက်ကြပ်လိုက်စစ်ဆင်ခြင်းနဲ့ တစ်ပြိုင်နက် ချေမှုန်းခြင်း၊ ဆိုတဲ့စစ်နည်းဗျူဟာတွေ ပါဝင်တာကို တွေ့ရှိရပါတယ်။

တန်ပြန်ပြောက်ကျားစစ်ဆင်ရေးမှာ ပြောက်ကျားအခြေခံဒေသတွေ ရဲ့ ခိုင်မာတောင့်တင်းမှုကို ပြိုလဲပျက်စီးစေဖို့အတွက် စစ်ဆင်တိုက်ခိုက်မှု တွေကို ဘက်ပေါင်းစုံကနေ အဆက်မပြတ် ပြုလုပ်ကြရသလို ပြောက်ကျားတွေရဲ့အင်အား ကြီးထွားမလာနိုင်စေဖို့အတွက်လည်း ဒေသခံ ပြည်သူလူထုရဲ့ ထောက်ခံကူညီမှုတွေ လျှော့နည်းကျဆင်းသွားအောင် အဲဒီ အခြေခံဒေသတွေကို “ကွက်ပြည့်”နင်းပြီး လူထုကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားရမယ်လို့ အကြမ်းဖက်စစ်ကောင်စီက သူ့တို့ရဲ့ တန်ပြန် ပြောက်ကျားစစ်ဗျူဟာမှာ ထည့်သွင်းဖေါ်ပြထားပါတယ်။

ဒီနေရာမှာ “ကွက်ပြည့်”ဆိုတဲ့ စကားရပ်ရဲ့အဓိပ္ပါယ်က စစ်သုံးမြေပုံ ပေါ်မှာသတ်မှတ်ထားတဲ့ ပြောက်ကျားအခြေခံဒေသ နယ်မြေတွေကို မြေပုံ ဂရစ်ကွက် (Grid Square) တစ်ကွက်မကျန်အောင် အပြည့်အဝ  ဝင်ရောက် ရှင်းလင်းရမယ်၊ တစ်နည်းအားဖြင့် ပြောက်ကျားအခြေခံဒေသတစ်ခုလုံးကို (တစ်လက္မ)မကျန် အင်အားသုံး ဝင်ရောက်ရှင်းလင်းပြီး စိုးမိုးချုပ်ကိုင်ထား ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

စစ်မဟာဗျူဟာအရခံစစ်ကာလ (Phase of Strategic Defence)မှာ ပြောက်ကျားတပ်ဖွဲ့တွေဟာ အင်အားကြီးမားတဲ့ ရန်သူ့စစ်ကြောင်းတွေကို ကိုယ့်အခြေခံဒေသတွေအတွင်းမှာ ပြောက်ကျားစစ်နည်းဗျူဟာ နယ်လှည့် လှုပ်ရှားစစ်နည်းဗျူဟာတွေနဲ့ ခုခံတိုက်ခိုက်ကြရတာ ဖြစ်ပါတယ်။

ပြောက်ကျားတပ်ဖွဲ့တွေဟာ ပြောက်ကျားစစ်နည်းဗျူဟာတွေဖြစ်တဲ့ အငိုက်ဖမ်းပြီးတိုက်ခိုက်တာ၊ လှည့်စားပြီးတိုက်ခိုက်တာ၊ ပေါ်လွယ်ပျောက် လွယ်ရှိတာ၊ အဖွဲ့ငယ်လေးတွေခွဲပြီး နေရာအနှံ့အပြားမှာ တပ်ဖြန့်လှုပ်ရှား တာ၊ တိုက်ချင်တဲ့အခါ ချက်ချင်းစုပြီး တိုက်ခိုက်တာ၊ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ချီတက်လာရင် ပစ်/ပြေး (Hit & Run) ဆိုတဲ့ အတိုင်း စောင့်ကြိုပစ်ခတ်တိုက်ခိုက်ပြီး အချိန်မီဆုတ်ခွာကာ အခြေခံဒေသ အတွင်းမှာ တပ်ဖျောက်ပုန်းအောင်းတာ၊ ရန်သူ့တပ်တွေ စခန်းချရပ်နား နေချိန်မှာ နှောက်ယှက်ပစ်ခတ်တာ၊ ရန်သူ့တပ်တွေ စစ်ပမ်းနေချိန်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်တာ၊ ရန်သူတပ်တွေဆုတ်ခွာတဲ့အခါ နောက်က ထက်ကြပ်လိုက်ပြီး တိုက်ခိုက်တာ၊ ဒါမှမဟုတ် လမ်းကစောင့်ပြီး ကြားဖြတ် တိုက်ခိုက်တာတွေကို ပြောက်ကျားအခြေခံဒေသတွေအတွင်းမှာပဲ ထိထိ ရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြတာ ဖြစ်ပါတယ်။

ဒါကိုသိတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြောက်ကျားတွေကို သူတို့ ရဲ့ခြေကုတ် အခြေခံဒေသတွေအတွင်းက မောင်းထုတ်နိုင်ခဲ့ရင် လူထုနဲ့ ကင်းကွာပြီး သူတို့တပ်တွေကို ပြောက်ကျားနည်းနဲ့ အလစ်အငိုက် တိုက် ခိုက်နိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဘက်စစ်ကောင်စီက သုံးသပ်ထား တဲ့အတွက် ပြောက်ကျား အခြေခံဒေသတွေကို တပ်အင်အားအလုံးအရင်းနဲ့ “ကွက်ပြည့်”နင်းတဲ့ တန်ပြန်ပြောက်ကျားစစ်နည်းဗျူဟာကို ကျင့်သုံးဖို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ပြောက်ကျားအခြေခံဒေသတွေအတွင်းကို ကြည်း ကြောင်း/ရေကြောင်း/လေကြောင်း တွေကနေ စစ်ကြောင်းတွေ/တပ်ဖွဲ့တွေ ခွဲပြီး တစ်ချိန်တည်းတစ်ပြိုင်တည်း စစ်ကြောင်းထိုး၊ ကွက်ပြည့်နင်း၊ နယ်မြေ ရှင်းလင်းမှုတွေ ပြုလုပ်နိုင်ခဲ့မယ်ဆိုရင် အသံကြားရုံနဲ့ တပ်ဖျောက် ပုန်းကွယ်လေ့ရှိတဲ့ ပြောက်ကျားတပ်ဖွဲ့တွေကို တန်ပြန်အလစ်အငိုက်ယူ တိုက်ခိုက်ပြီး အကျအဆုံးများအောင်၊ နာလံမထူနိုင်အောင် လုပ်နိုင်လိမ့် မယ်လို့လည်း အကြမ်းဖက်စစ်ကောင်စီက ယူဆထားပါတယ်။

ပြောက်ကျားအခြေခံဒေသတွေကိုသာ ကွက်ပြည့်နင်းနိုင်ခဲ့မယ်ဆိုရင် ပြောက်ကျားတွေနဲ့လူထု အဆက်ပြတ်သွားပြီး စစ်ကောင်စီက ငြိမ်ဝပ် ပိပြားမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်းရှိတယ်လို့ ပြည်တွင်းပြည်ပက ယုံကြည်လက်ခံလာကာ ပြောက်ကျားတွေအပေါ် ယုံကြည်မှုကျဆင်းလာ လိမ့်မယ်လို့လည်း ထင်မှတ်နေပါတယ်။

ပြောက်ကျားတွေ ဝင်ထွက်သွားလာတတ်တဲ့ ကျေးရွာတိုင်းမှာ စခန်း ချတပ်စွဲတာတွေ မပြုလုပ်နိုင်တဲ့တိုင် တိုက်ကင်း၊ လှည့်ကင်းတွေနဲ့ စိုးမိုး ထားပြီး ဒေသခံလူထုကို လုံခြုံမှုပေးနိုင်ခဲ့ရင် လူထုကလည်း သူတို့ကို ကျေးဇူးတင် အားကိုးကြမယ့်အပြင် လက်နက်တွေဝှက်ပြီး လူထုအတွင်းမှာ ပုန်းအောင်းနေမယ့် ပြောက်ကျားတွေနဲ့ သူတို့ရဲ့လှုပ်ရှားမှုသတင်းတွေကိုပါ ပေးကြလိမ့်မယ်လို့လည်း စိတ်ကူးယဉ်အိပ်မက်နေပါတယ်။

နောက်ဆုံးမှာ ပြောက်ကျားတချို့က လက်နက်ချအလင်းဝင်၊ တချို့က တခြားနယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်၊ တချို့က ပြောက်ကျားအသွင် ကနေ တောပုန်း၊ လူဆိုး၊ ဓားပြဂိုဏ်းအသွင်ကို ရောက်ရှိသွားပြီး သူ့အလိုလို နိဂုံးချုပ်သွားကြလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

အကြမ်းဘက်စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ် တွေဟာ များသောအားဖြင့် ကိုယ့်ရဲ့ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းပိုင်း မှာသာ စစ်ဆင်ရေးတွေ၊ တိုက်ကင်းလှည့်တာတွေ၊ လုပ်လေ့ရှိပြီး တပ် အချင်းချင်း မှားယွင်းပစ်ခတ်မှုတွေ ဖြစ်မှာစိုးရိမ်တဲ့အတွက် တခြားတိုင်း စစ်ဌာနချုပ်တွေနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်မျဉ်းတွေနားအထိ ဝင်ရောက်ရှင်းလင်းတာမျိုးတွေ၊ တိုက်ကင်းလှည့်တာမျိုးတွေ လုပ်လေ့ လုပ်ထ မရှိပါဘူး။

ပြောက်ကျားတပ်ဖွဲ့တချို့ကလည်း ဒီအချက်ကို အခွင့်ကောင်းယူပြီး စစ်တိုင်းနယ်မြေနှစ်ခုရဲ့ စပ်ကြားဒေသ၊ စစ်ကြောင်းတွေရဲ့ စပ်ကြားဒေသ၊ လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေမှာ ယာယီလျှို့ဝှက်စခန်းတွေ တည်ဆောက်ထားကြပြီး ဟိုဘက်က စစ်ကြောင်းထိုးလာရင် ဒီဘက်ရှောင်၊ ဒီဘက်က စစ်ကြောင်းထိုးလာရင် ဟိုဘက်ရှောင်၊ လုပ်ကြလေ့ရှိပါတယ်။

ဒါပေမဲ့ ကက/ကြည်းရဲ့ တိုက်ရိုက်ကွပ်ကဲမှုနဲ့ စစ်ဆင်ရေးကြီးတွေ ဆင်နွှဲကြရတဲ့ ခြေမြန်တပ်မတွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) တွေကတော့ ကက/ကြည်း အထူးစစ်ဆင်ရေးအဖွဲ့မှူး (ကစထမှူး)တွေရဲ့ ကွပ်ကဲညှိနှိုင်းပေးချက်အရ တစ်ခါတစ်ရံ စစ်တိုင်းချင်းထိစပ်နေတဲ့ နယ်စပ် မျဉ်းတွေကိုကျော်လွန်ပြီး တခြားစစ်တိုင်းနယ်မြေတွေအတွင်းအထိ ဝင်ရောက်ထိုးစစ်ဆင်တာတွေ၊ ထက်ကြပ်လိုက်စစ်ဆင်တာတွေကို ပြုလုပ် လေ့ရှိပါတယ်။

အခုလည်း စစ်တိုင်းတစ်ခုနဲ့တစ်ခုအကြား၊ စစ်ကြောင်းတစ်ခုနဲ့တစ်ခု အကြား စပ်ကြားနယ်မြေတွေမှာ ကွေ့ပတ်တိမ်းရှောင်နေတတ်တဲ့ ပြောက် ကျားတပ်ဖွဲ့တွေကို ပိတ်ဆို့ချေမှုန်းနိုင်ဖို့အတွက် တန်ပြန်ပြောက်ကျားတပ် တွေကို တတပ်နဲ့တတပ် နယ်မြေကျော်ထပ် တာဝန်ပေးပြီး ကြားကွပ်လပ် မရှိအောင် ကြည့်ကင်း၊ တိုက်ကင်း၊ လှည့်ကင်းတွေနဲ့ “ကွက်ပြည့်နင်း”တဲ့ တန်ပြန်ပြောက်ကျားစစ်နည်းဗျူဟာကို ကျင့်သုံးဖို့ အကြမ်းဖက် စစ်ကောင်စီက အပြင်းအထန် ကြိုးစားနေပါတယ်။

ဒါပေမဲ့ လက်ရှိကာလမှာတော့ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တစ်ပြည်လုံးနဲ့တစ်ယောက် ဖြစ်နေတဲ့အတွက် “ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးကိုဖြိုမယ့်ကြံ၊ ခါးကမသန်”ဆိုသလို တပ်အင်အားအများအပြား သုံးစွဲရတဲ့ ကွက်ပြည့်နင်းစစ်နည်းဗျူဟာကို ပြည့်ပြည့်ဝဝ အသုံးမချနိုင် သေးတာ တွေ့ရပါတယ်။

ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဒေသခံ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်တွေ၊ ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)တပ်တွေနဲ့တင် မလုံ လောက်တော့လို့ နယ်စပ်ဒေသတွေမှာ ဖြန့်ကြက်ထားရတဲ့ ခြေမြန်တပ်မ တွေနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ တချို့ကိုပါခေါ်ယူပြီး ရှိသမျှအင်အားနဲ့ စုပေါင်းစပ်ပေါင်း တိုက်ပွဲဝင်နေရတဲ့ ကာလမို့ သူတို့မျှော်မှန်းထားတဲ့ ကွက်ပြည့်နင်းစစ်နည်းဗျူဟာကို အပြည့် အဝ အကောင်အထည်မဖေါ်နိုင်သေးတာပဲ ဖြစ်ပါတယ်။

လက်ရှိကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တန်ပြန်ပြောက်ကျား စစ်ဆင်ရေးတပ်တွေဟာ ပြောက်ကျားအခြေခံဒေသတွေ အတွင်းမှာရှိတဲ့ အချက်အချာ မြို့တွေ/ကျေးရွာတွေနဲ့ ထောက်ပို့ဆက်သွယ်ရေး လမ်းကြောင်း(L of C)တွေကို အရင်ဆုံး ပြန်လည်ထိန်းချုပ်နိုင်အောင် အပြင်းအထန် ကြိုးပမ်းနေကြရပါတယ်။
တပ်အင်အားတချို့ကို ကြံ့ဖွံ့တွေအင်အားကောင်းတဲ့ ကျေးရွာတွေမှာ ဖြန့်ခွဲတပ်စွဲထားပြီး ဒေသခံစစ်ပြန်စစ်မှုထမ်းဟောင်းတွေ၊ အမာခံကြံ့ဖွံ့ ပါတီဝင်တွေနဲ့ မဘသ ဆိုသူတွေကို စုစည်းလေ့ကျင့် လက်နက်တပ်ဆင် ပေးပြီး ပျူစောထီးတပ်တွေအဖြစ် သူတို့နဲ့အတူ ကွက်ပြည့်နင်း မြေလှန် စစ်ဆင်ရာမှာ အတူလိုက်ပါဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက် နေရတဲ့ အဆင့်မှာသာ ရှိနေသေးကြောင်း သုံးသပ်တွေ့ရှိရပါတယ်ခင်ဗျား။

(စိုးမိုးနိုင်)

၂၀၂၂ မတ်လ (၁၈)ရက်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly