အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၂)

By စိုးမိုးနိုင်
05 March 2022
အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၂)

“ကြိုတင်သတင်းထောက်လှမ်းမှုနှင့် သတင်းစုဆောင်းမှု”

၂၀၂၂ ဖေဖေါ်ဝါရီ ၂၈ ရက်

တန်ပြန်ပြောက်ကျားစစ်ဆင်ရေးရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကိုရရှိပြီး လူထုအတွင်းမှာ ရပ်တည်၊ လှုပ်ရှား၊ တိုက်ပွဲဝင်နေကြတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ကို စစ်ရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စတဲ့ နည်းလမ်းမျိုးစုံသုံးပြီး အပြင်းအထန်ချေမှုန်းပစ်ဖို့ ဖြစ်ပါတယ်။

ပြောက်ကျားစစ်ဟာ နိုင်ငံရေးနဲ့စစ်ရေး ပေါင်းစပ်ပြီး လူထုရဲ့ စွမ်းအားကိုအခြေခံထားတဲ့ စစ်မဟာဗျူဟာဖြစ်တဲ့အတွက် စစ်ရေး သက်သက်နဲ့ဖြစ်စေ၊ နိုင်ငံရေးနည်းသက်သက်နဲ့ဖြစ်စေ၊ ချေမှုန်း တိုက်ခိုက်ဖို့ မလွယ်ကူပါဘူး။ ပြောက်ကျားစစ်မှာ ကဏ္ဍ(Phase) တွေ အဆင့်ဆင့်ပိုင်းခြားပြီး ဆောင်ရွက်ကြရသလို တန်ပြန်ပြောက် ကျားစစ်မှာလည်း ကဏ္ဍတွေပိုင်းခြားပြီး တုန့်ပြန်ဆောင်ရွက်ကြတာ ကို တွေ့ရပါတယ်။

တန်ပြန်ပြောက်ကျားစစ်ဆင်ရေးကို အဆင့်လိုက်/အပိုင်းလိုက် ဆောင်ရွက်ရာမှာ နိုင်ငံရေးနဲ့စစ်ရေးကို အချိုးကျ မပေါင်းစပ်မီ ပြောက်ကျားတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေး၊ အခြေအနေတွေကို မှန်းဆ သုံးသပ်ပြီး သူတို့ရဲ့ အားနည်းချက်/အားသာချက်တွေကို မှန်ကန်စွာ ဆုံးဖြတ်ကာ ချေမှုန်းတိုက်ခိုက်ရမယ့် နည်းလမ်းတွေကို စနစ်တကျ ရွေးချယ်ကြရပါတယ်။

ပြောက်ကျားစစ်မှာ စစ်မဟာဗျူဟာအရ ခံစစ်ကာလ (Phase of Strategic Defence)၊ စစ်မဟာဗျူဟာအရ စစ်ပြိုင်ကာလ (Phase of Equilibrium) သို့မဟုတ် တန်ပြန်အကြိုထိုးစစ်ကာလနဲ့ စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလ (Phase of Strategic Counter Offensive) ဆိုပြီး အဓိကကျတဲ့ ကာလအပိုင်းအခြားကြီး သုံးရပ် ရှိပါတယ်။

တန်ပြန်ပြောက်ကျားစစ်ကို ဆင်နွှဲရာမှာ ပြောက်ကျားတွေဟာ ဘယ်ကာလအပိုင်းအခြားကို ဘယ်လိုပုံစံ၊ ဘယ်လိုနည်းဗျူဟာတွေ နဲ့ ဆက်လက်လှုပ်ရှားနိုင်မလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်မှ သာ သူတို့ကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိထိရောက်ရောက် ချေမှုန်း ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တိတိကျကျ ချမှတ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ပြောက်ကျားတွေရဲ့ အခြေခံနယ်မြေ၊ လူထုထောက် ခံမှု၊ ပြည်ပအကူအညီရရှိမှု၊ ကျင့်သုံးနေတဲ့ စစ်မဟာဗျူဟာနဲ့ နည်း ဗျူဟာ၊ ပြောက်ကျားခေါင်းဆောင်တွေရဲ့ ကွပ်ကဲခေါင်းဆောင်နိုင်မှု အရည်အချင်း၊ သူတို့ရဲ့ နိုင်ငံရေးယုံကြည်ချက်နဲ့ ခံယူချက်၊ သူတို့ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ကိုယ်‌ရေးအချက်အလက်၊ ပြောက်ကျားတပ်ဖွဲ့ တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းနဲ့ အတွင်းအပြင် ပြဿနာတွေကို သိရှိနားလည်ထားနိုင်အောင် ကြိုတင် သတင်း ထောက်လှမ်းမှုနဲ့ သတင်းစုဆောင်းမှုဟာ တန်ပြန်ပြောက်ကျား စစ်ဆင်ရေးမစတင်မီ ပထမဆုံးစီမံဆောင်ရွက်ရမဲ့ အဓိကအကျဆုံး အခြေခံလုပ်ငန်းစဥ်တစ်ခု ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သတင်းထောက်လှမ်းမှုနဲ့ သတင်း စုဆောင်းမှုတွေကို တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့(စရဖ)နဲ့ ရဲအထူးသတင်းတပ်ဖွဲ့ (SB/Special Branch) တွေကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းနေတဲ့အပြင် အထက်အောက် အပြန် အလှန် အမိန့်နဲ့သတင်းစီးဆင်းမှု လျှင်မြန်သွက်လက်စေဖို့အတွက် လည်း အမိန့်ပေးလမ်းကြောင်းစနစ် (Chain of Command) တွေကို ပါ ပြုပြင်ပြောင်းလဲလာနေတာ တွေ့ရပါတယ်။

၂၀၀၄ ခုနှစ် အောက်တိုဘာ(၁၈)ရက်နေ့မှာ အစုလိုက်အပြုံ လိုက် “ဖြုတ်ထုတ်ချ” (ရာထူးဖြုတ်/အလုပ်ထုတ်/ထောင်ချ) ခံလိုက် ရတဲ့ ယခင်စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ စစ်ထောက်ပြုတ်တွေထဲက ယုံကြည်စိတ်ချရသူ အရာရှိကြီးတချို့ ကို ထောက်လှမ်းရေးဆိုင်ရာအကြံပေးတွေအဖြစ် နေပြည်တော်ရှိ ဒုတိယဗိုလ်ချုပ်ကြီးအောင်ရဲဝင်းရဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ ချုပ်ရုံး(စရခ)မှာ ခေါ်ယူခန့်အပ် တာဝန်ပေးထားတဲ့သတင်းတွေ ထွက်ပေါ်လာအပြီး မရှေးမနှောင်းမှာပဲ အာဏာလုစစ်အုပ်စုခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်ကို သူ့ရဲ့အိမ်မှာ သွားရောက်တွေ့ဆုံပြခဲ့တာ တွေ့ရ ပါတယ်။

ဗိုလ်ခင်ညွန့်လက်ထက်ကလို စစ်ထောက်လှမ်းရေးတွေက သြဇာအာဏာပိုရှိပြီး တိုက်ခိုက်ရေးတပ်အရာရှိတွေက သူတို့ကို စိုးရိမ်ကြောက်လန့် ရိုသေနေရတဲ့ပုံစံမျိုးမဖြစ်အောင် စရခ ဖွဲ့စည်းပုံ မှာ တိုင်းနဲ့ပြည်နယ်အဆင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိတွေကို စစ်ဦးစီးမှူးတွေအဖြစ်နဲ့ သက်ဆိုင်ရာနယ်မြေ စစ်တိုင်းမှူးတွေရဲ့ ကွပ်ကဲမှုအောက်မှာ ပူးတွဲခန့်အပ်ထားတဲ့ပုံစံကနေ လွန်ခဲ့တဲ့လ အနည်းငယ်အတွင်းမှာ ဖွဲ့စည်းပုံတချို့ကို ပြန်လည်ပြောင်းလဲပြီး စရခရုံးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် စရဖကွပ်ကဲရေးမှူးရုံးနှစ်ခုကို တိုးချဲ့ဖွဲ့စည်းခဲ့ပါ တယ်။

စစ်တိုင်းမှူးတွေနဲ့ အဆင့်(Rank)တူတဲ့ ဗိုလ်ချုပ်ကျော်ကျော်လွင် ကို အထက်မြန်မာပြည်ကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ်ကျော်ကျော် အောင် ကို အောက်မြန်မာပြည်ကွပ်ကဲရေးမှူး၊ အဖြစ် ခန့်အပ်တာဝန် ပေးခဲ့တဲ့အတွက် မြေပြင်ထောက်လှမ်းရေးသတင်းတွေဟာ စစ် တိုင်းမှူးတွေကို ဖြတ်သန်းနေစရာမလိုတော့ပဲ နေပြည်တော် စရခ ရုံးချုပ်ကို တိုက်ရိုက် ရောက်ရှိလာတော့မယ့်သဘော ဖြစ်ပါတယ်။

စရဖတွေကို မြို့နယ်၊ မြို့နယ်ခွဲတွေအထိ ဖြန့်ကြက်ချထားပြီး တိုက်ပွဲထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေးနည်းနာတွေ ကိုကျင့်သုံးကာ သတင်းထောက်လှမ်းမှုနဲ့ သတင်းစု‌ဆောင်းမှုတွေ ကို ပြုလုပ်နေကြပါတယ်။

စရဖတွေဟာ သူလျှိုတွေကို မွေးမြူလေ့ကျင့်ပေးပြီး အတွင်း သတင်းပေးနည်းနာ(Convert Method)နဲ့ အပြင်သတင်းပေးနည်းနာ(Overt Method)တွေကိုကျင့်သုံးကာ သတင်းထောက်လှမ်းမှု သူလျှိုလုပ်ငန်း(Espionage)တွေအပြင် အဖျက်လုပ်ငန်း (Subversion)၊ အမှောင့်လုပ်ငန်း(Sabotage)တွေနဲ့ ပါတီဝင်လှုပ်ရှားမှု (Partisan Movement)၊ သို့မဟုတ် ဝါဒဖြန့်မှု(Propaganda)၊ လုပ်ငန်းတွေကို ဦးစီးကွပ်ကဲ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

သတင်းစုဆောင်းဖို့အတွက် စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေအပြင်၊ ကြံ့ဖွံ့တွေ၊ စစ်ပြန်စစ်မှု ထမ်းဟောင်းတွေ၊ အမျိုးဘာသာသာသနာအမည်ခံပြီး လှုပ်ရှားနေ သူတွေ၊ မီးသတ်တချို့၊ Non-CDM ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ မူးယစ်ဆေးဝါးမှု၊ ခိုးဆိုးနှိုက် ရာဇဝတ်မှုကျူးလွန်တတ်သူတွေကိုပါ နည်းအမျိုးမျိုးနဲ့ စည်းရုံးသိမ်းသွင်းပြီး သတင်းပေး(ဒလန်) (Informer)တွေအဖြစ် မွေးမြူ အသုံးချနေတာကို တွေ့ရပါတယ်။

သတင်းစုဆောင်းရာမှာ တိုင်းရင်းသားတော်လှန်ရေး လက်နက် ကိုင်အဖွဲ့အစည်းတွေ၊ PDF တွေနဲ့ ဆန့်ကျင်ဘက်နိုင်ငံရေးအဖွဲ့ အစည်းတွေ အသုံးပြုနေတဲ့ ရေဒီယိုကြိုးမဲ့ကြေးနန်း ဆက်သွယ် ရေးစက်အမျိုးမျိုးနဲ့ ဂြိုလ်တုတယ်လီဖုန်း၊ ကြိုးလိုင်းတယ်လီဖုန်း၊ မိုဘိုင်းတယ်လီဖုန်းတွေကို ကြားဖြတ်ခိုးယူ နားထောင်တာတွေ၊ သတင်းမီဒီယာတွေနဲ့ ဖေ့စ်ဘွတ်ခ်လို လူမှုသတင်းမီဒီယာတွေကို အမြဲစောင့်ကြည့် ဖတ်ရှုတာတွေကိုလည်း ပြုလုပ်ကြရပါတယ်။

အဲဒီလုပ်ငန်းတွေကို ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း/တပ်ဆွယ်တွေ၊ ရုရှားပြန် ပညာသည်(သယ်)စစ်အရာရှိတွေနဲ့ စုဖွဲ့ထားတဲ့ (ကက/ကွန်)လို့ခေါ်တဲ့ အဖွဲ့အစည်းတွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေးအဖွဲ့ တွေက အချိန်ပြည့်တာဝန်ယူ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်မြို့လေးတွေမှာ အခြေပြုထားတဲ့အတိုက်အခံအဖွဲ့အစည်းတွေရဲ့ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှုတွေ ကိုလည်း မျက်နှာချင်းဆိုင်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရား သုံးဆူတို့ကနေ ထိုင်းဘာသာနဲ့ တိုင်းရင်းသားဘာသာစကားမျိုးစုံ တတ်ကျွမ်းတဲ့ ကြားဖြတ်ထောက်လှမ်းရေးအဖွဲ့တွေ ကြားဖြတ်ဖမ်း ယူ နားထောင်နေကြပါတယ်။

သတင်းစုဆောင်းရာမှာ သူတို့ မွေးမြူလေ့ကျင့်ပေးထားတဲ့ သူလျှိုတွေ၊ ဒလန်တွေ၊ သတင်းပေးတွေဆီက ရရှိတဲ့သတင်းတွေ သာမက အသိမဲ့သတင်းပေး (Unconscious Informer)တွေဆီက ရတဲ့ သတင်းတွေကိုလည်း တန်ဖိုးထားပြီး စုဆောင်းကြပါတယ်။

အသိမဲ့သတင်းပေးဆိုတာကတော့ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်နေတဲ့သူတွေကိုယ်တိုင်က သတိမထားပဲ လျှို့ဝှက် စောင့် ထိမ်းအပ်တဲ့ လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်တွေကို စိတ်ခံ စားမှု၊ စိတ်လှုပ်ရှားမှု( Feeling & Emotion)အပေါ်မူတည်ပြီး ဖေ့စ် ဘုတ်ခ်လို လူမှုသတင်းမီဒီယာတွေကတစ်ဆင့် ဖေါ်ပြပြောဆိုတာ တွေ၊ (Like, Comment, Share) လုပ်မိတာမျိုးတွေ၊ အပြင်လူတွေ ရှိတတ်တဲ့နေရာတွေမှာ သတိလက်လွတ် ထုတ်ဖေါ်ပြောဆိုမိတာ မျိုးတွေ၊ ဖြစ်ပါတယ်။

ဒါ့ကြောင့် “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”၊ “နံရံတိုင်းမှာ နားတွေရှိတယ်”။ “လေထဲက ဖြတ်သန်းလာတဲ့အသံလှိုင်းမှန်သမျှ လုံခြုံစိတ်ချရမှုမရှိ”၊ ဆိုတဲ့ ဆိုရိုးစကားတွေကို အလေးအနက်ထား ပြီး “အသက်ကိုဉာဏ်စောင့်”ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်ခင်ဗျား။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly