(ဆောင်းပါး) အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၃)

By စိုးမိုးနိုင်
06 March 2022
(ဆောင်းပါး) အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၃)

“စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိရေး”

၂၀၂၂ မတ်လ (၅)ရက်။

ပြောက်ကျားစစ်ဟာ နိုင်ငံရေးနဲ့စစ်ရေးပေါင်းစပ်ပြီး လူထုရဲ့စွမ်းအား ကိုအခြေခံထားတဲ့ စစ်မဟာဗျူဟာဖြစ်တဲ့အတွက် စစ်ရေးသက်သက်နဲ့ ဖြစ်စေ၊ နိုင်ငံရေးသက်သက်နဲ့ဖြစ်စေ၊ ချေမှုန်းတိုက်ခိုက်ဖို့ မလွယ်ပါဘူး။

ဒါကြောင့် တန်ပြန်ပြောက်ကျားစစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက် မှာ ပြည်သူလူထုရဲ့ထောက်ခံမှုကိုရရှိပြီး လူထုအတွင်းမှာ ရပ်တည်၊ လှုပ်ရှား၊ တိုက်ပွဲဝင်နေကြတဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကို စစ်ရေး နည်းလမ်းတစ်ခုတည်းနဲ့သာမက စိတ်ဓာတ်စစ်ဆင်ရေး၊ နိုင်ငံရေး၊ စီးပွား ရေး၊ စတဲ့ နည်းလမ်းမျိုးစုံသုံးပြီး အပြင်းအထန် ချေမှုန်းပစ်ဖို့ဆိုပြီး အကြမ်းဖက်စစ်ကောင်စီက ထည့်သွင်းပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

ပြောက်ကျားစစ်နဲ့ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး နှစ်ခုလုံးမှာ ပြည်သူလူထုရဲ့ထောက်ခံမှုဟာ စစ်ပွဲရဲ့အနိုင်အရှုံးကို အဆုံးအဖြတ်ပေးမယ့် အဓိကဗဟိုဟန်ချက် (Centre of Gravity Sanctuary) ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ပွဲတစ်ခုရဲ့အနိုင်အရှုံးဟာ ရင်ဆိုင်တိုက်ခိုက်နေကြသူတွေရဲ့ တိုက်လိုခိုက်လိုစိတ်(Will to Fight) အပေါ်မှာလည်း မူတည်နေပါတယ်။

တစ်ဘက်က ဘယ်လောက်ပဲ ထိခိုက်ကျဆုံးမှုတွေများနေပေမယ့် စိတ်ဓာတ်မကျ၊ လက်နက်မချဘဲ၊ ရွပ်ရွပ်ချွံချွံ ဆက်လက်ခုခံတိုက်ခိုက်နေသရွေ့ စစ်ပွဲဟာ ပြီးဆုံးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အထိအခိုက်အကျအဆုံး အနည်းအကျဥ်းသာရှိသော်လည်း တိုက်လိုခိုက်လိုစိတ်ကုန်ခမ်းပြီး တစ်ဘက်ဘက်က လက်နက်ချအရှုံးပေးလိုက်တဲ့အခါ စစ်ပွဲဟာ အချိန်တိုအတွင်း အလျှင် အမြန်ပြီးဆုံးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်စစ်ဆင်ရေး နဲ့ ဝါဒဖြန့်ချိရေးပေါင်းစပ်ထားတဲ့ သတင်းစစ်ဆင်မှုပုံစံဟာ ၂၁ ရာစု စစ်ဆင်ရေးတွေမှာ ပိုပြီးအရေးပါလာတာကို တွေ့ရှိရပါတယ်။

နောက်တစ်ချက်က ခေတ်သစ် တန်ပြန်ပြောက်ကျားစစ်ဆင်ရေးရဲ့ အနိုင်/အရှုံးကိုဆုံးဖြတ်ရာမှာ အစိုးရတစ်ရပ်ဟာ ပြည်သူလူထုအတွင်း တရားဝင်အစိုးရအဖြစ် ရပ်တည်နိုင်မှု ရှိ/မရှိဆိုတဲ့အပေါ်မှာ မူတည်နေတာ ကိုလည်း တွေ့ရပါတယ်။

ပြည်သူလူထုရဲ့ပတ်ဝန်းကျင်မှာ ပြောက်ကျားတွေကပဲ လွှမ်းမိုးနေလို့ ပြည်သူလူထုက ပြောက်ကျားတွေဘက်ကို ထောက်ခံသွားခဲ့ရင် နိုင်ငံတကာကလည်း ပြောက်ကျားတွေနဲ့ အတိုက်အခံတွေကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု လက်ခံသွားနိုင်တာကြောင့် မိမိတို့ကို အခြေခံဥပဒေ အရအုပ်ချုပ်နေတဲ့ တရားဝင်အစိုးရလို့ ပြည်တွင်းပြည်ပက ယုံကြည် လက်ခံလာအောင်လည်း တန်ပြန်ပြောက်ကျားစစ်ဆင်ရေးတွေမှာ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးတွေကို စစ်ရေးတိုက်ပွဲတွေနဲ့အတူ တွဲဖက်အသုံးပြုလာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် တန်ပြန်ပြောက်ကျားစစ်ဆင်ရေးကို ဆင်နွှဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီက ပြောက်ကျားတွေကို ထောက်ခံကူညီ အားပေးနေတဲ့ ပြည်သူလူထုကို သူတို့ဘက်ပါလာအောင် စည်းရုံးခွဲထုတ်နိုင်ဖို့အတွက် တစ်ဘက်ကစစ်ရေးနည်းလမ်းတွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီး အခြား တစ်ဘက်မှာ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးတွေ‌ပေါင်းစပ်ထားတဲ့ အင်ဖော်မေးရှင်းစစ်ဆင်မှုလုပ်ငန်းတွေနဲ့အတူ ကျေးလက်ဖွံ့ဖြိုးရေးဆိုင်ရာ လူထု စည်းရုံးရေးလုပ်ငန်းတွေကိုပါ ပူးတွဲဆောင်ရွက်ကြဖို့ စီမံချက်တွေရေးဆွဲ ချမှတ်ပြီး ကြိုးပမ်းအားထုတ်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ ဆိုက်ဝါး(Psywar)ဆိုပြီး လူသိများနေတဲ့ စိတ်ဓာတ်စစ်ဆင် ရေး(Psychological Warfare)ဆိုတာဟာ “ကိုယ့်ရဲ့ အယူအဆ သဘောထားတွေကို ကိုယ့်ရဲ့ပစ်မှတ်ပရိသတ်က ယုံကြည်လက်ခံလာပြီး သူတို့ရဲ့ မူလယုံကြည်ချက် အယူအဆသဘောထားနဲ့ အမူအကျင့်တွေ ပြောင်းလဲ ယိမ်းယိုင်လာအောင်၊ တစ်နည်းအားဖြင့် ကိုယ်မလုပ်စေချင်တာတွေကို ရပ်ဆိုင်းပြီး ကိုယ်ဖြစ်စေချင်တာတွေကို လက်ခံလုပ်ဆောင်လာအောင်၊ ဖျားယောင်းသွေးဆောင် သိမ်းသွင်းရတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်”

မြန်မာစစ်အစိုးရအဆက်ဆက်ဟာ ပြည်သူလူထုနဲ့ တပ်မတော်သား တွေကို စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ဖို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ (ကက/ပြည်)လို့ခေါ်တဲ့ “ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး” ဆိုတာကိုဖွဲ့စည်းထားပြီး အဲဒီရုံးရဲ့ ကွပ်ကဲ မှုအောက်မှာ ဗဟိုပြည်သူ့ဆက်ဆံရေးတပ်၊ အမှတ်(၁/၂/၃/၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲတွေ၊ ထုတ်လုပ်ရေးနဲ့ပြည်သူ့ဆက်ဆံရေးတပ်၊ အမှတ်(၁)နဲ့အမှတ်(၂) တပ်မတော်အသံလွှင့်တပ်၊ တပ်မတော်အသံလွှင့်ရုံနဲ့ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(မြဝတီရုပ်မြင်သံကြား)နဲ့ ပြည်သူ့ဆက်ဆံရေးလေ့ကျင့်ရေးဌာနတွေ ရှိပါတယ်။

ပြည်သူ့ဆက်ဆံရေးလေ့ကျင့်ရေးဌာနအောက်မှာ (တိုက်/စည်း) လို့ ခေါ်တဲ့ တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်းတွေရှိပြီး အဲဒီကျောင်းတွေကို တိုင်းစစ်ဌာနချုပ်တွေတည်ရှိရာမြို့ကြီးတွေမှာ ဖွင့်လှစ်ကာ တိုက်ပွဲဝင် စည်းရုံးရေး(အရာရှိ)သင်တန်းတွေနဲ့ တိုက်ပွဲဝင်စည်းရုံးရေး (အခြားအဆင့်) သင်တန်းတွေ၊ ဆင့်ပွားသင်တန်းတွေကို ဆက်တိုက်ဖွင့်လှစ်ပြီး စိတ်ဓာတ် စစ်ဆင်ရေးသမားတွေကို အဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးနေပါတယ်။

တစ်လခွဲကြာ တိုက်/စည်းသင်တန်းတွေကို အရာရှိအားလုံး မတက်မနေရ တက်ရောက်ကြရပါတယ်။ အဲဒီသင်တန်း မတက်ရသေးတဲ့ အရာရှိတွေကို ရာထူးတိုးမပေးဖို့ ညွှန်ကြားထားတဲ့အတွက် အရာရှိတိုင်း မတက်ချင်လည်း တက်ရောက်ကြရတယ်လို့ ဆိုပါတယ်။

သင်တန်းဆင်း တိုက်/စည်း အရာရှိတွေဟာ နောက်တန်းဌာနချုပ်တွေ မှာ စစ်သည်မိသားစုတွေနဲ့ မှီခိုသူတွေကို တိုက်/စည်းဟောပြောပွဲတွေ၊ ဖြေဖျော်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပုံမှန်ပြုလုပ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ကြရသလို ရှေ့တန်းစစ်ဆင်ရေးထွက်ကြရတဲ့ တပ်မနဲ့ စကခတပ် (စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်)တွေမှာလည်း တွဲဖက်လိုက်ပါရပြီး ရှေ့တန်းဒေသတွေ မှာရှိတဲ့ ပြည်သူလူထုကို စိတ်ဓာတ်စစ်ဆင်ရေးတွေ ပြုလုပ်ကြရပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေးကို (ကက/ပြည်)တစ်ခုတည်း က ပြုလုပ်နေတာတော့ မဟုတ်ပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စစ်ဘက်ရေးရာလုံခြုံရေးဌာနတွေကလည်း သီးခြားအစီအစဥ်တွေနဲ့ ပြုလုပ်နေကြပါတယ်။

ကက/ပြည်ရဲ့ လက်အောက်က မြဝတီအသံလွှင့်ဌာနနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနလက်အောက်က မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံနဲ့ စာနယ်ဇင်းတွေကို ပြည်သူလူထုအများစုကြီးက လုံးဝ အယုံအကြည်မရှိကြတဲ့ အတွက် စစ်ဘက်ရေးရာလုံခြုံရေးဌာနကလည်း သူတို့ စုံစမ်းထောက်လှမ်း စုဆောင်းထားတဲ့ အတိုက်အခံတွေနဲ့ အရပ်သား ပြည်သူလူထုရဲ့ ကိုယ်ရေး အချက်အလက်တွေအပါအဝင် လျှို့ဝှက်သတင်းတွေအပေါ်မှာ အခြေခံပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း (Psywar)၊ အဖျက်လုပ်ငန်း(Sabotage)၊ အမှောင့်လုပ်ငန်း(Subversion)တွေနဲ့ ပါတီဝင်လှုပ်ရှားလုပ်ငန်း (Partisan Movement) (သို့) ဝါဒဖြန့်မှု(Propaganda)လုပ်ငန်းတွေကို ဦးဆောင် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

စရဖက ဦးဆောင်ပြီး လျှို့ဝှက်လုပ်ကိုင်နေတဲ့ သတင်းစစ်ဆင်ရေး အဖွဲ့ကို နေပြည်တော်စစ်ရုံးချုပ်မှာ အခြေပြုထားပြီး စိတ်ပညာ၊ အင်ဖော်မေးရှင်း နည်းပညာနဲ့ သတင်းမီဒီယာပညာတွေမှာ ကျွမ်းကျင်တဲ့သူတွေ ရာနဲ့ချီပါဝင်တာကို တွေ့ရပါတယ်။ NLD, CRPH, NUG အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားကာ သတင်းမှန် အချက်အလက်တချို့အပေါ်မှာ ဖတ်ရှုသူတွေ၊ နားဆင်ကြည့်ရှု နေသူတွေ၊ ဝေဝါးသွားစေနိုင်မဲ့ သတင်းမှား (Fake News)တချို့နဲ့ ပါးပါးလေးအုပ်ပြီး ကိုယ်လိုရာကိုဆွဲခေါ်သွားတဲ့ အညိုရောင် (သို့) မီးခိုးရောင် (Brown Propaganda)နည်းနဲ့ စိတ်ဓာတ်စစ်ဆင်နေကြတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ Facebook Page တွေနဲ့ Account တုတွေကနေပြီး လူ့အခွင့်အရေးချိုးဖေါက်တဲ့သတင်းမျိုးတွေနဲ့ လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် သတင်းမျိုးတွေကို တင်ခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ်ကစပြီး Facebook က စစ်တပ်ရဲ့ Page ၇၀ နီးပါးနဲ့ Account ၃၀ ကျော်ကို ပိတ်ပင်တားမြစ်ခဲ့တာကြောင့် နံမည်ပျက်စာရင်းဝင်သွားတဲ့ စစ်အုပ်စုရဲ့ သတင်းစစ်ဆင်ရေးအဖွဲ့ဟာ အခုအခါ စိစစ်မှုအားနည်းပြီး တာဝန်ယူ တာဝန်ခံမူမရှိတဲ့ တယ်လီဂရမ်ကနေ ဆက်လက် လှုပ်ရှားနေကြတာ ဖြစ်ပါ တယ်။

ကနဦးအစမှာ သူတို့ရဲ့ Page အသစ်တွေကို စိတ်ဝင်စားသူနဲ့ Follower တွေများလာအောင် စိတ်ဝင်စားဘွယ်၊ ဗဟုသုတရဘွယ်၊ ကြည်နူးချမ်းမြေ့ဘွယ်၊ သာမန်သတင်းတွေနဲ့ ရုပ်ရှင်နဲ့အနုပညာလောကမှ ထင်ရှားကျော်ကြားသူတွေရဲ့ အညှီအဟောက် သတင်းတွေကိုတင်ပြီး နောက်ပိုင်း ဝင်ရောက်ကြည့်ရှုသူများလာတဲ့အခါ မသိမသာနဲ့ စိတ်ဓာတ်စစ် ဆင်ရေး၊ ဝါဒဖြန့်ချိရေးသတင်းတွေကိုပါ ရောတင်လာကြတာဖြစ်ပါတယ်။

သတင်းစစ်ဆင်ရေးအဖွဲ့ဝင်တွေဟာ Account တုတွေ အများအပြားဖွင့်ကာ အတိုက်အခံတွေနဲ့ NUG၊ PDF တွေရဲ့ Profile အတုတွေနဲ့လည်း သူ့လူကိုယ့်ဘက်သားဟန်ဆောင်ပြီး သတင်းမှားတွေသုံး၊ ရန်တိုက်ပေးတာ၊ သွေးကွဲအောင် သပ်လျှိုပေးတာတွေ၊ လုပ်ကြပါတယ်။ ဆန့်ကျင်ဘက် အဖွဲ့ အစည်းတွေရဲ့ Page တွေကိုဝင်ပြီး Comment တွေမှာ သွေးထိုးပေးတာ မျိုးတွေလည်း ရေးသားကြပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုတွေကျဆင်းအောင် မသိမသာစော်ကားတဲ့ Post မျိုးတွေကို လည်း တင်ကြလေ့ရှိပါတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ ဘယ်သတင်းက အမှန်၊ ဘယ်သတင်း က အမှား၊ ဘယ်သတင်းက ဓားသွားပေါ်မှာ ပြားရည်သုတ်လိမ်းထားတဲ့ သတင်း ဆိုတာတွေကို ခွဲခြားသိမြင်ကြဖို့နဲ့ အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required