အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၆) (ဆောင်းပါး)

By စိုးမိုးနိုင်
29 March 2022
အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၆) (ဆောင်းပါး)
Photo - AFP

“ပြောက်ကျားကို ပြောက်ကျားနည်းဖြင့် တန်ပြန်တိုက်ခိုက်သည့် စစ်နည်းဗျူဟာ”

တန်ပြန်ပြောက်ကျားစစ်ဆင်ရေးရဲ့ အနှစ်သာရကတော့ ပြောက်ကျား တွေကို ပြောက်ကျားနည်းနဲ့ တန်ပြန်တိုက်ခိုက်တာ ဖြစ်ပါတယ်။ 

ပြောက်ကျားတွေဟာ (အားသာရာကိုရှောင်၊ အားပျော့ရာကိုတိုက်) တစ်နည်းအားဖြင့် (အမာရှောင်၊ အမွတိုက်)။ (ရန်စု ကိုယ်ခွဲ၊ ရန်ခွဲ ကိုယ်စု၊ အင်အားချိန်ဆသတိပြု)။ (ရန်တိုက် ငါဆုတ်၊ ရန်ဆုတ် ငါလိုက်၊ ရန်နား ငါနှောင့်၊ ရန်ပမ်း ငါတိုက်)။ (ရန်လာ ငါပျောက်၊ ရန်ပြန် ငါရောက်)။ (အမြန်စု၊ အမြန်တိုက်၊ အမြန်ခွဲ၊ အမြန်ဖြန့်)။ (လှည့်စားအကြောင်ရိုက်၊ အငိုက်ယူကာတိုက်)။ (ရှိတာနဲ့ရအောင်တိုက်)။ (ရန်သူ့ပစ္စည်း ကိုယ့် ပစ္စည်း၊ ရန်သူ့လက်နက် ကိုယ့်လက်နက်)။ (လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်း လေ့ကျင့်)။ (ပြည်သူထဲက ပြောက်ကျား၊ ပြည်သူထဲက တပ်သား၊ ပြည်သူ ထဲက တပ်မတော်)။ (ပြည်သူနဲ့ပြောက်ကျား၊ ရေနဲ့ငါး)။ (ရန်သူ့ရေးရာ ဒို့နည်းဗျူဟာ၊ လုံခြုံမှုသည်ဒို့အသက်)။ (မဆိုင်တာ မသိချင်နဲ့၊ ဆိုင်တာ အသိပေးလိမ့်မည်)။ (ရန်သူကိုအမြဲတိုက်၊ အမြဲအနိုင်ယူ)။ (ကျေးလက်ကို အခြေခံ၊ မြို့ကိုသိမ်း၊ ပြည်ကိုတည်ဆောက်၊ ပြောက်ကျားဗျူဟာမြောက်)  -ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့အညီ ပြောက်ကျားတွေဟာ အငိုက်ဖမ်းခြင်း၊ ရွှေ့ပြောင်းလွယ်ခြင်း၊ လှည့်စားခြင်း၊ ပေါ်လွယ်ပျောက်လွယ်ရှိခြင်း၊ အဖွဲ့ ငယ်လေးတွေခွဲပြီး နေရာအနှံ့အပြားမှာ ဖြန့်ခွဲလှုပ်ရှားခြင်း၊ တိုက်ချင်ရင် ချက်ချင်းစုပြီး အလစ်အငိုက် ခြုံခိုတိုက်ခိုက်ခြင်း၊ အင်အားကြီးမားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ချီတက်လာရင် တိုက်/ပစ်/ပြေး ( Hit & Run) ဆိုတဲ့ စစ်နည်းဗျူဟာတွေကို အသုံးပြုပြီး မိုင်းခွဲ၊ ချောင်းမြောင်း ပစ်ခတ်ပြီး လွတ်အောင်ရှောင်တိမ်းခြင်း၊ ရန်သူစခန်းချရင် နှောက်ယှက် ခြင်း၊ ရန်သူတပ်တွေပင်ပန်းတဲ့အခါ တိုက်ခိုက်ခြင်း၊ ရန်သူတပ်ဆုတ်တဲ့ အခါ နောက်ကထက်ကြပ်လိုက်ပြီး တိုက်ခိုက်ခြင်းနဲ့ ကြားဖြတ်တိုက်ခိုက် ခြင်း၊ စတဲ့နည်းဗျူဟာတွေကို ကျင့်သုံးကြလေ့ရှိပါတယ်။

ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မင်းအောင်လှိုင်၊ စတဲ့ စစ်အုပ်စုအဆက်ဆက်ဟာ ၁၉၄၈ ခုနှစ်ကစပြီး အခုအချိန်အထိ ပြည်တွင်းစစ်ကို တစိုက်မတ်မတ် တိုက်ခိုက်လာခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လူအင်အား၊ လက်နက်အင်အား၊ ငွေကြေးဓနအင်အား၊ သာလွန်ပြည့်စုံပေမဲ့ ပြောက်ကျားစစ်ပွဲ (Guerrilla Warfare) ဆင်နွှဲနေတဲ့  ပြောက်ကျားတွေကို သမားရိုးကျစစ်ပွဲ (Conventional Warfare)နဲ့ အနိုင်ရအောင်တိုက်ဖို့ မလွယ်ကူဘူးဆိုတာကို ဒီနေ့ နှစ်(၇၀)ကျော် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်က သက်သေခံနေပါတယ်။

ဒါကြောင့် သူတို့ရဲ့ ပြည်တွင်းပြောက်ကျားစစ် အတွေ့အကြုံတွေနဲ့ နိုင်ငံတကာပြောက်ကျားစစ် အတွေ့အကြုံတွေကို ပေါင်းစပ်ရောမွှေပြီး ပြောက်ကျားစစ်ကို ပြောက်ကျားနည်းဗျူဟာတွေနဲ့ တန်ပြန်တိုက်ခိုက်ဖို့ အတွက် ခေတ်နဲ့လျှော်ညီတဲ့ တန်ပြန်ပြောက်ကျားနည်းဗျူဟာတွေကို အကြမ်းဖက်စစ်အုပ်စုက သုတေသနပြု ရေးဆွဲချမှတ် ဆောင်ရွက်လာနေ တာ ဖြစ်ပါတယ်။ 

နှစ်(၇၀)ကျော်ကြာလာတဲ့အထိ စစ်အုပ်စုအဆက်ဆက်ရဲ့ တန်ပြန် ပြောက်ကျားစစ်ဆင်ရေးတွေ မအောင်မြင်ရတာဟာ အဓိက စစ်ရေးဆိုင် ရာ စစ်ဆင်ရေးတွေကိုသာ ဦးစားပေးဆောင်ရွက်ခဲ့တာကြောင့် ဖြစ်တယ် လို့ စစ်အုပ်စုရဲ့ စစ်ပညာရပ်ဆိုင်ရာ လေ့လာကျွမ်းကျင်သူတွေက ထောက် ပြထားပါတယ်။ 

တန်ပြန်ပြောက်ကျားစစ်ဆင်မှုမှာ မဟာဗျူဟာအနေနဲ့ ရေရှည် အောင်မြင်မှုကိုသာ ဦးတည်ထားပြီး ရေတိုအောင်မြင်မှုတွေဖြစ်တဲ့ စစ်ရေး အောင်ပွဲလေးတွေကို သိပ်ပြီးဦးစားမပေးဘူးလို့ ဆိုပါတယ်။ 

ဆိုလိုတာက တန်ပြန်ပြောက်ကျားစစ်ဆင်မှုဟာ ခု ရေတွင်းတူး၊ ခု ရေကြည်သောက်ရတဲ့ စစ်ဆင်ရေးမျိုးမဟုတ်ဘဲ ကနဦးမှာ အနာခံ ပေးဆပ်ပြီး နောက်ဆုံးမှာ အဆုံးသတ်အောင်ပွဲကို အပြီးအပြတ်ရယူနိုင်ဖို့ ရေရှည်စီမံကိန်းချပြီး ပြင်ဆင်ထားတဲ့မဟာဗျူဟာမျိုး ဖြစ်တယ်ဆိုတာကို ပြောက်ကျားတွေအနေနဲ့ အထူးသတိချပ်သင့်ပါတယ်။
ပြောက်ကျားစစ်မှာ တစ်နိုင်ငံလုံးက ပြည်သူလူထုအများစု ပါဝင်နိုင်ရေး ဟာ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ဒါကြောင့် ပြောက်ကျားစစ် ဆင်နွှဲမှုတိုင်းမှာ နိုင်ငံရေးယုံကြည်ချက် သို့မဟုတ် မျိုးချစ်စိတ်ဓာတ် ထက်သန်မှုဆိုတဲ့ လူထုကို ဆွဲဆောင်လှုံ့ဆော်နိုင်တဲ့ သဘောတရားကြီးတစ်ခု လိုအပ်ပါတယ်။ အလားတူ တန်ပြန်ပြောက်ကျားစစ်ဆင်နွှဲရာမှာလည်း ပါဝင်တဲ့အဖွဲ့အစည်းအားလုံးရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ တစ်ခုတည်းကို ဦးတည်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

တန်ပြန်ပြောက်ကျားစစ်ကိုဆင်နွှဲရာမှာ စစ်ရေးလှုပ်ရှားမှုတွေကို စစ်ရေးခေါင်းဆောင်တွေရဲ့ လက်မှာထားရှိခြင်းထက် အရပ်သားနိုင်ငံရေး ခေါင်းဆောင်တွေရဲ့လက်အောက်မှာ ထားရှိနိုင်မယ်ဆိုရင် ပိုမိုပြီးအောင်မြင် မှုတွေ ရရှိနိုင်လိမ့်မယ်လို့ဆိုပေမဲ့ လက်တွေ့မှာတော့ အရပ်သားနိုင်ငံရေး သမားတွေကို အထင်မကြီးပဲ နေရာတကာ သူတို့သာအသိဆုံး၊ အတတ်ဆုံး၊ တိုင်းပြည်ကိုအချစ်ဆုံးလို့ သွေးနားထင်ရောက်နေတဲ့ မြန်မာစစ်အာဏာရှင် တွေကတော့ ဒီအချက်ကို  လုံးဝ လက်မခံခဲ့ကြပါဘူး။

ပြောက်ကျားစစ်ဆင်ရေးမှာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချထားပြီး စစ်မြေ ပြင်မှာရှိနေကြတဲ့ နိုင်ငံရေးမှူးတွေနဲ့ စစ်ခေါင်းဆောင်တွေက မြေပြင်အခြေ အနေနဲ့ကိုက်ညီတဲ့ စစ်နည်းဗျူဟာတွေကို လွတ်လွတ်လပ်လပ် ကျင့်သုံးခွင့် ရှိသလို တန်ပြန်ပြောက်ကျားစစ်ဆင်နွှဲရာမှာလည်း ဗဟိုစစ်ဌာနချုပ်တွေရဲ့ တိုက်ရိုက်ကွပ်ကဲညွှန်ကြားမှုတွေကို တတ်နိုင်သမျှလျှော့ချပြီး လုပ်ပိုင်ခွင့် အာဏာကို လက်အောက်အဆင့်ဆင့်ထံ ခွဲဝေဖြန့်ချပေးနိုင်မယ်ဆိုရင် ဒေသ အခြေခံနဲ့ကိုက်ညီမယ့် တန်ပြန်ပြောက်ကျားစစ်နည်းဗျူဟာတွေကို ချမှတ် ကျင့်သုံးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ အောက်ခြေတပ်မှူးတွေအပေါ် အယုံအကြည်လည်းမရှိ၊ လွှတ် လည်းမထားရဲတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေက ဒီနည်းလမ်းကို အသုံး ပြုဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ကြပါဘူး။ စစ်ဒေသတွေအလိုက် အထူး စစ်ဆင်ရေးအဖွဲ့မှူးတွေခန့်အပ်ပြီး မြေပြင်တပ်တွေရဲ့ အခြေအနေမှန်တွေ ကိုမသိဘဲ စစ်ရုံးချုပ် စစ်ဆင်ရေးခန်းမထဲကနေ မြေပုံကြည့်ပြီး စက်ပေါ်က စိတ်ထင်ရာ ညွှန်ကြားနေကြတာကြောင့် ရှေ့တန်းတပ်တွေအားလုံး စိတ် ဓာတ်ကျပြီး အထိအခိုက်အကျအဆုံးတွေ များနေတာဖြစ်ပါတယ်။ 

ပြောက်ကျားတွေလွှမ်းမိုးထားတဲ့ အခြေခံဒေသတွေအတွင်းမှာ နယ်မြေ ကျွမ်းကျင်မှုရှိဖို့က အလွန်အရေးကြီးပါတယ်။ “မြေပိုင်ရင် စစ်နိုင်တယ်” ဆိုတဲ့အတိုင်း ကိုယ့်စစ်ဆင်ရေးနယ်မြေအကြောင်းကို ကိုယ်တိုင် ဂဃနဏ သိရှိဖို့ အထူးလိုအပ်ပါတယ်။ စစ်မြေပြင်မှာ လျှင်မြန်စွာ ရွှေ့ပြောင်း လှုပ်ရှား စစ်ကစားနိုင်မှုက တိုက်ပွဲကို အဆုံးအဖြတ်ပေးနိုင်တာမို့ တန်ပြန် ပြောက်ကျားစစ်ဆင်ရေးမှာလည်း မြေပိုင်ဖို့ အရေးကြီးပါတယ်။ 

ဒါကြောင့် တန်ပြန်ပြောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့တွေကို နယ်မြေခံတပ် တွေနဲ့ဖွဲ့စည်းဖို့၊ နယ်မြေတစ်ခုမှာ အသားကျနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တစ်နေရာကတစ်နေရာကို ပြောင်းရွှေ့ခြင်းမပြုဘဲ အချိန်ကြာမြင့်စွာ ထား ရှိခြင်းအားဖြင့် နယ်မြေကျွမ်းကျင်မှုနဲ့ ပြောက်ကျားတွေရဲ့ အလေ့အထတွေ ကိုပါ သိရှိလာပြီး တန်ပြန်ချုံခိုတိုက်ခိုက်ရာမှာဖြစ်စေ၊ နယ်မြေရှင်းလင်းရာ မှာဖြစ်စေ၊ ပိုမိုအောင်မြင်လိမ့်မယ်လို့ ဆိုပါတယ်။ 

စစ်ဆင်ရေးနယ်မြေရဲ့ ပထဝီအနေအထားကို ကျွမ်းကျင်စေဖို့အတွက် တပ်ခွဲ၊ တပ်စုအရွယ် တပ်ငယ်တွေအဖြစ် ခွဲဖြန့်ပြီး နယ်မြေအစိတ်အပိုင်း အလိုက် ထပ်ကာတလဲလဲ ရှင်းလင်းခိုင်းရမယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ တစ်ပြည်လုံးစစ်မြေပြင်ဖြစ်နေတဲ့အတွက် တပ်အင်အား အလုံ အလောက်မရှိတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တပ်တွေကို တစ်နေရာမှာ ကြာကြာမထားနိုင်ဘဲ “ဆန်စင်ရာကျည်ပွေ့လိုက်” သလို အမြဲပြောင်းရွှေ့နေ ရပါတယ်။

တန်ပြန်ပြောက်ကျားနှိမ်နင်းရေးတပ်တွေမှာလည်း ပြောက်ကျားတပ် တွေလို လှုပ်ရှားနိုင်စွမ်းရှိမှု၊ ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ တိုက်ခိုက်လိုစိတ် ပြင်းထန်မှု၊ စစ်မြေပြင်ကျွမ်းကျင်မှုတွေ ရှိရမယ်လို့ ဆိုပါတယ်။ 

လေယာဥ်၊ ရဟတ်ယာဥ်တွေကို သုံးစွဲခြင်းအားဖြင့် တပ်တွေ ရွှေ့ပြောင်း မှုကို လျှင်မြန်လွယ်ကူစေမယ်၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်တွေဖြစ်တဲ့ ရိက္ခာပို့ဆောင်ရေး၊ လူနာသယ်ယူရေးတွေကိုလည်း အလျှင်အမြန် ပြုလုပ် နိုင်တဲ့အတွက် လှုပ်ရှားစစ်ဆင်နိုင်စွမ်းကို ပိုမိုထိရောက်စေလိမ့်မယ်၊ မမျှော် လင့်တဲ့အချိန်မှာ တိုက်စွမ်းရည်ပြင်းထန်တဲ့ ချေမှုန်းတိုက်ခိုက်မှုတွေကို လည်း ပြုလုပ်နိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ 

ဒါပေမဲ့ ဒီတန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာတွေဟာ ပြည်သူ့စစ်မဟာဗျူဟာအပေါ်မှာ အခြေခံစဥ်းစား ရေးဆွဲထားတာဖြစ်လို့ ဒေသခံပြည်သူလူထုရဲ့ ထောက်ခံပံ့ပိုးမှုကိုမရရှိရင် ဘယ်လိုမှ အောင်မြင် အောင် ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။ 

ပြည်သူလူထုရဲ့ ထောက်ခံပံ့ပိုးမှုကိုမရရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေအနေနဲ့  ဒီစစ်နည်းဗျူဟာတွေကို အောင်မြင်အောင် ဆောင်ရွက် နိုင်စွမ်း မရှိသေးဘူးဆိုတာကို ဒီကနေ့ မြန်မာပြည်အနှံ့အပြားမှာ ဖြစ်ပွားနေ တဲ့ စစ်မြေပြင်အခြေအနေတွေကိုကြည့်ရုံနဲ့ ထင်ရှားစွာ တွေ့ရှိနိုင်ကြောင်း၊ သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျား။   ။

(စိုးမိုးနိုင်) ၂၀၂၂ မတ်လ(၂၉)ရက်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly