အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၄) (ဆောင်းပါး)

By စိုးမိုးနိုင်
11 March 2022
အကြမ်းဖက်စစ်ကောင်စီ၏ တန်ပြန်ပြောက်ကျားစစ်ဆင်ရေး စစ်နည်းဗျူဟာများ အပိုင်း(၄) (ဆောင်းပါး)
Photo - AFP

“ကြားနေတတိယအုပ်စု အင်အားကြီးထွားရေး နည်းဗျူဟာ

 ၂၀၂၂ မတ်လ(၁၀)ရက်။

ရေရှည်စစ်ပွဲဆင်နွှဲနေရတဲ့ ကာလတစ်လျှောက်လုံး ပြောက်ကျားတပ်ဖွဲ့ တိုင်း ကြုံတွေ့ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ မိမိတို့ရဲ့ အခြေခံ ဒေသတွေကို တောင့်တင်းခိုင်မာစေဖို့နဲ့ တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွား တိုးတက်လာအောင် အစဉ် ကြိုးပမ်းဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။

ဒါကြောင့် တန်ပြန်ပြောက်ကျားစစ်ဆင်ရေးရဲ့ နည်းဗျူဟာတွေထဲမှာ ပြောက်ကျားအခြေခံဒေသတွေရဲ့ခိုင်မာမှုကို ပြိုလဲပျက်စီးစေဖို့အတွက် ဘက်ပေါင်းစုံကနေ စစ်ဆင်တိုက်ခိုက်မှုတွေကို အဆက်မပြတ် ပြုလုပ်ကြ ဖို့နဲ့ ပြောက်ကျားတွေရဲ့အင်အားနဲ့ သြဇာအာဏာ အရှိန်အဝါ ဆက်လက် ကြီးထွားလာခြင်းမရှိအောင်၊ အခြေခံဒေသတွေအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ထောက်ခံမှုတွေ တဖြည်းဖြည်း လျှော့နည်းကျဆင်းလာ အောင်၊ ပြုလုပ်ကြဖို့ဆိုတဲ့ နည်းလမ်းတွေကို ထည့်သွင်း ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ပြောက်ကျားတွေရဲ့ အခြေခံဒေသတွေအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးကူညီမှုကို ပြောက်ကျားတွေမရရှိအောင် စီစဉ်ဆောင်ရွက်ရာမှာ “ဖြတ်လေးဖြတ်” အပါအဝင် နည်းလမ်းအမျိုးမျိုးရှိ တဲ့အနက် အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေကို ဘယ်ဘက်ကိုမှမထောက်ခံတဲ့ ကြားနေအုပ်စုအဖြစ် ဖန်တီးပြောင်းလဲပြီးမှ တဖြည်းဖြည်းနဲ့ တန်ပြန်ပြောက် ကျားအုပ်စုဘက်ကို ရပ်တည်လာအောင် စည်းရုံးသိမ်းသွင်းယူတဲ့နည်းလမ်း ကိုလည်း တန်ပြန်ပြောက်ကျားနည်းဗျူဟာတစ်ခုအဖြစ်နဲ့ အကြမ်းဖက် စစ်ကောင်စီက စနစ်တကျ အသုံးပြုနေပါတယ်။

အဲဒီစစ်နည်းဗျူဟာမှာ ပြောက်ကျားတွေရဲ့ စစ်ဆင်ရေးနယ်မြေမှာရှိ တဲ့ ပြည်သူလူထုအား ပြောက်ကျားတွေကို တက်ကြွစွာထောက်ခံတဲ့အုပ်စု၊ ‌ပြောက်ကျားတွေကို တက်ကြွစွာဆန့်ကျင်တဲ့အုပ်စုနဲ့ ပြောက်ကျားတွေကို ထောက်ခံခြင်းလည်းမရှိ / ဆန့်ကျင်ခြင်းလည်းမရှိတဲ့အုပ်စု ဆိုပြီး (၃)မျိုး (၃)စား ခွဲခြားသတ်မှတ်လိုက်ပြီး တတိယအုပ်စုဖြစ်တဲ့ ကြားနေအုပ်စုကို အင်အားပိုကြီးလာအောင် နည်းမျိုးစုံနဲ့ဖန်တီးပေးတဲ့ နည်းဗျူဟာ ဖြစ်ပါ တယ်။

ပထမအုပ်စုမှာ ပြောက်ကျားတွေကို ကိုယ်ရောစိတ်ပါ တက်ကြွစွာ ထောက်ခံအားပေးနေကြတဲ့ CDM ဝန်ထမ်းတွေ၊ ပြောက်ကျားထောက်ပို့ တပ်သားတွေနဲ့ အဖွဲ့ချုပ်ပါတီဝင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်း သားအင်အားစု‌တွေ ပါဝင်ကြပါတယ်။ 

ဒုတိယအုပ်စုမှာတော့ အကြမ်းဖက်စစ်အုပ်စုအဆက်ဆက်နဲ့ သူတို့ရဲ့ အမာခံ နိုင်ငံတော်ကာကွယ်ရေးအရန်အင်အားစုလို့ သတ်မှတ်ထားခဲ့ကြတဲ့ လူထုလူတန်းစားအသင်းအဖွဲ့ (၉)ခု (မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်မိသားစု၊ ထွေ/အုပ်ဌာန၊ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းအမည်ခံ ကြံ့ဖွံ့ပါတီ) နဲ့ ကြံ့ဖွံ့ပါတီရဲ့ မွေးစား(Proxy)ပါတီတွေ၊ စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး ခေတ်ပျက်မှာသူဌေးဖြစ်လာကြတဲ့ ပေါင်းစားမျှစား စီးပွားရေးသမား (Crony)တွေနဲ့ စွမ်းအားရှင်အမည်ခံ၊ မဘသအမည်ခံ၊ တပ်မတော်ကို ထောက်ခံသူများအမည်ခံ၊ ပျူစောထီးအမည်ခံ၊ အရိုးအရင်းကိုက်တွေ ပါဝင်ကြတယ်လို့ ယေဘူယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ 

တတိယ ကြားနေအုပ်စုမှာတော့ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ လူတန်းစား (ခေတ်အခေါ် Gen Lee)တွေ ပါဝင်ပါ တယ်။

စစ်အုပ်စုအဆက်ဆက်ဟာ သူတို့အာဏာတည်မြဲဖို့အတွက် သူတို့ရဲ့ အမာခံလက်ကိုင်တုတ်အဖြစ် မြန်မာ့တပ်မတော်ကို အင်အားတောင့်တင်း အောင် အပတ်တကုတ် တည်ဆောက်ခဲ့ကြတဲ့အပြင် နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကို “နိုင်ငံတော်ရဲ့အရန်အင်အားစု” ဆိုပြီး မူဝါဒချမှတ်ကာ လူမှုရေးအသင်းအဖွဲ့တွေခေါင်းစဉ်အောက်မှာ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

နအဖစစ်အစိုးရရဲ့ ၂၀၀၅ ခုနှစ် စာရင်းတွေအရ ကြံ့ဖွံ့အသင်းဝင် အင်အား(၂၁)သန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီ အဖွဲ့ဝင်အင်အား (၁)သန်းခွဲ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှာ အရာရှိ အဆင့် (၃၈၀၀)ကျော်နဲ့ အခြားအဆင့် (၈)သောင်းကျော်အပြင် အရန်အဖွဲ့ ဝင်အင်အား (၅)သောင်းကျော်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၃)သိန်း နီးပါး၊ ရှိတယ်လို့ ဆိုပါတယ်။ အခြားအသင်းအဖွဲ့တွေရဲ့ အင်အားစာရင်းကို တော့ ဖေါ်ပြထားခြင်းမရှိပါဘူး။ 

ဒါပေမဲ့ အဲဒီအသင်းအဖွဲ့ဝင်တွေထဲက အများစုဟာ လူထု ဒီမိုကရေစီ အစိုးရရဲ့လက်အောက်မှာ (၅)နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးနောက် ဒီမိုကရေစီစနစ်ရဲ့အရသာကို ကိုယ်တိုင်ခံစား သိရှိသွားခဲ့ကြတာကြောင့် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အချိန်မှာ တချို့က CDM လုပ်ပြီး စစ်အစိုး ရကို ဆန့်ကျင်ကျောခိုင်းခဲ့ကြသလို တချို့ကလည်း ကိုယ်လုပ်မှကိုယ်စားရ တာ၊ ဘယ်သူ့ကိုမှ မထောက်ခံဘူးဆိုတဲ့ ကြားနေတတိယအုပ်စုဝင်တွေ အဖြစ် ပြောင်းလဲသွားကြပါတယ်။ 

ဒါကြောင့် ပြောက်ကျားတွေကို တက်ကြွစွာဆန့်ကျင်တဲ့ ဒုတိယ အုပ်စုမှာ အမာခံဆိုလို့ စစ်ပြန်စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ ပျူစောထီးအမည် ခံပြီး စုပေါင်းစပ်ပေါင်း လှုပ်ရှားနေကြတဲ့ စွမ်းအားရှင်ဆိုသူတွေ၊ မဘသ ဆိုသူတွေနဲ့ တပ်မတော်ကိုထောက်ခံသူများဆိုသူတွေလောက်သာ ကျန်ရှိ တော့တာကြောင့်၊ စစ်ကောင်စီက စစ်သည်မိသားစုနဲ့မှီခိုတွေ၊ ရဲဝန်ထမ်း မိသားစုနဲ့မှီခိုတွေ၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအောက်က ဝန်ထမ်းတွေကို အတင်းအကျပ် စစ်သင် တန်းတွေတက်ခိုင်းပြီး ဒုတိယအုပ်စုကို အင်အားဖြည့်ဖို့ အပြင်းအထန် ကြိုးပမ်းအားထုတ်နေတာ ဖြစ်ပါတယ်။ 

ဒုတိယအုပ်စုကို အင်အားဖြည့်တင်းရာမှာ စစ်ကောင်စီအနေနဲ့ လိုအပ်လာရင် နအဖစစ်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ “ပြည်သူ့ စစ်မှုထမ်းဥပဒေ” နဲ့ “အရန်တပ်ဖွဲ့ဥပဒေ” တွေကိုပါ အသုံးပြုကောင်း အသုံးပြုမယ်ဆိုပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ခေါင်းဆောင်ကလည်း ထုတ်ဖေါ်ပြောဆိုထားပါတယ်။

စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း (၅၀)ကျော် ကြောက်ကြောက်လန့်လန့်၊ ဆင်းဆင်းရဲရဲနဲ့ နေထိုင်လာခဲ့ကြရတဲ့ မြန်မာ ပြည်သူတွေဟာ ဒီမိုကရေစီစနစ်ရဲ့အရသာကို (၅)နှစ်လောက် မည်းစမ်းကြည့် ခွင့် ရလိုက်ရုံနဲ့ စစ်အာဏာရှင်စနစ် ပြန်လည်ခေါင်းထောင်လာမှာကို လုံးဝ ခွင့်မပြုနိုင်ကြတော့ပါဘူး။ ဒါ့အပြင် သူတို့ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့တဲ့ လူထုအစိုးရရဲ့လက်ထဲက နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ အကြမ်းဖက် လုယူခဲ့တဲ့လုပ်ရပ်အပေါ်မှာလည်း လုံးဝ သီးမခံနိုင်ကြတော့ပါဘူး။

 ဒါကြောင့် ပြည်သူလူထုအများစုကြီးက သူတို့ရဲ့ အသက်တွေ၊ ဘဝ တွေကို စွန့်လွှတ်ပေးဆပ်ပြီး မျိုးဆက်သစ်လူငယ်တွေ ဦးဆောင်တဲ့ ပြောက်ကျားတွေကို တစ်ပြည်လုံးအတိုင်းအတာနဲ့ အင်တိုက်အားတိုက် အားပေးထောက်ခံနေကြတာ ဖြစ်ပါတယ်။

ပြည်သူအများစုက သူတို့ကို တူးတူးခါးခါး ရွံရှာမုန်းတီးပြီး ပြောက် ကျားတွေဘက်က ရပ်တည်နေကြတာကို သဘောပေါက်တဲ့ စစ်ကောင်စီ ကလည်း လတ်တလောကာလမှာ ပြည်သူလူထုအများစုကြီးကို သူတို့ဘက် ပူးပေါင်းလာအောင် တိုက်ရိုက်စည်းရုံးလို့ မရနိုင်သေးမှန်း သိရှိတဲ့အတွက် ဘယ်ဘက်ကိုမှမထောက်ခံတဲ့ ကြားနေတတိယအင်အားစုအဖြစ် ပြောင်း လဲလာအောင် ကြိုးပမ်းအားထုတ်နေတာ ဖြစ်ပါတယ်။

ပထမအုပ်စုမှာပါဝင်နေတဲ့ ပြည်သူလူထုကို ကြားနေ တတိယအုပ်စု ဖြစ်လာအောင် ဆွဲဆောင်စည်းရုံးရာမှာ ကျောင်းတွေဖွင့်၊ ဘာသာရေးတွေ၊ ရာသီအလိုက်ပွဲလမ်းသဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ မူးယစ်ဆေးဝါး၊ အရက် သေစာ၊ အလောင်းအစား၊ အပျော်အပါးတွေနဲ့ ပုံမှန်အခြေအနေ၊ ပုံမှန်ဘဝ ကို ပြန်ရောက်နေသလို စိတ်ထဲမှာ ထင်မြင်လက်ခံလာအောင် လုပ်တဲ့နည်း။

ကုန်စျေးနှုန်းတွေတက်၊ လူတွေကို ငတ်ပြတ်အောင်လုပ်ပြီးမှ အရင် စစ်အာဏာရှင်တွေလက်ထက်ကလို ဘဝဟောင်းမှာ စိတ်ရောကိုယ်ပါ နေသားတကျပြန်ဖြစ်သွားအောင် “ကြမ်းတစ်ခါချော့တစ်လှဲ့”နဲ့ မျှဉ်းပြီး ခေါ်သွားတဲ့နည်း။

“မင်းတို့အားကိုးနေတဲ့ CRPHတို့၊ NUGတို့၊ PDFတို့က မင်းတို့အတွက် ဘာလုပ်ပေးနိုင်သလဲ၊ ဘယ်ခေတ်ဘယ်အခါဖြစ်ဖြစ် ဘယ်အစိုးရတက် တက် ကိုယ်လုပ်မှကိုယ်စားရတာ၊ အခုတော့ အားလုံးဒုက္ခရောက်နေကြပြီ မဟုတ်လား၊ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ်နဲ့မဆိုင်တာတွေ ဝင်မပါကြနဲ့၊ ကိုယ်ကဘာမှမလုပ်ရင် ကိုယ့်ကိုလည်း ဘယ်သူကမှ ရန်မရှာဘူး။ အုတ်နံရံ ကို ခေါင်းနဲ့တိုက်တော့ ကိုယ်ပဲခံရတာမဟုတ်လား၊ ရေလိုက်ငါးလိုက်နေပြီး မီးစင်ကြည့်ကပေါ့၊ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး၊ မှန်တာပြောတိုင်း မကောင်း ဘူး၊ မှန်တာပြောရင် ရွာပြင်ထုတ်ခံရတတ်တယ် စတဲ့ ရေလာမြောင်းပေး စိတ်ဓာတ်စစ်ဆင်ရေးနည်းတွေနဲ့ ကြားနေ တတိယအုပ်စု (Gen Lee) တွေ အင်အားကောင်းလာအောင်လုပ်ပြီး စစ်ကောင်စီက ပြောက်ကျားတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။       ။ 
#တန်ပြန်ပြောက်ကျားစစ်ဆင်ရေး 
#MizzimaTV

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly