မြစ်ရေစည်းချက် ဧရာဝတီ - ၂၅ 

မြစ်ရေစည်းချက် ဧရာဝတီ - ၂၅ 
ဓာတ်ပုံ -  သန့်ဇော်(သန်လျင်)  

ချင်းတွင်းမြစ်ကမ်းနံဘေးက ရေစကြိုမှာ သင်္ဘောက အကြာကြီးကိုရပ်ပါတယ်၊ မြို့ပေါ်တက်ကြည့်ပြီး ဟိုဟိုဒီဒီ လျှောက်သွားပြီး သင်္ဘာဆီပြန်လာခဲ့ပါတယ်။ ထူးထူးခြားခြားကတော့ မန်ကျည်းသားနဲ့ လုပ်ထားတဲ့ အမွှေးတိုင်၊ ခြင်ဆေးတိုင်နဲ့ ခြင်ဆေးခွေတွေ ရောင်းကြတာပဲဖြစ်ပါတယ်။ လက်လီ လက္ကားရပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ခေတ်စားလာခဲ့တဲ့ လုပ်ငန်းလို့ သိရပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီဆို တော့ မြို့ရော ရွာတွေမှာပါ ရှိတဲ့ မန်ကျည်းပင်တွေလည်း နည်းပါးသွားပြီလို့ သိရပါတယ်။ လမ်းမကြီး တွေပေါ်မှာတော့ အစိုးရပိုင်ဖြစ်တဲ့အတွက် အပင်ကြီးတွေ တော်တော်များများရှိနေတုန်းဖြစ်ပြီး ခြံဝိုင်းအများစုကတော့ ဈေးကောင်းရတော့ ခုတ်လှဲပြီး အမွှေးတိုင်ဘဝ ရောက်သွားကြတယ်လို့လည်း ဒေသခံအချို့က ပြောကြပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်လေ၊ မြို့ကတော့ သာသာယာယာနဲ့ ကြည့်ကောင်းတုန်းပါပဲ။ အညာစရိုက် အပြည့်နဲ့ပေါ့။ 

ရေစကြိုကထွက်လာတော့ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းသွား၊ လမ်းက ရွာတွေမှာ ကမ်းကပ်၊ ပြီးတော့ ထွက်လာလိုက်တာ ချင်းတွင်းမြစ်အဆုံး၊ ဧရာဝတီမြစ်ထဲပြန်ရောက်လာ၊ ဆက်ပြီး စန်ဆင်း လာလေလေ လမ်းမှာ ကျွန်းတွေ သောင်တွေများလေလေပါပဲ။ တချို့ကျွန်းကြီးတွေအပေါ်မှာ ရွာလေး တွေတွေ့ရပါတယ်။ အထူးသဖြင့် ကျွန်းတွေပေါ်မှာ တောင်ယာတွေ စိုက်ကြတာပါပဲ။ 

လွင်တီးခေါင်ကြီးမှာ သောင်တွေ ကျွန်းတွေကိုဖြတ်၊ နေကလည်းပူ၊ တဖြည်းဖြည်းနဲ့ ပခုက္ကူမြို့ကြီးကို ချဉ်းကပ်လာပါတော့တယ်၊ ပခုက္ကူမြို့ကိုလည်း တွေ့နေရပါပြီ။ 

ဧရာဝတီကို စုန်ဆင်းလာရင် ပခုက္ကူမြို့ကို တွေ့လိုက်တာနဲ့ ပခုက္ကူမြို့ရဲ့ တောင်ဖက် ( ဒီနေရာမှာလည်း မြစ်ဟာ ကွေ့ပြီး အရှေ့ကနေ အနောက်ကို စီးပါတယ်) ဧရာဝတီမြစ်လယ်မှာ ကျွန်းကြီး အကြီးကြီးရှိ ပါတယ်၊ ရွာ ၅ ရွာလောက်လည်း အဲဒီကျွန်းကြီးပေါ်မှာတွေ့ရသလို စိုက်ခင်းတွေလည်း အများကြီးတွေ့ ရပါတယ်။ ဆေးရွက်ကြီး၊ ဗာဂျီးနီးယာ၊ ဝါ၊ မြေပဲ၊ နှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ တွေ စိုက်ကြတယ်လို့လည်း သိရပါတယ်။ 

မြန်မာနိုင်ငံ ကိုလိုနီလက်အောက် မကျရောက်မီ ပခုက္ကူမြို့ဟာ တံငါရွာကလေးတစ်ရွာသာ ဖြစ်ခဲ့ တယ်လို့ လည်း ဒေသခံတွေက ပြောပြပါတယ်။ ခုလို မြစ်ကမ်းပေါ်မှာလည်း မရှိသေးဘူးလို့ ဆိုပါတယ်။ ၁၈၈၅ ခုနှစ်မှာတော့  ပခုက္ကူရွာကလေးနဲ့ ဧရာဝတီမြစ်ကြီး အကြားရှိ ကျယ်ပြန့်တဲ့ သဲသောင်ကြီးဟာ  ပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ်။ မြစ်ကြောင်းဟာ ပခုက္ကူရွာကလေးအနီး စီးဆင်းသွားပြီး ဆိပ်ကမ်းဖြစ်လာတယ်လို့ သိရပါတယ်။

ပခုက္ကူရွာကလေးကို အစွဲပြုလို့ ပခုက္ကူမြို့ ၊ ဆိပ်ကမ်းမြို့ ဖြစ်လာတယ်လို့ သိရပါတယ်။ ၁၈၈၇ခုနှစ်၊ ဒီဇင်ဘာ (၂၁) ရက်မှာတော့ ပခုက္ကူမြို့ကို စတင်တည် ထောင်တယ်လို့ မှတ်တမ်းမှတ်ရာတွေမှာ တွေ့ရပြီး ယခုတော့ မကွေးတိုင်းမှာဆိုရင် မြို့ကြီး တစ်မြို့ အဖြစ် သတ်မှတ်ခံနေရပြီ ဖြစ်ပါတယ်။ ဧရာအနောက်မြို့တော်လို့တောင် တင်စား ခေါ်နေကြတဲ့ မြို့ ဖြစ်နေပါပြီ။ ပခုက္ကူမြို့ဟာ ၂၀ ရာစု သမိုင်းမှာလည်း နံမည်ရှိတဲ့မြို့ တစ်မြို့ ဖြစ်ခဲ့ပြီး ၁၉၄၉ မှ ၁၉၅၆ နှစ်အထိ ပခုက္ကူမြို့ကို ကွန်မြူနစ်တွေက သိမ်းပိုက်ခဲ့လို့ သူပုန်လက်အောက် ရောက်ခဲ့ ဖူးတဲ့ မြို့လို့ လည်း သိကြပါတယ်။ 

ပခုက္ကူဆိပ်ကမ်းကနေ ကြည့်လိုက်ရင် ဧရာဝတီမြစ်ကူးတံတား(ပခုက္ကူ)ကိုလည်း ထင်ထင်ရှားရှား လှမ်းမြင်နေရပါတယ်။  တံတားအရှည် စုစုပေါင်း ၁၃၅၃၇ ပေ ရှိပြီး ၊ မိုင်အားဖြင့် ၂.၅၆ မိုင်တောင်ရှိလို့  ပခုက္ကူတံတားဟာ မြန်မာနိုင်ငံမှာ အရှည်ဆုံးတံတားဖြစ်ပြီး ညောင်ဦးမြို့နယ်နဲ့ ပခုက္ကူမြို့ကိုဆက်သွယ် ထားတာဖြစ်ပါတယ်။ 

 အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ဆက်သွယ်ဖောက်လုပ်မယ့် India-Myanmar-Thai Tripartite Highway လမ်းမကြီးပေါ်မှာ တည်ရှိတာဖြစ်လို့ ကားလမ်းနှင့် ရထားလမ်း ပူးတွဲပါရှိတဲ့ မြစ်ကူးတံတား ကြီး တစ်စင်းဖြစ်ပါတယ်။ ပခုက္ကူတံတားကို ၂၀၀၉ ခုနှစ်၊ ဒီဇင်လာလအတွင်းက စတင်တည်ဆောက်ခဲ့ တာဖြစ်ပြီး ၂၀၁၂ ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

သင်္ဘောဟာ ပခုက္ကူကထွက်တယ်ဆိုရင်ပဲ တံတားကြီးကို ဖြတ်ပါတော့တယ်။ တံတားနားရောက်တော့ တံတားကြီးဟာ ဧရာဝတီမြစ်နဲ့ ရေလည်ကျွန်းကြီးရဲ့ အစွန်းကိုဖြတ်ပြီး အရှည်ကြီး တည်ဆောက်ထား တာကို မျက်ဝါးထင်ထင် တွေ့ရပါတော့တယ်။ 

ပခုက္ကူမြို့နဲ့ ပခုက္ကူတံတားကြီးကို ကျော်သွားလို့ ဧရာဝတီကို စုန်ဆင်းသော်လည်း မြစ်လယ်တွေနဲ့ ဘေးတွေမှာ သောင်တွေ ထွန်းနေတာကိုလည်းတွေ့ရပါတယ်။ စိတ်ထဲမှာတော့ ဧရာဝတီမြစ်ကြီး ကောနေပါပကောလားပေါ့။ သင်္ဘောကလည်းပတ်မောင်းနေရတော့ သဲသောင်တွေဆိုတာ နေရာတကာ မှာကို တွေ့နေရပါတယ်။ 

အရင်အပတ်က သတင်းတစ်ပုဒ်အရဆိုရင် ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ပေါ်က အဓိကမြို့ကြီး ၅ မြို့မှာ ‌အမေရိကန်ဒေါ်လာ ၁၈၂ သန်း အကုန်အကျခံပြီးတော့ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ပခုက္ကူနဲ့ မကွေးမြို့တို့မှာ လာမယ့် ၅ နှစ်အတွင်း ခေတ်မီဆိပ်ကမ်းတွေကို တည်ဆောက်ပေးသွားမယ်လို့  ကြေငြာလိုက်တာ ဖြစ်ပါတယ်။   ကုန်တင်ကုန်ချဆိပ်ကမ်းတွေကို အစိုးရက တည်ဆောက်ပေးတော့ မယ်ဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိအောင် အဆိုပါမြို့တွေမှာ ကွန်တိန်နာတွေနဲ့ ကုန်စည်တွေ သယ်လို့ရအောင် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ မရှိသေးလို့ ခေတ်မီဆိပ်ကမ်းတွေ လုပ်မှာလို့ လည်း သိရပါတယ်။ 

မြစ်ကြောင်းထိန်းသိမ်းရေးနဲ့ ရေကြောင်းအချက်ပြစနစ် အဆင့်မြှင့်တင်ခြင်း၊ မြစ်ကြမ်းခင်း  ပြန်လည် တူးဖော်ခြင်း၊ မြစ်တိုက်စားမှုကာကွယ်ခြင်းနဲ့ မြစ်ရေမလွှမ်းအောင် အစီအမံများကို ကမ္ဘာ့ဘဏ် အကူ အညီနဲ့ စတင်လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။ အားလုံးအဆင့်မြှင့်တင်ပြီးတဲ့အခါ ဧရာဝတီမြစ် ကြောင်းကိုသုံးပြီး ကုန်စည်တွေကို ဆယ့်နှစ်ရာသီ သယ်ဆောင်ပေးနိုင်တော့မှာ ဖြစ်တယ်လို့လည်း အဲဒီ သတင်းက ဆိုထားပါတယ်။ 

မြစ်ကြမ်းခင်း ပြန်လည်ပြင်ဆင်တာ၊ မြစ်ရေတိုက်စားမှုတွေကို ကာကွယ်တာတွေနဲ့ ရေကြီးရေလျှံမဖြစ် ပေါ်အောင် စီမံဆောင်ရွက်တာကတော့ အလွန်အရေးကြီးပြီး မဖြစ်မနေလုပ်ကို လုပ်ရမှာပဲ ဖြစ်တယ် ဆိုတာ ခုရေးနေတဲ့ မြစ်ရေစည်းချက် ဧရာဝတီဆောင်းပါးကနေ မကြာမကြာဆိုသလို ရေးနေတာတွေ ကိုလည်း အဆုံးသတ်ချင်နေပါပြီ။ 

လုပ်မယ်ဆို ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းကိုက ဒီလိုမျိုး စီမံကိန်းတွေသာလုပ်ခဲ့ရင်၊ ခုချိန်ဆို ကျွန်တော်တို့ ဧရာဝတီမြစ်ကြီးဟာ ဒီထက် လှပသာယာနေမှာကတော့ သေချာပါတယ်။ ခု စီမံကိန်းဟာ အရမ်းကို နောက်ကျနေပြီး မလုပ်ရင်လည်း ပိုသာဆိုးလာနိုင်လို့ ၊ နိုင်ငံရဲ့ နိုင်ငံရေးစနစ်တွေ ပြောင်းလဲ လာတာနဲ့ အုပ်ချုပ်သူတွေ စီမံခန့်ခွဲနိုင်မှုတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက်အချိုးကျ ဖော်ညွှန်းနေတာ ဖြစ်တယ်ဆိုတဲ့အချက်ကို မြင်သာစေပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း ဝိုင်းဝန်းကူညီကြရပါမယ်။ 

မြစ်ထဲမှာ ရေတွေကလည်း နွေရာသီဆိုတော့ အလွန်နည်း၊ ပတ်ဝန်းကျင်ကလည်း ဘယ်ကြည့်ကြည့် ခြောက်ကပ်နေ၊ သောင်တွေကလည်း ဟိုနားပေါ်လိုက်၊ ဒီနားပေါ်လိုက်နဲ့ သင်္ဘောဟာ ရှေးဟောင်းပုဂံ ဒေသနား ချည်းကပ်လာပါတော့တယ်။ အနီးနားတစ်ဝိုက်ကို ခံစားကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀၀ ကျော်တုန်းက ဒီနေရာမှာ ဘာတွေ ဘယ်လိုရှိနေနိုင်သလဲဆိုတာ . . ။  ။ 

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly