မြစ်ရေ စည်းချက် ဧရာဝတီ - ၁၃ 

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၃ 
ဓာတ်ပုံ - သန့်ဇော်(သန်လျင်) 

သန့်ဇော်(သန်လျင်) 

မြန်မာနိုင်ငံရဲ့ မြောက်ဖျားကနေ စတင်မြစ်ဖျားခံလို့ ရေခဲတောင်တွေက ရေခဲတွေနဲ့ ဆီးနှင်းတွေ အရည် ပျော်ပြီး  ဖြစ်တည်လာတဲ့ ရေတွေဟာ ဧရာဝတီမြစ်ကြီးဖြစ်ပေါ်လာပြီး မြန်မာပြည်တောင်ဖက်က ကပ္ပလီပင်လယ်ထဲကို စီးဝင်သွားတဲ့ လမ်းခုလတ်တွေမှာတော့ မြစ်ဟာ ပြန့်ကားသွားလိုက်၊ သောင်တွေ ထွန်းလိုက်၊ မြစ်ကျိုးအင်းတွေ ဖြစ်လိုက်၊ မိုးတွင်းဆို မြစ်ကမ်းနဖူးတွေကို ရေတွေက တိုက်စားလိုက်နဲ့ အဲဒီလို အနေအထားတွေမှာ စိတ်ဝင်စားစရာနဲ့ သာယာအလှပဆုံးနေရာတွေကတော့ မြစ်ကျဉ်းတွေပဲ ဖြစ်ပါတယ်။  

မြစ်ကျဉ်းထဲဝင်သွားတဲ့အခါ ရေစီးကြောင်းကလည်း နည်းနည်းမြန်သွားပါတယ်။ ဘေးတစ်ဖက်တစ်ချက် မှာလည်း တောင်နံရံကြီးတွေက အုပ်မိုးထားသလိုပါပဲ။ ကြည့်ရတာ အတော်လေးကို လှပသာယာပါ တယ် ။ တဖြောင့်တည်းသွားနေရတာကနေ အကွေ့တွေဆို အသဲယားစရာကောင်းပါတယ်။ အန္တရယ် ကွေ့လို့ တချို့ပြောကြတဲ့ အကွေ့တစ်ခုအရောက် ရေလယ်မှာ ကျောက်ဆောင်တွေတောင် ရှိပါတယ်။ 

အန္တရာယ်ကွေ့ကြီးကိုကျော်လွန်သွားတော့မှ သက်ပြင်းချရပြီး မြစ်ရေပြင်ခပ်ကျဉ်းကျဉ်းမှာ သန်ရှင်း အေးမြတဲ့ သဘာဝလေအေးအေးလေးကြောင့် လူလည်းအေးချမ်းသွာရပါတော့တယ်။ ဟိုဖက် ဒီဖက် ဘေးတွေက တောင်နံရံတွေဟာ မြင့်မားတဲ့နေရာမှာ တော်တော်မြင့်မားတာကိုတွေ့ရပြီး မြစ်ကျဉ်းထဲမှာ တော့ မြေပြန့်တွေကို မတွေ့ရပါဘူး။  

မြစ်ကျဉ်းကို တမံမပိတ်ဘဲ ဟိုဖက်ဒီဖက် ရှပ်လိုင်းကြီးတွေတပ်ဆင်ပြီး ဒလက်ကြီးတွေတတ်ကာ လျှပ်စစ် ဓာတ်အားထုတ်ရင်ရတယ်ဟ ဆိုပြီးတောင် စိတ်ကူးကြည့်လိုက်ပါသေးတယ်။ ကျွန်တော့လိုပဲ အားလုံး ကလည်း စိတ်ကူးယဉ်ကြည့်ကြပါတယ်။ ကျွန်တော်တို့ စိတ်ကူးက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာခန့်က စိတ်ကူးကြီးဖြစ်တယ်ဆိုတာလည်း စိတ်ကူးယဉ်ကြတဲ့သူအားလုံးလိုလိုက သိကြပါတယ်။ အဲဒီကိုရောက်တဲ့ သူတိုင်းအဲဒီလိုပဲစိတ်ကူးကြတယ်လို့လည်းဒေသခံတွေကပြောပြလို့ နောက်ပိုင်းမှာသိခဲ့ ရပါတယ်။ 

မြင့်မားတဲ့တောတောင်တွေကြား ဧရာဝတီရဲ့ ပထမမြစ်ကျဉ်းထဲမှာတော့ မြစ်ဟာတစ်ဖြောင့်တည်း သွားလိုက်၊ ကောက်သွားကွေ့သွားလိုက်၊ ကျောက်ဆောင်တွေကျောက်နံရံတွေကိုတွေ့လိုက်၊ ရေစီး အလွန် သန်တဲ့ ရေတံခွန်ပုံစံလိုတွေ့ရလိုက်၊ ဘေးတစ်ဖက်တစ်ချက်မှာ ကျောက်စွန်းကြီးတွေကိုအံ့မခန်း တွေ့ရလိုက်နဲ့ အလွန်ကိုပဲ စိတ်လှုပ်ရှားစရာစိတ်ဝင်စားစရာကောင်းပါတယ်။ 

မြစ်ကျဉ်းကိုဖြတ်လို့ ဆုံးကာနီးမှာတော့ ကမ်းဘေးတွေမှာမြေပြင်ကိုတွေ့လာရပါတယ်။ စိုက်လို့ပျိုးလို့ ရတဲ့ မြေတွေဖြစ်လို့ တောင်ယာလုပ်ကိုင်နေကြတာကိုခပ်လှမ်းလှမ်းကမြင်နေရပါတယ်။ ပထမမြစ်ကျဉ်း ကိုဖြတ်လို့ လုံးဝပြီးဆုံးသွားတဲ့အခါမှာတော့ ဧရာဝတီမြစ်ကြီးဟာ တော်တော်ကိုပြန့်ကားထွက်သွားပြီး ဧရာဝတီမြစ်နဲ့ တရုတ်ပြည်က မြစ်ဖျားခံလာတဲ့ တာပိန်မြစ်တို့ဆုံရာနေရာပဲဖြစ်ပါ တယ်။ မြစ်ထဲမှာ ကြည့်လိုက်ရင် သဲသောင်တွေနဲ့ အချို့နှစ်ပေါင်းများစွာကြာလာတော့ မြေနုကျွန်းတွေဖြစ်၊ အဲဒီ အပေါ်တွေမှာ တောင်ယာတွေလုပ်ကြတာကိုလည်းတွေ့ရပါတယ်။ 

နွေရာသီဆိုရင်တော့ ဧရာဝတီ၊ တာပိန်နဲ့ ဗန်းမော်မြို့တို့ ဆုံရာနေရာမှာတော့ ဧရာဝတီမြစ်ကြီးဟာ သဲသောင်တွေပြည့်နေပြီးမြစ်ရေစီးအနည်းငယ်သာရှိကာ ကြည့်ရ ဘဝင်မကျစရာဖြစ်ရပါတော့တယ်။  ။ 

ဗန်းမော်မြို့ထဲကို လျှောက်လိုက်ကြည့်တဲ့အခါ မန္တလေး- မြစ်ကြီးနားလမ်းနဘေးမှာ သာယာလှပတဲ့ ဂေါ်ယာကန်ကြီးရှိပါတယ်။ ရန်ကုန်လိုမျိုးဆိုရင်တော့ ကန်တော်ကြီးလိုပေါ့။ ကျွန်တော်ကလည်း ရေမြင်ရင် စိတ်ဝင်စားတဲ့သူဆိုတော့ ရှုခင်းအလှကိုငေးကြည့်လိုက်ပါသေးတယ်။ မိုးတွင်ဆို ဗန်းမော်မြို့ မြစ်ကမ်းဘေးကရွာတွေဆို အမြဲလိုလိုရင်တမမနဲ့ပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ မိုးရေကြီးတဲ့အခါ မြစ်ကမ်းပါးတွေရေတိုက်စားပြီးပြိုလို့၊ အိမ်တွေအလုံးလိုက်ကြီး မြစ်ရေနဲ့အတူပါသွားတာတွေကို ဒေသခံ တွေက နှစ်တိုင်းမရိုးနိုင်အောင် တွေ့မြင် ကြုံတွေရလို့ပဲဖြစ်ပါတယ်။ အဲဒါအပြင် အရှေ့ဖက်က တောင်တွေက တောင်ကျရေတွေကြောင့် မြေပြိုမှုတွေဖြစ်၊ ကားလမ်းတွေပိတ်။ ကားလမ်းတွေရေကျော် တာတွေလည်းနှစ်စဉ် ဖြစ်လေ့ရှိပါတယ်။ 

မြစ်ရေကြီးလို့ မြစ်ရေတိုက်စားလို့ ကမ်းပြိုတာတွေကိုတော့ ဒီဖက်ခေတ်မှာနည်းပါးသွားရလေအောင် ပြုလုပ်လို့ရတဲ့ နည်းစနစ်တွေရှိနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ အဲဒီနည်းတွေကို ခုထိအသုံးမချ သေးတာကို တွေ့ရပါတယ်။ မိုးတွင်းဆို ကျွန်တော်တို့တစ်တွေက စိုးရိမ်ကြလိုက်၊ တစ်နေရာမှာ မြစ်ရေ တိုက်စားလို့ ကမ်းပြိုအိမ်ပါ ပါသွားတယ်ဆို သွားလှူလိုက်ကြနဲ့ သံသရာက နှစ်တိုင်းလည်နေတော့တာ ပါပဲ။ မိုးတွင်းပြီးသွားပြန်တော့လည်းမေ့မေ့ပျောက်ပျောက် ဖြစ်သွားကြပါလေရော။ 

မြို့ရဲ့ အနောက်ဖက် ဧရာဝတီမြစ်ကြီးကိုကြည့်မယ်ဆိုရင် ဧရာဝတီမြစ်က ၂ ခုလိုဖြစ်နေပါတယ်။ အဲဒီ နှစ်ခု အလယ်မှာတော့ မြေနုကျွန်းကြီးဟာ ဘယ်နှစ်ခုနှစ်ကဖြစ်ပေါ်ခဲ့သလဲဆိုတာ မသိပါဘူး။ အဲဒီမြေနု ကျွန်းကြီးက ဗန်းမော်မြို့ တစ်မြိုစာလောက်ရှိပြီး ကျွန်းကြီးပေါ်မှာ တောင်ယာလုပ်ငန်းတွေ လုပ်ကြတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ 

ဗန်းမော်မြို့ဟာမြစ်ကြီးနားမြို့ရဲ့ တောင်ဘက် ၁⁠၁၅ မိုင် အကွာမှာရှိပြီးကချင်ပြည်နယ်ရဲ့ ဒုတိယမြို့ တော်လည်းဖြစ်၊ ခရိုင်ရုံးစိုက်ရာမြို့လည်းဖြစ်ပါတယ်။  တရုတ်နယ်စပ်နဲ့မိုင်၄၀ခန့် ကွာဝေးပါတယ်။      တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာကနေဆိုရင်  ၅၃ မိုင် ကွာဝေးတယ်လို့ သိရပါတယ်။ တာပိန်မြစ် ကတော့ တရုတ်ပြည်ဖက်က မြစ်ဖျားခံ စီးဆင်းလာတာဖြစ်ပြီး ကျောက်ဆောင်တွေ၊ ကျောက်ကမ်းပါးယံ တွေ များပြားတယ်လို့ သိရပါတယ်။   

ဗန်းမော်ဆိုတာ ရှမ်းဘာသာစကား “မန့်မော်” မှ ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။ မန့်(Man)= ရွာ၊ မော်(Maw)=အိုး ဟု အဓိပ္ပါယ်ရလို့“အိုးလုပ်သောရွာ” လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ စမ္ပာနဂိုလ် မင်းဆက် ပျက်ပြီး သက္ကရာဇ် ၄၀⁠၀ ကျော်မှာစော်ဘွား သိုဟန်ဘွားဟာ ရှေးမင်းမြတ်တို့ရဲ့ မြို့နေရာမှာ မနေဝံ့လို့  မြို့ဆင်ခြေဖုံးဖြစ်တဲ့ ဗန်းမော်ကို ပြောင်းရွေ့လာခဲ့ကာ၊ မြို့ပြ တည်ထောင်ပြီး အုပ်စိုးပါတယ်။ မိုးမိတ်သမိုင်းအရ ခရစ်နှစ် ၆၈၉ မှာတော့ စော်ဘွား စဝ်ပုတ်ဖထံ လာရောက်ပြီး စော်ဘွားဆက် တောင်းခံပါတယ်။ မိုးမိတ်စော်ဘွားက တူတော်ကြီး ခမ်းရွက်ဖ ကို ဗန်းမော်စော်ဘွား အဖြစ် အုပ်ချုပ်ရန် စေလွှတ်ခဲ့တယ်လို့ သမိုင်းမှာမှတ်သားရပါတယ်။ ဗန်းမော်မြို့မှာ စော်ဘွား၂၃ ဆက်က နှစ်ပေါင်း ၃၅၀ ကြအောင် အုပ်စိုးခဲ့တယ်လို့လည်းသိရပါတယ်။။ ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက်မှာ စော်ဘွားနယ်အဖြစ်မှ ဝန်အုပ်ချုပ်တဲ့ မြို့အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။။ 

ကုန်းဘောင်ခေတ် ဗန်းမော်မြို့ဝန်များထဲမှာ ထင်ရှားသူအချို့ကတော့ ဦးရွှေရည်၊ စောမြတ်အောင်၊ ဦးကံ၊ ဦးစံတည်၊ ဦးရွှေအိုး၊ ဦးရွှန်း၊ ဦးသူ၊ ဦးဘိုး၊ ဦးအောင်မြတ်သူ၊ ဦးနက်ပြာ၊ ဦးတုတ်၊ ဦးပုံ၊ ဦးဖိုးအို၊ ဦးဘိုးလှ၊ ဦးမှန်း၊ ဦးလူကြီး၊ ဦးထောင်ဗိုလ် တို့ဖြစ်ကြတယ်လို့သိရပြီးနောက်ပိုင်းမှာတော့ စာရေးဆရာကဗျာဆရာ ဖြစ်တဲ့ ဗန်းမော်ညိုနွဲ့ (၁၉၂၂ - ၂၀၀၉ ) ဆိုတဲ့ စာရေးဆရာကျောင်းဆရာ အကြောင်းစာအုပ်တွေမှာ ဖတ်ဖူးရပါတယ် ၊ စာရေးသူနရသိန်ထဲမှာ ရှိစဉ်အခါက ဆရာဗန်းမော်ညိုနွဲ့ရဲ့ အသံကိုလည်း VOA တို့ RFA တို့မှာကြားဖူးခဲ့၊ နားထောင်ခဲ့ဖူးပါတယ်။   ။ 

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly