မြစ်ရေ စည်းချက် ဧရာဝတီ - ၁၂

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၂

ကျောက်ဆောင် ကျောက်စွန်း

သန့်ဇော်(သန်လျင်)

ကျွန်တော်တို့တွေ ငယ်ငယ်တုန်းက ပတ်ဝန်းကျင်ဘာသာရပ်ကို သင်ကြားခဲ့ရပါတယ်။ အဲဒီအချိန်တွေ ထဲက ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်နဲ့ ရင်းနှီးခဲ့ရတာပါ။ အတန်းကြီးလာတဲ့အခါမှာတော့ ပတ်ဝန်းကျင် တစ်ဖြစ်လဲ ပထဝီဆိုတဲ့ ဘာသာရပ်ကို သင်ကြားခဲ့ရပါတယ်။ အသက်အရွယ်ရလာတဲ့အခါမှာတော့ ပတ်ဝန်းကျင်နဲ့ ပထဝီဝင် ဘာသာရပ်ဆိုတာ လူသားတွေ စ ဖြစ်တည်လာကတည်းကိုက လေ့လာစရာ ပညာနဲ့ ထိန်းသိမ်းစောင့်ရှောက်စရာ ပါလားဆိုတာ တဖြည်းဖြည်း သိမြင်လာကြတာပါ။

ဩကာသလောကဆိုတာသဘာဝပတ်ဝန်းကျင်လို့ ခေါ်ရင်လည်းမမှားနိုင်ပါဘူး။ အဲဒီ သဘာဝ ပတ်ဝန်းကျင် ဆိုတာကလည်း ကျနော်တို့ လူသားတွေတင်မဟုတ်ဘဲ သက်ရှိတွေ(သတ္တလောက)နဲ့ပါ ဆက်စပ်နေတာကိုလည်း ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဟောတဲ့ တရားတော်တွေထဲ ဖတ်မှတ်ရဖူးပါတယ်။ ဒါ့ကြောင့်ပဲ ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်ကို အလေးထား တန်ဖိုးထားနေရတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ကျွန်တော်တို့ ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာလူသားမျိုးနွယ်ကို စောင့်‌ရှောက်တာပဲ ဖြစ်ပါတယ်။  

ကျွန်တော်တို့ဟာဧရာဝတီရဲ့ ယခင် သဘာဝအလှနဲ့ ယခု သဘာဝအလှတို့ကို ယှဉ်ကြည့်လေလေ စိတ်မသက်မသာဖြစ်လေလေပဲဆိုတာ အထွေအထူးပြောစရာ မလိုတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ မြစ်ဆုံနဲ့ မြစ်ကြီးနားကို ကျော်သွားတဲ့အခါ မြစ်ကြောင်းဟာ သိသိသာသာကြီး ကွေ့ကောက်သွားတဲ့ အပြင် သောင်တွေထွန်းနေတာတွေဟာလည်း တော်တော်များများတွေ့ရပါတယ်။

မြစ်ကြီးနားကနေ အောက်ဖက်စုန်ဆင်းသွားရင် ဆင်ဘို့မြို့ မရောက်ခင် မြစ်ကြီးနားနဲ့ ဆင်ဘို အလယ်လောက်မှာ မြစ်ကျိုးအင်းကြီးဖြစ်နေတာ တွေ့ရပါတယ်၊ ထူးဆန်းတာကတော့ အဲဒီမြစ်ကျိုး အင်းကြီးဟာ မြို့တစ်မြို့ နီးပါးလောက် ရှိတာပဲဖြစ်ပါတယ်။  အဲဒီမှာ စိုက်ပျိုးရေးတွေ လုပ်ကြတာကို လည်းတွေ့ရပါတယ်၊ မိုးရာသီရောက်ရင်ဖြင့် မြစ်ရေတက်ပြီး နေရာတော်တော်များများ ရေလွှမ်းလို့ ဒီအတိုင်း ထိုင်ကြည့်နေရတယ် လို့လည်း ဒေသခံအချို့ကပြောပါတယ်။

ဆက်လာလိုက်ရင်ဖြင့် အရိန္ဒမာရွာလေးကိုတွေ့ရမှာပါ။ ရွာသေးသေးလေးဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ ခြံလုပ်ငန်းတွေကို လုပ်ကိုင်ကြတာ တွေ့ရပါတယ်။  အရိန္ဒမာနားမရောက်ခင်ထိကတော့ ဧရာဝတီမြစ်ဟာ တစ်ဖက်ကတောင်တန်းတွေနဲ့ တစ်ဖက်က လယ်ကွင်းတွေနဲ့ တစ်မျိုးကြည့်လို့ လှနေပါတယ်။ အရိန္ဒမာကိုကျော်လာတဲ့အခါမှာတော့ မိုးကောင်းချောင်းလေးဟာ ဧရာဝတီမြစ်ထဲစီးဝင် လာနေတာ တွေ့ရပါတယ်။ ဆက်သွားရင်တော့ ရေလယ်ကောင်မှာ ကျွန်းကြီးဖြစ်နေတာတွေ့ရပြီး ကျွန်းပေါ်မှာ စိုက်ပျိုးရေးတွေလုပ်နေတာ လှမ်းကြည့်ရင် တွေ့နိုင်ပါတယ်။ ဧရာဝတီ မြစ်က နှစ်ခွစီးဆင်း ပြီး တစ်ဖက်မှာ ပြန်လည် ပေါင်းဆုံပြန်တာတွေ့ ရပါတယ်။  

ဆက်သွားရင်တော့  သဲသောင်ကြီးတွေကို တွေ့ရမှာ ဖြစ်ပြီး ဆင်ဘိုမြို့ကို ရောက်မှာဖြစ်ပါတယ်။ ဆင်ဘိုဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ထဲမှာ ပါဝင်ပါတယ်။ အရင်ကတော့ ဆင်ဘိုကျေးရွာ ကလေးဖြစ်သော်လည်း ၂၀၀၂ ခုနှစ်မှာတော့ မြို့အဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါ တယ်။ ဆင်ဘိုမြို့ကနေ ရေလမ်းကနေ မြစ်ကြီးနားကို မော်တော်နဲ့ သွားလို့ရသလို၊ ဗန်းမော်ကိုလည်း စက်လှေတွေ ရှပ်ပြေးယာဉ်တွေနဲ့ သွားလာနိုင်ပါတယ်။ ခုတော့ အနောက်ဖက် မန္တလေး-မြစ်ကြီးနား မီးရထားလမ်း၊ ကားလမ်းပေါ်က ဟိုပင်ကိုလည်း သွားလို့ရနေပါပြီ၊ အရှေ့ဖက်ကတော့ ကေအိုင်အေ ထိန်းချုပ်တဲ့ နယ်စပ် လိုင်ဇာမြို့ကိုလည်း မော်တော် ကားလမ်း ဖောက်လုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဆင်ဘိုကနေ မြစ်လမ်းကြောင်းအတိုင်း စုန်ဆင်းသွားတဲ့အခါ ၁၄ မိုင်လောက် အရောက်မှာ ဧရာဝတီမြစ် ရဲ့ ပထမမြစ်ကျဉ်းကို ရောက်မှာဖြစ်ပါတယ်။ ပထမမြစ်ကျဉ်းလို့ သတ်မှတ်ထားတဲ့နေရာက မြစ်ထဲကို စဝင်တာနဲ့ ဧရာဝတီမြစ်ရဲ့ အကျဉ်းဆုံးအပိုင်းတွေကို ရောက်ရှိသွားပြီး ရေစီးကလည်းသန်၊ ကျောက် ဆောင်တွေကလည်းများ ဆိုတော့ စီးလာတဲ့ ရှပ်ပြေးယာဉ်တောင် ကျွမ်းကျင်အဆင့်မောင်းနိုင်မှ အန္တရာယ်ကင်းမှာ ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။  

မြစ်ကျဉ်းရဲ့ ဘေးဘယ်ညာမှာတော့ တောတောင်တွေနဲ့ အရမ်းကို သာယာလှပ‌နေပါတယ်။ တချို့နေရာ တွေဆိုရင် တောနက်တဲ့ နေရာတွေလည်းရှိပါသေးတယ်။ နှစ် ၃၀ ကျော် ခုတ်လာခဲ့တဲ့ သစ်တောတွေ လည်း ကျန်နေ သေးတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာချီကဆိုရင် အဲဒီနေရာတွေကို လူသူ အရောက်အပေါက် မရှိသလောက်ဖြစ်မှာ အသေအချာပါပဲ။ ခုကတော့ ဒီမြစ်ကျဉ်းဟာ ရှပ်ပြေးယာဉ်တွေ နဲ့ စည်ကားနေပြီး ဗန်းမော်နဲ့ ဆင်ဘို ဥဒဟိုသွားလာရေး အဆင်ပြေနေကြလေရဲ့။

ဧရာဝတီမြစ်ရဲ့ အကျဉ်းဆုံးအပိုင်းတွေဆိုတော့ နွေအခါမှာတောင် ရေစီးကသန်တယ်။ ကျောက်ဆောင် တွေကလည်း များတယ်။ ရှပ်ပြေးယာဉ်တောင် ကျောက်ဆောင်တွေကို ကွေ့ဝိုက်သွားနေရတာ အသည်း ယားစရာပါ။ မြင်ကွင်းတွေကတော့ ဘယ်ဖက်ကိုကြည့်ကြည့် သာသာယာယာပါပဲ။ အန္တရာယ်ကွေ့တွေ ကလည်း များမှများ။ မိုးရာသီ ရေများတဲ့အချိန်ဆိုရင်တော့ မြစ်ပြင်မှာ ရေအပြည့် စီးပြီး ရေစီးကလည်း ကြမ်းတယ်လို့ ပြောကြ ပါတယ်။ မြစ်ကျဉ်းတစ်လျှောက် အင်မတန်အန္တရာယ်များ တဲ့ မြစ်ကွေ့ကြီး ဖြစ်နေတဲ့နေရာ တစ်ခုရှိပါတယ်။  

နွေအခါသွားတာတောင် ရေလယ်တွေမှာ ကျောက်ဆောင်တွေ ထိုးထိုး ထောင်ထောင်နဲ့ သွားရ လာရ တာ ရင်တထိတ်ထိတ်နဲ့ စိုးရိမ်စရာပါပဲ။ ကျောက်ဆောင်တွေကလည်း နေရာအနှံ့၊ ရေစီးကလည်း သန်၊ ကမ်းဘေးက ကျောက်တောင်တွေက ကျောက်အစွန်းကြီးတွေကလည်း ထွက်နေတော့ ရှပ်ပြေးယာဉ် မောင်းသူဟာ ဒီလမ်း ဒီခရီးမှာ ကျွမ်းကျင်ပါမှ အသက်အန္တရာယ် မရှိမှာဖြစ် ပါတယ်။  ကျွန်တော်တို့ လည်း သူမောင်းနေတာကို ကြည့်လိုက်၊ ပတ်ဝန်းကျင်ကိုလည်း မလွတ်တမ်း ငေးရနဲ့ အသဲ တစ်ယားယားနဲ့ ဖြစ်နေပါတော့တယ်။   ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly