မြစ်ရေ စည်းချက် ဧရာဝတီ - ၁၉

မြစ်ရေ စည်းချက် ဧရာဝတီ - ၁၉

တတိယမြစ်ကျဉ်းကနေ  

မြစ်ကျဉ်းတစ်ကြော ငေးရင်းတွေးရင်း စိတ်ကူးယဉ်ရင်းနဲ့ပဲ မြစ်ကျဉ်းရဲ့ အနောက်ဖက်ခြမ်း ကမ်းနဲ့ မလှမ်းမကမ်းမှာ ကျွန်းသေးသေးလေး တစ်ခုကိုတွေ့ပြီး အဲဒီကျွန်းလေးရဲ့အနီးမှာတော့ မကြီးမသေး ကျွန်းတစ်ကျွန်းပေါ်မှာ ရေလယ်ဘုရားတစ်ဆူ တည်ထားတာတွေ့ရပါတယ်။ အညာသီဟတောဘုရားလို့ ဆိုင်းဘုတ်ရေးထားတာတွေ့လို့ သင်္ဘောပေါ်ကပဲ ဦးချကန်တော့လိုက်ပါတော့တယ်။ ပထမမြစ်ကျဉ်းနဲ့ ဒုတိယမြစ်ကျဉ်းတွေမှာတော့ ရေလယ်မှာ ကျောက်ဆောင်တွေ ကျောက်စွန်းတွေတွေ့ရပြီး တတိယမြစ် ကျဉ်းထဲမှာတော့ ခုမှ ရေလယ်ဘုရားတစ်ဆူကို ထူးထူးခြားခြားတွေ့ရလို့ စုံစမ်းကြည့်တဲ့အခါ မိုးတွင်း မိုးဘယ်လောက်ရွာရွာ ရေဘယ်လောက်ပဲ ကြီးကြီး ဒီဘုရားရဲ့ ခြေတော်ရင်း ရေမြုပ်သွားတယ်ဆိုတာ မရှိဘူးလို့ ပြောကြပါတယ်။  

ရေလယ်ဘုရားကိုကျော်လာပြီး မြစ်ကျဉ်းအတွင်း သတိထားမိတာကတော့ နွေရာသီမှာ မြစ်ထဲစီးဝင်တဲ့ တောင်ကျချောင်းရေတွေမရှိဘဲ သဲတွေကိုသာတွေ့ရပါတယ်။ မိုးရာသီဆိုရင်တော့ မိုးရွာတဲ့အခါ မိုးရေ တွေပဲ မြစ်ထဲ စီးဝင်တယ်လို့ အဲဒီခရီးလမ်းကြောင်း သွားဖူးတဲ့သူတွေက ပြောလို့လည်း သိရပါတယ်။ တချို့နေရာတွေမှာ နွေဖက်ရေကျချိန်ဆိုတော့ စိုက်ပျိုးလို့ရတဲ့နေရာတွေမှာ တောင်ယာစိုက်ခင်းတွေကို လည်း တွေ့ရပါတယ်။ မိုးတွင်းအခါဆိုရင်တော့ အဲဒီနေရာတွေအားလုံး ရေတွေဖုံးလွှမ်းသွားတယ် လို့သိ ရပါတယ်။ 

သပိတ်ကျဉ်းကနေ ဧရာဝတီမြစ် တတိယမြစ်ကျဉ်းဟာ အတော်အတန်အကွာအဝေးထိ တစ်ဖြောင့် တည်း ဖြစ်နေပြီး တောင်ကုန်းတစ်ခုနဲ့ ထိပ်တိုက်တွေ့လို့ လက်ယာဖက်ကို ထောင့်ဖြတ်‌ကွေ့သွားပါ တော့တယ်။ တတိယ မြစ်ကျဉ်းဆုံးရာ ကျောက်မြောင်းနားမရောက်ခင်ထိကို မြစ်ဟာ နည်းနည်းချင်း လက်ဝဲ ဖက်ကို ကွေ့ကွေ့ သွားပါတယ်။ ရှုခင်းတွေကတော့ မြေလတ်ပိုင်းလည်းဖြစ်၊ နွေရာသီကလည်း ဖြစ်ပြန် ဆိုတော့ နေရာတကာ ခြောက်ကပ်နေတာကို တွေ့ရပြီး မြစ်ပြင်ဟာလည်း တဖြည်းဖြည်းကျယ်လာတာ တွေ့ရပါတယ်။  

ကျောက်မြောင်းကိုကျော်လာတယ်ဆိုရင်ပဲ ခပ်ဝေးဝေးမှာလှမ်းမြင်နေရတာကတော့ ပေ ၂၄၈၀ အရှည်ရှိ တဲ့ ဧရာဝတီမြစ်ကူး တံတားကြီးပဲ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ဃ)လို့ ခေါ်ပြီး ရွှေဘို မြို့နယ် ကျောက်မြောင်းမြို့နယ်ခွဲ နွယ်ငြိမ်းကျေးရွာနဲ့ စဉ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ တံတားလို့ သိရပါတယ်။ တံတားကိုကျော် သွားတဲ့အခါ မြစ်ရေပြင်ကလည်း ကျယ်လာပြီး အနောက်ဖက်ကမ်း တချို့မှာ သဲသောင်တွေကိုတွေ့လာရပါတယ်။ 

 စဉ့်ကူးမြို့နားရောက်တော့ ရေလယ်မှာ သောင်အကြီးကြီး ထွန်းနေတာ တွေ့ရပြီး မြစ်က နှစ်ခွ ဖြစ်သွား ပါတယ်။ သေချာလေ့လာကြည့်တဲ့အခါ ဒီကျွန်းကြီးပေါ်မှာ ရွာတွေ တည်ထားတယ်ဆိုပဲ။ ကျွန်းပေါ်က တောင်ယာလုပ်ငန်းတွေကို မိရိုးဖလာ လုပ်ကိုင်လာကြတာလည်း အချိန်ကြာမြင့်နေပြီလို့လည်း ဆိုကြပါ တယ်။ တချို့ရွာတွေဆိုရင် သစ်ပင်ကြီးတွေ တောင်ရှိ ကြပါတယ်။ စဉ့်ကူးမြို့မှာတော့ စကျင်တောင်က ကျောက်ဖြူနုများနဲ့ ဘုရားရုပ်တုတော်တွေ၊ ကျောက်စာချပ်တွေ လုပ်ကြတာတွေ့ရပါတယ်။ စဉ့်ကူးမြို့ ဟာ ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းမှာရှိတာကြောင့် ရှေးမြန်မာမင်းများလက်ထက်ကပင် မန္တလေး - ဗန်းမော်သွား မီးသင်္ဘောများ ရပ်နားဆိုက်ကပ်ရာ ဆိပ်ကမ်းငယ် ဖြစ်ခဲ့တယ်လို့လည်း သိရ ပါတယ်။ 

စဉ့်ကူးမြို့ကနေ အောက်ဖက်စုန်ဆင်းလာတဲ့အခါ အရှေ့ဖက်မြစ်ကြောင်းကနေ စုန်ဆင်းရပါတယ်။ အနောက်ဖက်မြစ်ကြောင်းက သောင်တွေများနေတာရယ် ရေကလည်း အရမ်းတိမ်တာတွေရယ်ကြောင့် ပဲ ဖြစ်ပါတယ်။ အကွေ့အကောက်တွေသွားရပြီး ကမ်းတစ်ဖက်တစ်ချက်မှာတော့ သောင်ပြင် အမြင့်ကြီး တွေကိုလည်း တွေ့ရပါတယ်။ တချို့သောင်တွေပေါ်ထိကိုတောင် မမြင်ရပဲ မြစ်က အနိမ့်ထဲရောက်နေ တာလည်း ခံစားခဲ့ရပါတယ်။ အလေ့ကျပေါက်တဲ့ ခပ်စမ်းစိမ်း အပင်တွေတောင် လူတစ်ရပ်ခန့်ရှိနေတာ ကိုလည်း တွေ့ခဲ့ရပါသေးတယ်။ တွေးမိလိုက်တာကတော့ သဲကန္တရထဲက မြစ်တစ်စင်းလို ထင်ရပြီး အီဂျစ်ပြည်က နိုင်းမြစ်ကို သတိရလိုက်ပါတယ်။

ဆက်သွားလေလေ သောင်ပြင်ကြီးတွေကိုပဲတွေ့ရလေလေပါပဲ။ သောင်ကြီးတွေက ဘယ်လောက်တောင် ကြီးသလဲဆိုရင် မိုးရာသီမှာတောင် ရေမမြုပ်တဲ့ သောင်တွေ အများကြီးရှိပြီး ရာသီအလိုက် တောင်ယာစိုက်ပျိုးကြတယ်လို့လည်း သိရပါတယ်။ မြေနုကျွန်းကြီးတွေလို့ပြောရမလားပါပဲ။ အဲဒီသောင်တွေ ဒီမြေနုကျွန်းတွေ ဘယ်တုန်းက ဖြစ်ထွန်းခဲ့တာလည်း ဆိုတာကတော့ စာရေးသူ လက်လှမ်းမမီလို့ စိတ်ဝင်စားရုံကလွဲလို့ ဘာမှမသိခဲ့ရပါဘူး။ အဲဒီမှာ ရွာတွေလည်းရှိပါတယ်။ 

ဧရာဝတီရဲ့ အရှေ့ဖက်မြစ်ကြောင်း တစ်နည်း လက်ဝဲဖက်က မြစ်ကြောင်းအတိုင်းလာရင်း လက်ယာဖက်ကတော့ မြေနုကျွန်းကြီးတွေကို တွေ့ရပါတယ်။ မြေနုကျွန်းကြီးတွေက တစ်ခုမက ရှိနေတာပါ။ အဲဒီနေရာတွေမှာ ဧရာဝတီမြစ်ဟာ ခွဲထွက်သွားပြီး နှစ်ခု သုံးခုတောင်ဖြစ်နေပါ တယ်။ ကမ်းနားမှာ မြို့ကြီး တစ်ခုတွေ့လို့ စုံစမ်းကြည့်တော့ ထုံးကြီးဆိုတာ သိလိုက်ရပါ တယ်။ အဲဒီအနီးတစ်ဝိုက် မြေနုကျွန်းတွေများပြားပြီး ကျွန်းတွေပေါ်မှာ စိုက်ပျိုးရေးတွေ လုပ်ရုံတင်မက လူနေတဲ့ ရွာကြီးတွေလည်း ရှိပါတယ်။  

ထုံးကြီးကိုကျော်လာတော့ ကျွန်တော်တို့ဟာ ဧရာဝတီကို လက်ယာဖက်ကွေ့ပြီး အနောက်ဖက်ကို ထောင့်ဖြတ်ဆက်သွားပြီး အနောက်ဖက်ကမ်းကိုတွေ့တဲ့အခါ တောင်ဖက်ကို ပြန်ကွေ့ရပါတယ်။ တစ်ဖက်တစ်ချက်မှာလည်း မြေနုကျွန်းတွေကို တွေ့ရ ပါတယ်။ မြစ်လယ်ကျွန်းပေါ်လို့တောင် ပြောလို့ရမယ်ထင်ပါတယ်။ လက်ယာဖက်ကို မကွေ့ဘဲ ဆက်သွားမယ်ဆိုလည်း မြစ်ကြီးကတော့ ဧရာဝတီပါပဲ။ ဒါပေမယ့် မြစ်က ကောက်ကွေ့လွန်းတော့ ခရီးသိပ်မတွင်ဘူးလို့သိရပါတယ်။ စဉ့်ကူးကထွက်တာနဲ့ ဧရာဝတီက နှစ်ခွလို၊ မြစ်နှစ်မြစ်လို ဖြစ်နေတာပါ။ ထုံးကြီးကျော်လာတဲ့အခါ မြစ်နှစ်ခုကို ဆက်တဲ့ မြစ်ကြီးကလည်း ကျယ်ဝန်းတာတွေ့ရပါတယ်၊ အဲဒီကျယ်ဝန်းတဲ့ မြစ်ဖြတ်ကပဲ အနောက်ဖက်ကမ်းမြစ်ကို ဖြတ်သွားရတာပါ။ မြစ်ရဲ့အရှေ့ဖက်  ခပ်လှမ်းလှမ်းကို ကြည့်ရင်တော့ ရှမ်းကုန်းမြေမြင့်ကြီးကို မြင်ရပြီး အနီးဆုံးနားမှာ ဆည်တော်ကြီး ရေ လှောင်တာတမံရှိတယ်လို့ သိရပါတယ်။  

အနောက်ဖက်ကို ထောင့်ဖြတ်ဆက်သွားပြီး အနောက်ဖက်ကမ်းကိုတွေ့တဲ့အခါ မြစ်ကြောင်းအတိုင်းပဲ တောင်ဖက်ကို ကွေ့သွားပါတယ်။ အနောက်ဖက်ကမ်းဘေးမှာ ရွာသေးသေးတွေ၊ ရွာကြီးကြီးတွေတွေ့ရပါတယ်။ မြစ်ပြင်ကျယ်မှာ အငူသဏ္ဌာန် ကျွန်းပင်ဆိုတဲ့ ရွာကြီးတစ်ရွာလည်းတွေ့ရပါတယ်။ တစ်ရွာလုံးစိမ်းစိမ်းညို့ညို့ တောအုပ် ကလေးလိုပါပဲ။ နောက် ကန်ဖြူရွာ စတဲ့ရွာတွေ ဆက်နေပါတယ်။ မြစ်ပြင်ကလည်း နွေရာသီပင် ဖြစ်ပေမယ့် တော်တော်လေးကျယ်ပါတယ်။ အနောက်ဖက်မှာကတော့ ထုံးစံအတိုင်း သောင်ကြီးတွေ၊ ကျွန်းကြီးတွေကိုသာတွေ့ရပါတယ်။ ဆက်သွားရင်းနဲ့ကပဲ ရေလယ်မှာသောင်သေးသေးတွေ ထပ်တွေရပြန်ပါတယ်။ နောက် ရှိန်းမကားဆိုတဲ့ ရွာကြီးကိုတွေ့ရပါတယ်၊ စစ်ကိုင်းကနေ ၂၆ မိုင်ဝေးတဲ့ ရှိန်းမကားသစ်တောကြိုးဝိုင်း ဘေးမဲ့တောရှိတဲ့ နေရာပဲဖြစ်ပါတယ်။ ။ 

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly