မြစ်ရေစည်းချက် ဧရာဝတီ - ၂၃  

မြစ်ရေစည်းချက် ဧရာဝတီ - ၂၃  

ဒီဇင်ဘာ ၂၉

ဧရာဝတီမြစ်အရှေ့ဖက်ကမ်းက အင်းဝမြို့ဟောင်းကြီးကို ငေးမောရင်း ရှေးမြန်မာမင်းများ သွားလာ လှုပ်ရှားပုံတွေကို မှန်းကြည့်ရင်းနဲ့  ဧရာဝတီမြစ်ဘေး ဆင်ကျုံးရွာနားမှာ အင်းဝမြို့ရဲ့ ဆင်ကျုံးခံတပ် ဟောင်းနေရာကို သင်္ဘောပေါ်ကနေတွေ့နေရပါတယ်။ မြစ်နံဘေးမှာဆိုတော့ ထင်ထင်ရှားရှားကြီးကို တွေ့နေရပါတယ်။ အုတ်တံတိုင်းခတ်ထား ပြီး အတွင်ဖက်ကို မရောက်ခဲ့တဲ့ အတွက် အသေးစိတ်တော့ မသိခဲ့ရပါဘူး။ ကတုတ်ကျင်းကြီးတွေ၊ ကြေးသွန်းအမြောက်ကြီးတွေ၊ မြေအောက်လက်နက်တိုက် ယမ်း တိုက်တွေလည်း ယနေ့အချိန်ထိကို ရှိနေသေးတယ်လို့လည်း သိရပါတယ်။ 

ဆင်းကျုံးခံတပ်ကိုတော့ မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် မင်းတုန်းမင်းလက်ထက်မှာ အိမ်ရှေ့စံကနောင် မင်း၊ ကင်းဝန်မင်းကြီးဦးကောင်း၊ ယောမင်းကြီးဦးဖိုးလှိုင်တို့ရဲ့စီမံမှုနဲ့ အီတလီလူမျိုးကွန်မိုတို တို့က ဦးဆောင်ကြီးကြပ် ဆောက်လုပ်ခဲ့တယ်လို့ မော်ကွန်းကျောက်စာမှာ ကမ္ဗည်းထိုးထားတာရှိတယ်လို့ သိရပါတယ်။ အဲဒီခေတ်က ဧရာဝတီမြစ်ကနေ ဆန်တက်လာမယ့် ကိုလိုနီနယ်ချဲ့တွေကို ခုခံတိုက်ခိုက် ဟန့်တားဖို့ ရတနာပုံနေပြည်တော်အနီး အင်းဝမှာ ဆင်ကျုံးခံ တပ်၊ စစ်ကိုင်းမှာ အစေခံခံတပ်နဲ့ အမရပူရ မှာ သပြေတန်းခံတပ်လို့ သုံးပွင့်ဆိုင်တည်ဆောက်ခဲ့တဲ့ ခံစစ်စခန်းတွေ ဖြစ်တယ်လို့လည်းသိရပါတယ်။ 

ဆင်ကျုံးခံတပ်ဟာ စတုန်ရန်းပုံဖြစ်ပြီး အုတ်တံတိုင်း (၃)ထပ် ရံထားပါတယ်။ အပြင်တံတိုင်းနဲ့ အလယ် တံတိုင်းကြားမှာ (၃၁)ပေ ကျယ်ဝန်းတဲ့ ကျုံးရှိပါတယ်။ အတွင်းတံတိုင်းအပြင်ဖက်မှာတော့ ကတုတ် ကျင်းတွေ တူးထားတယ်လို့ သိရပါတယ်။ 

ဆင်းကျုံးခံတပ်ရဲ့ မြောက်ဖက်တူရူဖက်ကိုကြည့်လိုက်ရင် မြစ်နံဘေးမှာ ကျွန်းကြီးအကြီးကြီးကို တွေ့ရ ပါတယ်။အဲဒီကျွန်းကြီးရဲ့ တစ်ဖက်မှာတော့ ဧရာဝတီမြစ်ခပ်သေးသေးတစ်စင်း ရှိပါတယ်။အဲဒီ ဧရာဝတီ မြစ်ရဲ့ တစ်ဖက်ကမ်းမှာတော့ ပေါက်လှဆိုတဲ့ ရွာကြီးရှိတယ်လို့ သိရပါတယ်။ ရေလယ်ကျွန်းကြီးပေါ်မှာ တော့ လူနေအိမ်အချို့နဲ့ စိုက်ခင်းတွေကို တွေ့ရပါတယ်။ မြစ်အကွေ့နားရောက်တော့ မြစ်ရဲ့ အရှေ့ဖက် ကနေ(မြောက်ဖက်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်၊ အဲဒီနေရာမှာ မြစ်ဟာ ကွေ့သွားပြီး အရှေ့မှ အနောက်သို့ စီးဆင်းသလို ဖြစ်နေလို့ပါ) စမုံမြစ်ဟာ ဧရာဝတီမြစ်ထဲကို စီးဝင်နေတာပါ။ စမုံမြစ်ဟာ မြစ်ငယ်မြစ် လောက်တော့ မကြီးတာ တွေ့ရပြီး မြစ်ငယ်မြစ်ကနေ ခွဲထွက်လာတဲ့ မြစ်လို့ သိရပါတယ်။ 

ဆက်ပြီးစုန်ဆင်းလေ ရေလယ်မှာ သောင်ကြီးတွေထွန်းနေတာတွေ့ရလေပါပဲ။ မြစ်ဟာ တဖြည်းဖြည်း အနောက်မြောက်ဖက်ကိုကွေ့သွားပြီး ခဏအကြာမှာတော့ အနောက်တည့်တည့်ကို စီးဆင်းပါတယ်။ ရွာသစ်ကြီး၊ မြင်းမူထိအောင် အနောက်စူးစူးအတိုင်း ဧရာဝတီဟာ စီးပါတယ်။ နွေရာသီဖြစ်တဲ့အတွက် ရေလယ်မှာသောင်ကြီးတွေ ထွန်းနေပါတယ်။ တချို့ကျွန်းတွေရဲ့အလယ်မှာတော့ မြစ်ကျိုးအင်းတချို့ကို တွေ့ရပါတယ်၊ စိုက်ကြ ပျိုးကြတာတော့ မတွေ့ရပါဘူး။ ဆင်မြေရွာနဲ့ ရွာသစ်ကြီးကြား မြစ်ရဲ့မြောက် ဖက်မှာတော့ ကျွန်းအကြီးကြီးကို တွေ့ရပြီး နွေမိုးဆောင်း စိုက်ပျိုးရေးတွေ လုပ်ကြတယ်လို့ သိရပါ တယ်။ 

စုန်ဆင်းလာတဲ့အခါ မြစ်ရဲ့ ညာဖက်အခြမ်းမှာ ရွာသစ်ကြီးကျေးရွာကြီးကိုလည်း တွေ့ရပါတယ်။ အဲဒီမှာ စီးလာတဲ့သင်္ဘောဟာ အကြာကြီးကိုရပ်ပြီး ကုန်တင်ကုန်ချတွေလုပ်ပါတယ်။ အဓိကကုန်တွေကတော့ နှမ်း၊ ပဲအမျိုးမျိုးနဲ့ စားသောက်ကုန်တွေပဲ ဖြစ်ပါတယ်။ ရွာသစ်ကြီးဟာ စစ်ကိုင်းတိုင်းအတွင်းတည်ရှိပြီး ရွာသစ်ကြီးရဲ့ တစ်ဖက်ကမ်းမှာတော့ သောင်ကျွန်းကြီး တစ်ခုရှိပြီး မိုးအခါမှာ ရေမမြုပ်တဲ့အပိုင်းတွေကို စိုက်ပျိုးရေးတွေလုပ်ကြတယ်လို့ သိရပါတယ်။ ရွာသစ်ကြီးကထွက်လာလို့ ဧရာဝတီမြစ်ကို စုန်ဆင်းတဲ့ အခါ မြစ်ရဲ့ လက်ယာဖက်အခြမ်းမှာရော လက်ဝဲဖက်အခြမ်းမှာပါ သောင်အကြီးကြီးတွေကို တွေ့ရပါ တယ်။ ခဏကြာတော့ မြစ်ရဲ့ လက်ယာဖက်အခြမ်း စစ်ကိုင်းတိုင်းတွင်းကပဲ ကိုင်းပြင်ရွာကို ရောက်ပါ တယ်။ သူလည်းပဲ ဧရာဝတီမြစ်ဘေးက ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ 

ကိုင်းပြင်ရွာရဲ့ တောင်ဖက်တည့်တည့် မန္တလေးတိုင်းဖက် မြစ်ရဲ့ (စုန်ဆင်းလာရင်) ဘယ်ဖက်အခြမ်းမှာ သောင်ကြီးတစ်ခုရှိပြီး အဲဒီသောင်ကျွန်းကြီးရဲ့ တောင်ဖက်ကမ်းမှာတော့ ထမ်းစင်လှရွာလေးရှိပါတယ်။ သောင်ကျွန်းကြီးပေါ်မှာတော့ မိုးရာသီရေမမြုပ်တဲ့နေရာတွေမှာ သစ်ပင်ကြီးတွေရှိပြီး စိုက်ပျိုးရေးလုပ် ကြပါတယ်။ ထမ်းစင်လှရွာလေးရဲ့ မလှမ်းမကမ်းမှာတော့ မန္တလေးတိုင်းဖက်အခြမ်းမှာ ငါန်းဇွန်မြို့ရှိပါ တယ်။ 

ငါးဇွန်းမြို့နယ် တည်နေရာကတော့ ရှေးယခင်က ငါန်းမြွေကြီးတစ်ကောင် ဆိုးသွမ်းလျက်ရှိပြီး ထိုမြွေကို ဘယ်သူမှ မနှိမ်နင်းနိုင်ခဲ့ဘူးလို့ဆိုပါတယ်။ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်ရာမှာတော့ အဲဒီ မြွေဆိုးကြီးဟာ မင်းကြီးကို မြင်ပြီး ၃ ကြိမ်တွန်ကျူးပြီးတော့ ဦး၃ ကြိမ်ပြုချ ဝပ်တွားသွားတယ်လို့ ဆိုပါတယ်။အဲဒါကြောင့် အဲဒီနေရာကို ငါန်းတွန်ရွာလို့ မင်းကြီးကအမည်ပေးခဲ့ရာမှ နောင်ကာလကြာတဲ့ အခါ  ငါန်းဇွန်လို့ အမည်တွင်လာတာဖြစ်ကြောင်း ပါးစပ်ရာဇဝင်များကို ဒေသခံတွေက ပြောပြပါတယ်။ သမိုင်းအထောက်အထားအရကတော့ ပုဂံခေတ် နရသီဟမင်း လက်ထက် သက္ကရာဇ် ၆၁၂ခုနှစ်မှာ ရေးထိုးခဲ့တဲ့ ပုဂံမြို့ အဟာသမန်းကျောင်း ကျောက်စာမှာ ငါန်းဇွန်ရပ်ဟူ၍ အစောဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၀၂ခုနှစ်ကျမှ မြို့အုပ်မင်းရုံးစိုက်ခဲ့ပြီး ၃၀ ဇွန် ၁၉၇၂ ခုနှစ်မှာ မြို့အဖြစ် တရားဝင် ဖြစ်လာခဲ့တာ ဖြစ်တယ်လို့ မှတ်တမ်းရှိတယ်လို့လည်း သိရပါတယ်။ 

ငါန်းဇွန်မြို့ဟာ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်ပြီး ဧရာဝတီရဲ့ တောင်ဖက်ကမ်းပေါ်မှာရှိပေမယ့် (ထိုနေရာ တွင်လည်း ဧရာဝတီမြစ်ဟာ အရှေ့မှ အနောက်သို့ စီးဆင်းတာ ဖြစ်ပါတယ်) နွေရာသီမှာတော့ သဲသောင် တွေကြောင့် သင်္ဘောကပ်လို့ မရဘဲ ထမ်းစင်လှရွာလေးမှာပဲ ကပ်ပြီး ကုန်တင်ကုန်ချတွေလုပ်၊ ခရီးသည် တွေ အဆင်း အတက်လုပ်ရပါတယ်။ ဧရာဝတီမြစ်ဟာ နွေအခါရေကျချိန်ဆို ဟိုသွားလို့မရ၊ ဒီသွားလို့ မလွယ်၊ ဟိုကပ် မရ၊ ဒီကပ် မရနဲ့ အနီးဆုံး ကားလမ်း မြေနီလမ်းရှိတဲ့နေရာမှာ ကမ်းကပ်ရတယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ကျော်ကြားတဲ့ ငါန်းဇွန်ထောပတ်ကတော့ ငါန်းဇွန်မြို့ကို အစွဲပြုခေါ်တဲ့ ထောပတ်ဖြစ်ပါတယ်။ ငါန်းဇွန်မြိုနယ်မှာတော့ ပဲ၊ ပြောင်း၊ ဆေး၊ ငရုတ် စတာတွေ စိုက်ပျိုးကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ 

ထမ်းစင်လှရွာဖက်ကနေ သင်္ဘောဟာနောက်ပြန်လှည့်ပြီး ကျယ်ဝန်းတဲ့ ဧရာဝတီမြစ်ကြီးဖက်ဆီ ပြန် လှည့်သွားပြီး အဲဒီကမှ အနောက်ဖက်ကို စုန်ဆင်းသွားတဲ့အခါ စစ်ကိုင်းတိုင်းဖက်အခြမ်း၊ ဧရာဝတီမြစ်ရဲ့ မြောက်ဖက်ခြမ်း ညောင်ပင်ဝန်းကျေးရွာဆိုတဲ့ရွာနားကနေ ဧရာဝတီမြစ်ထဲကို မူးမြစ်ဆိုတာ စီးဝင်ပါ တယ်။ မူးမြစ်ကတော့ စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့နယ် အထက်ဖက်ကမြစ်ဖျားခံလို့ သဖန်းဆိပ် ရေလှောင်တံမံထဲစီးဝင်ပြီး အဲဒီကတစ်ဆင့် စက်တပ်ဆင်အား ၃၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပြီး ဧရာဝတီမြစ်ထဲကို စီးဝင်တာပဲ ဖြစ်ပါတယ်။ 

မူးမြစ်အလွန်မှာတော့ ဧရာဝတီမြစ် မြောက်ဖက်ခြမ်းမှာရှိတဲ့ မြင်းမူမြို့ကို ရောက်ပါတယ်။ မြို့ဆိပ်ကမ်း မကပ်ခင် သင်္ဘောပေါ်ကနေ သျှင်ပင်သာထွန်းဦးဘုရားကို လှမ်းမြင်နေရပါတယ်။ ခဏအကြာမှာ သင်္ဘောဆိပ်ကမ်းကပ်ပါတယ်။ 

 မြင်းမူမြို့နယ်ဟာ ရှေးယခင် မြန်မာမင်းများလက်ထက်ကတည်းက တည်ရှိကျော်ကြားခဲ့တဲ့ နယ်ပယ် တစ်ခုဖြစ်ပြီး၊ ရဟန်း၊ လူ စာဆိုအကျော် ပညာရှိများ၊ ထူးခြားထင်ရှား ပုဂ္ဂိုလ်များ များစွာထွက်ရှိတယ်လို့ သိရပါတယ်။ လောကသာရပျို့ နှင့် ကဗျာ၊ စာပေ၊နီတိပေါင်းများစွာရေးသားတော်မူခဲ့တဲ့စာဆိုအကျော် ကန်တော်မင်းကျောင်းဆရာတော်ဟာ မြင်းမူမြို့နယ်  ထီးဆောင်း ရွာ မြောက်ဘက်၊ ကန်တော်ရွာတွင် မွေးဖွားခဲ့တာလို့ ဆိုပါတယ်။ 

 မြင်းမူမြို့ဟာမြို့အမည်နှင့်ပတ်သက်ပြီး ကွဲလွဲနေတာတွေ့ရပါတယ်။ မြင်းမူမြို့ကို  အလောင်းစည်သူ မင်းတည်တော်မူပြီး အလောင်းစည်သူမင်း မြင်တော်မူသည်ဟူသော စကားမှ မြင်းမူ ဖြစ်လာတယ်လို့ လည်း ဆိုပါတယ်။ တစ်မျိုးကတော့ ယခုမြင်းမူမြို့ဖြစ်တဲ့ရွာမှာ မြင်သူတကာ မူးမေ့သွား‌လောက်အောင် ချောမွေ့လှပတဲ့ မိန်းကလေးတစ်ဦးကို အကြောင်းပြုပြီး မြင်မူးရွာဟုခေါ်ရာကနေ ကာလရွေ့လျောလာ တဲ့အခါ မြင်းမူဟု အမည်တွင်လာတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။   

(ဆက်လက်ဖော်ပြပါမည်) 

သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly