ရွေးကောက်ပွဲရလဒ်ထုတ်ပြန်မည့် မီဒီယာစင်တာသို့ အစိုးရဝန်ကြီးများကို ဖိတ်ထား

ရွေးကောက်ပွဲရလဒ်ထုတ်ပြန်မည့် မီဒီယာစင်တာသို့ အစိုးရဝန်ကြီးများကို ဖိတ်ထား
(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမသတင်းဌာန)

နေပြည်တော်၊ နိုဝင်ဘာ ၉ ။           ။ မဲစာရင်းရလာဒ်များကို ထုတ်ပြန်ကြေငြာမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှိ မီဒီယာစင်တာဖွင့်ပွဲသို့ အစိုးရဝန်ကြီးဌာနများ အပါအဝင် ပြည်ထောစုရှေ့နေချုပ်နှင့် တရားသူကြီးချုပ်တို့ကို ဖိတ်ကြားထားကြောင်း ကော်မရှင်၏ သုတေသနနှင့် မှတ်တမ်းဌာနမှ စုံစမ်းသိရှိရသည်။
 
"အစိုးရဝန်ကြီးဌာနတွေ အကုန်ဖိတ်ထားတယ်။ ဝန်ကြီးတွေ တက်မလား၊ ဒုဝန်ကြီးတွေ တက်မလားတော့ မသိဘူး။ သူတို့ VIPတွေလာရင် ကားတွေကို အထဲထိ မောင်းဝင်းခိုင်းပြီး လည်ဆွဲကတ်ဒ် (ယာယီဝင်ခွင့်ကတ်ဒ်)တွေ မပေးနဲ့" ဟု မီဒီယာစင်တာ၏ အလှည့်ကျတာဝန်မှူးက ကော်မရှင်ရုံး ဝင်ပေါက်ရှိ လုံခြုံရေးများကို ညွှန်ကြားနေသည်ကိုလည်း တွေ့ရသည်။
 
ရွေးကောက်ပွဲရလာဒ်များ ထုတ်ပြန်မည့် မီဒီယာစင်တာဖွင့်ပွဲ အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက အဖွင့်အမှာစကား ပြောကြားမည်ဖြစ်သည်။ ယင်းနောက် ဦးတင်အေး ဦးဆောင်ပြီး စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်လည်း ပြုလုပ်သွားမည်ဖြစ်သည်။
 
ထို့ပြင် ရရှိထားသော မြို့နယ်အချို့မှ မဲစာရင်းရလဒ်များကို ထုတ်ပြန်ကြေငြာသွားမည် ဖြစ်သည်။ ထုတ်ပြန်မည့် အခြေအနေ အသေးစိတ်ကိုမူ ကော်မရှင်၏ သုတေသနနှင့် မှတ်တမ်းဌာနသို့ စုံစမ်းမေးမြန်းခဲ့သော်လည်း တိတိကျကျ ဖြေကြားခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly