ရွေးကောက်ပွဲတွင် သတင်းယူခွင့် တန်းတူပေးရန် စာနယ်ဇင်းကောင်စီ တောင်းဆို

ရွေးကောက်ပွဲတွင် သတင်းယူခွင့် တန်းတူပေးရန် စာနယ်ဇင်းကောင်စီ တောင်းဆို

နေပြည်တော်၊ နိုဝင်ဘာ ၆ ။ ။ ရွေးကောက်ပွဲသတင်းများ ရယူရာတွင် နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် တစ်ပြေးညီသဘောထားကာ သတင်းမှတ်တမ်းရယူခွင့်ပြုရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က နိုဝင်ဘာ (၆)ရက်စွဲဖြင့် ကော်မရှင်ထံ တောင်းဆိုလိုက်သည်။

“တစ်ပြေးညီသဘောထား၊ အခွင့်အရေးပေးသည့်အနေနှင့် ပုဂ္ဂလိကမီဒီယာများကိုလည်း နိုင်ငံပိုင်မီဒီယာများနည်းတူ မှတ်တမ်းတင်ခွင့်ပြုသင့်ကြောင်း” ဟု ကောင်စီ၏ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြော -ခေတ်+မိုး) လက်မှတ်ရေးထိုးကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လိပ်မူပေးပို့ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တေနာ်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်စသူတို့ ဆန္ဒမဲပေးသည့် ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းတင်ခွင့်ကို နိုင်ငံပိုင်မီဒီယာများကိုသာ ခွင့်ပြုခဲ့သည့်အပေါ် ကော်မရှင်ထံ စာပေးပို့ကာ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“ယခုအခါ နိုင်ငံတော်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေသောအချိန် ဖြစ်သည့်အတွက် သတင်းမီဒီယာများအားလုံးအပေါ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်ပြေးညီသဘောထား၊ အခွင့်အရေးပေးသည့်အနေနှင့် ပုဂ္ဂလိက သတင်းမီဒီယာများကိုလည်း နိုင်ငံပိုင်မီဒီယာများနည်းတူ မှတ်တမ်းတင်ခွင့်ပြုသင့်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က လေးစားစွာ မေတ္တာရပ်ခံ အကြံပြုအပ်ပါသည်” ဟု ကောင်စီ၏ စာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) မှအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ''အရင်ရွေးကောက်ပွဲတွေမှာ သူများတွေဓါတ်ပုံမရိုက်ရဘူးဆိုပေမယ့် နိုင်ငံပိုင်မီဒီယာတွေမှာ သမ္မတတို့ စစ်ဖက်အကြီးအကဲတို့ပုံတွေဖော်ပြခဲ့တဲ့ သာဓက တွေရှိခဲ့တယ်။ မနေ့က ကော်မရှင်ကထုတ်ပြန်တဲ့ ပြည်တွင်း ပြည်ပမီဒီယာတွေ ဗီဒီယို၊ ဓါတ်ပုံမရိုက်ရဘူးဆိုရင် နိုင်ငံပိုင်မီဒီယာတွေလည်း ရိုက်ခွင့်မပေးနဲ့ပေါ့။ မျှမျှတတဖြစ်အောင်လို့ ဒီစာပို့ရတာပါ။'' ဟုပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ ပြည်တွင်း၊ ပြည်ပမီဒီယာသမားများအနေဖြင့် မဲရုံပရဝုဏ်အတွင်းမှသာ သတင်းရယူခြင်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်းတို့အား ခွင့်ပြုရန်နှင့် မဲရုံအတွင်း ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်းအား လုံးဝ(လုံးဝ)ခွင့်မပြုရန် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအားလုံးထံ ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly