ပါတီမှထုတ်ပယ်သည့် သတင်းသူရဦးရွှေမန်းမသိရသေးဟု ကိုယ်ရေးအရာရှိပြော

ပါတီမှထုတ်ပယ်သည့် သတင်းသူရဦးရွှေမန်းမသိရသေးဟု ကိုယ်ရေးအရာရှိပြော

ရန်ကုန် နိုဝင်ဘာ ၄ ။ ။ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်သည်ဆိုသည့် သတင်းကို ၎င်းတို့ကိုယ်တိုင်ပင် မသိသေးကြောင်း သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဝင်းထွန်းက မဇ္ဈိမကိုပြောသည်။

"ကျွန်တော်တို့အဲဒီလိုသတင်းကော၊ ပြည်ခိုင်ဖြိုးနဲ့ ပက်သက်တဲ့သတင်းဘာမှမကြားပါဘူး။ တွေ့ကိုမတွေ့သေးဘူးလို့" ဟု ၎င်းကတုန့်ပြန်ပြောဆိုသည်။

သူရဦးရွှေမန်း၏ ကိုယ်ရေးအရာရှိအပြင် ၎င်းအနီးတွင်အတူရှိနေကြသည့် အောင်နိုင်ရေးအဖွဲ့ဝင်အချို့ကလည်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်သည်ဆိုသည့်အကြောင်းကို သူရဦးရွှေမန်းကိုယ်တိုင်နှင့် ၎င်းကိုယ်ရေးအရာ ရှိတို့ကလည်း ပြောဆိုခြင်းမရှိကြောင်း မဇ္ဈိမကိုပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ် အုပ်ချုပ်မှုရေးရာဌာန ဌာနမှူး ဦးတင်ဌေးက သူရဦးရွှေမန်းကို ထုတ်ပယ်သည့် တရားဝင် ထုတ်ပြန်ရန် ပါတီမှ အသိပေးခြင်း မရှိကြောင်း နှင့် ယင်းသတင်းကိုလည်း လက်ခံရရှိမှု မရှိသေးကြောင်း မဇ္ဈိမကို နိုဝင်ဘာ ၄ရက် နေ့လည်က ပြောသည်။ 

"စာအဝင်အထွက် စာထုတ်တာတွေ ကျွန်တော်တို့ ဌာနက လုပ်တာ။ အခုချိန်ထိတော့ ဘာမှ မကြားသေးဘူး။ ဌာနချုပ်မှာတော့ အစည်းအဝေးက နေ့တိုင်းလုပ်နေတယ်" ဟု ဦးတင်ဌေးက ပြောသည်။

အောက်တိုဘာ ၃၁ရက်တွင်၊ သူရဦးရွှေမန်းက ၎င်း၏ဇာတိမြေ ကညွှတ်ကွင်းဒေသခံများနှင့် တွေ့ဆုံမှုအပြီး သတင်းမီဒီယာများနှင့်ပါ ထပ်မံတွေ့ဆုံကာ အတိုက်အခံခေါင်းဆောင်နှင့် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် ဦးသိန်းစိန်အစုအဖွဲ့နှင့် ဦးရွှေမန်းတို့အစုအဖွဲ့အကြား အဓိကသဘော ထားကွဲလွဲသည်ဟု ယူဆနိုင်ကြောင်း မဇ္ဈိမကိုဖြေဆိုထားသည်။

ယင်းအတွက်ကြောင့်ပင် ၂၀၁၅ခုနှစ် သြဂုတ်လ ၁၂ရက်၊ ညပိုင်းက သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားကာ၊ ဦးအောင်သိန်းလင်း၊ သူရဦးအောင်ကိုအပါအဝင် ဗဟိုအလုပ်အမှုအဆောင် ၁၀ဦးကျော်ကိုလည်း သာမန်ပါတီဝင်အဖြစ်အထိ ရာထူးမှလျော့ချခဲ့သေးသည်။

ပြည်ခိုင်ဖြိုးမှ ပြောရေးဆိုခွင့်ရှိသူနှင့် ပါတီခေါင်းဆောင်များနှင့် နီးစပ်သူများကို မဇ္ဈိမက ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags