ဧရာဝတီတိုင်းကော်မရှင် နှင့် မြောင်းမြကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံပွဲ မီဒီယာသတင်းယူခွင့် အပြည့်မရ

ဧရာဝတီတိုင်းကော်မရှင် နှင့် မြောင်းမြကော်မရှင် အဖွဲ့ဝင်များ တွေ့ဆုံပွဲ မီဒီယာသတင်းယူခွင့် အပြည့်မရ

မြောင်းမြ၊ နိုဝင်ဘာ ၃ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် မြောင်းမြကော်မရှင်အဖွဲ့ခွဲများ နိုဝင်ဘာ ၃ရက်က တွေ့ဆုံရာတွင် လာရောက်သတင်းယူသည့် မီဒီယာများကို အစပိုင်းသာ ဝင်ခွင့်ပြုခဲ့ပြီး သတင်းယူခွင့် မပြည့်အဝ မပေးခဲ့ပေ။ 

"ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ဖို့ရယ်၊ မီဒီယာတွေရှိနေတဲ့ အခါမှာ မဝံ့မရဲဖြစ်တဲ့အတွက်ကြောင့် အပြင်ထွက်ပေးပါလို့ပြောတယ်။ ပထမဝင်ခိုင်းထားတယ်။ နောက် ပြန်ထွက်ခိုင်းတယ်ဆိုတာ မဖြစ်သင့်ဘူး။ နဂိုကတည်းက တံခါးပိတ် အစည်းအဝေးဆို တံခါးပိတ် အစည်းအဝေး လုပ်လို့ရတယ်။ လုပ်နေရင်းနဲ့မှ တံခါးပိတ် အစည်းအဝေးပုံစံ ပြန်လုပ်တော့ ဒီအပေါ်မှာ ကျွန်တော်တို့က မေးခွန်းထုတ်စရာ၊ သံသယ ဖြစ်စရာ ဘာတွေလျို့ဝှက်ကြံစည်နေလဲ အတွေးပွားစရာ ဖြစ်သွားတာပေါ့။ "ဟု ဧရာဝတီတိုင်း၊ ပုသိမ်မြို့အခြေစိုက် The Voice သတင်းစာမှ သတင်းထောက် ကိုမင်းစိုးက မဇ္ဈိမကို ပြောသည်။

မီဒီယာများကို အစည်းအဝေး အစပိုင်းတွင် ဝင်ရောက်သတင်းယူခွင့်ပေးခဲ့ပြီးမှ နောက်ပိုင်းတွင် မီဒီယာများရှိ၍ မဝံ့မရဲဖြစ်သည်ဟု အကြောင်းပြကာ သတင်းယူခွင့်ကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။ 

ပုသိမ်အခြေစိုက် DVB သတင်းထောက် ကိုသော်ဇင်မျိုးကလည်း "ရွေးကောက်ပွဲကော်မရှင်က မီဒီယာမှာ ပါမှာကို ကြောက်တယ်လို့ဆိုပြီးတော့ .. တရားမျှတစွာလုပ်ပေးရမယ့် ကော်မရှင်က ကျွန်တော်တို့ ဘာအာဏာမှမရှိတဲ့ မီဒီယာတွေကို ကြောက်နေမယ်ဆိုရင် တကယ်အာဏာရှိတဲ့သူက ဖိအားပေးပြီး တခုခု ဆောင်ရွက်ခိုင်းလို့ရှိရင် သူတို့အနေနဲ့ ဒါ ဆောင်ရွက်ရတော့မယ့် သဘောရှိနေတယ်။"ဟု ပြောသည်။ 

အစည်းအဝေးတွင် ကော်မရှင်မှ မဲစလစ်များပေးဝေမှုကို ပါတီကြီးတခုက ကန့်ကွက်သဖြင့် အခြားနည်းအသုံးပြုမည်ဖြစ်ကြောင်းလည်း တိုင်းကော်အရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားလိုက်သည်။

ယင်းအပြင် ဧရာဝတီတိုင်းအတွင်း မဲရုံများအား လေ့လာစောင့်ကြည့်ရန် ပြည်တွင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ အလွန်များကြောင်းလည်း ၎င်းက ထုတ်ဖော်ပြောကြားသည်။ 

"ပြည်တွင်း observer (လေ့လာစောင့်ကြည့်သူ) တော်တော့်ကိုများနေပြီဗျ။ ကျွန်တော်တို့ ဧရာဝတီတိုင်းအတွင်းမှာ။ PACE ဆိုတဲ့အဖွဲ့တော်တော်များတယ်" ဟု ဦးအောင်မြင့်က ပြောသည်။

ပြည်တွင်းလေ့လာစောင့်ကြည့်မည့် အဖွဲ့များတွင် PACE၊ ဖန်တီးအိမ် နှင့် အဖွဲ့လေးဖွဲ့ရှိပြီး PACE နှင့် ဖန်တီးအိမ်က အများဆုံးဖြစ်သည်ဟု ၎င်းက ပြောသည်။ ယင်းအပြင် မဲရုံအတွင်း ပါတီများမှ စောင့်ကြည့်မည့်သူများအတွက်သာ ထိုင်ခုံစီစဉ်ပေးရန် တာဝန်ရှိပြီး လေ့လာစောင့်ကြည့်မည့်သူများအတွက် ဘာတာဝန်မှ မရှိကြောင်းလည်း ၎င်းက မြောင်းမြကော်မရှင်အဖွဲ့ခွဲမှ မဲရုံဝန်ထမ်းများ၊ အဖွဲ့ဝင်များကို ပြောသည်။ 

"observer တွေအတွက် ကျွန်တော်တို့မှာ ဘာတာဝန်မှ မရှိဘူး။ observer တွေအတွက် ထိုင်ခုံမရှိရင် မင်းတို့ဖာသာ ဆွဲထိုင်လို့ ပြောရမှာပေါ့"ဟု ၎င်းက မှာကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၃ရက်က မြောင်းမြမြို့၊ မြရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly