NLD အနိုင်ရပါက မည်သူ့ကိုမှ အာဃာသမထားပဲ အတူတွဲလုပ်ရန် ကြိုဆိုမည်ဟု ဒေါ်စုကတိပြု

NLD အနိုင်ရပါက မည်သူ့ကိုမှ အာဃာသမထားပဲ အတူတွဲလုပ်ရန် ကြိုဆိုမည်ဟု ဒေါ်စုကတိပြု

ရန်ကုန်၊ နိုဝင်ဘာ ၁ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပါက မည်သည့်အဖွဲ့အစည်း၊ မည်သူ့ကိုမှ အာဃာတမထားဘဲ၊ အတူပူးပေါင်းတွဲလုပ်ရန် လက်ကမ်းကြိုဆိုမည်ဟု နိုဝင်ဘာ ၁ရက်၊ ရန်ကုန်ရွေးကောက်ပွဲဆိုင်ရာ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကတိပြုလိုက်သည်။

"ကျွန်မတို့နဲ့ အမြင်ခြင်းမတူတဲ့ ပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေက အာဃာသကင်းစင်တယ်ဆိုတာ မယုံဘူးတဲ့။ သူတို့စိတ်နဲ့သူတို့များ နှိုင်းနေလို့မယုံတာလားလို့ စဉ်းစားမိတယ်။ ဒါက NLD ရဲ့သိက္ခာ၊ တစ်ချို့ကလည်း မာနလို့ ထင်ရင်ကျွန်မလက်ခံပါတယ်။ ကျွန်မတို့က အားလုံးကို ကျောသားရင်သားမခွဲ ဆက်ဆံရေးဟာ တစ်ကယ့်ကို သိက္ခာ၊ အဆင့်ရှိတဲ့နိုင်ငံရေးအဖွဲ့အစည်းတာဝန်ဖြစ်လို့ ၁၀၀ရာခိုင်နှုန်းအနိုင်ရရင် လက်ကမ်းကြိုပြီး အတူတွဲပြီးလုပ်ချင်စိတ်ရှိပါတယ်။"ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ ရွေးကောက်ပွဲနေ့အထိ မှန်မှန်ကန်ကန် လုပ်ဖို့လိုပါတယ်"ဟုလည်း ပြောကြားခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မဲဆန္ဒရှင်များကို မဲပေးသည့်နေ့တွင် အမှားအယွင်းမရှိ မဲပေးနိုင်ရန်လည်း ပညာပေး ဟောပြောခဲ့သေးသည်။ 

နိုဝင်ဘာ ၁ရက်၊ သင်္ကန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီကွင်းအတွင်း နေ့လည် ၄နာရီက ပြုလုပ်သည့် NLD ရန်ကုန်တိုင်း ရွေးကောက်ပွဲဆိုင်ရာ လူထုဟောပြောပွဲသို့ ရန်ကုန်တိုင်းမှ NLD ထောက်ခံအားပေးသူ ပြည်သူ သိန်းချီတက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags