NLD မဲဆွယ်ပွဲမှ ပြန်လာသူများကို ရွာခံပြည်ခိုင်ဖြိုးများက တားဆီးပိတ်ဆို့ဟုပြော

NLD မဲဆွယ်ပွဲမှ ပြန်လာသူများကို ရွာခံပြည်ခိုင်ဖြိုးများက တားဆီးပိတ်ဆို့ဟုပြော
Photo Credit U Kyaw Swe

ရန်ကုန်၊ အောက်တိုဘာ ၃၀ ။ ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်စည်းရုံးပွဲမှပြန်လာသည့် ကန်နီရွာသားများကို ယင်းရွာနှင့် အောင်သုခရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်ရွာခံအချို့က ပိတ်ဆို့တားဆီးခဲ့သည်ဟု ပိတ်ဆို့ခံရသူများနှင့် မကွေးတိုင်း NLD အမတ်လောင်း ဦးသက်နိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လက်ယက်မရွာ၌ အောက်တိုဘာ ၂၉ ရက် နေ့လည်တွင် ပြုလုပ်သည့် NLD အမတ်လောင်းများ မဲဆွယ်စည်းရုံးရေးဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် ကန်နီရွာသား ၅၀ ခန့်ကို ယင်းရွာနှင့် အောင်သုခရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်များက ရွာအတွင်းအဝင်မခံခဲ့ဟု ကန်နီရွာသား ဦးမြင့်နိုင်က မဇ္ဈိမကို ပြောသည်။

"ရွာအဝင် သုံးပေါက်မှာ ၂ပေါက်ကို ပိတ်ထားတယ်။ အရှေ့မြောက်ဖက်အပေါက်ကပဲဝင်ဖို့ အုပ်ချုပ်ရေးမှူးက ပြောတယ်။ သူအာမခံပါတယ်ဆိုပြီး ခေါ်သွားတယ်။ ဒါပေမယ့် ဟိုရောက်တော့ ပြည်ခိုင်ဖြိုးအင်္ကျီဝတ်ပါတီဝင် ၅၀လောက်က တုတ်တွေ နဲ့ လေးခွတွေနဲ့ စောင့်ပြီး မဝင်ခိုင်းဘဲ ပိတ်ဆို့ထားတာ။ အုပ်ချုပ်ရေးမှူးက တာဝန်ခံတယ်ဆိုပေမယ့် ကျွန်တော်တို့ကို တစ်ဦးစီပဲ ဝင်ခိုင်းတယ်။ အဲဒီတော့ ပိုပြီးလုံခြုံမယ့်ဆီကိုပဲ မြိုင်ကို ပြန်သွားတယ်။ မြိုင်ကို လမ်းလျောက် ပြီးပဲပြန်တာ။ NLD အမတ်လောင်းက ကားစီစဉ်ပေးလို့ မြိုင်ကို လမ်းတစ်ဝက်လောက်မှာ ကားနဲ့ပြန်ခဲ့တာပဲ။" ဟု ပြောသည်။

"ကျွန်တော်တို့ဖက်က ကလေး ၁၅ယောက်လောက်ပါတယ်။ ကျန်တဲ့ ၃၀လောက်က လူကြီးတွေ။" ဟုလည်း ၎င်းက ဆက်ပြောသည်။

ယင်းနေ့ အောက်တိုဘာ ၂၉ရက်တွင် မြိုင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးမှဝင်ရောက်သူ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးသိန်းထွန်း၏ ကန်နီရွာ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲနှင့် တိုက်ဆိုင်နေကာ၊ ယင်းပွဲသို့ တက်ရောက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် NLD မဲဆွယ်ပွဲမှ ပြန်ရောက်လာသူတို့အကြားဖြစ်ပွားခြင်းဖြစ်သည်။

မြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမျိုးမင်းသိန်းကမူ "အဲဒီကိစ္စကို ညကတည်းကဖြေရှင်းပေးပြီး သွားပါပြီ။ ရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင်က အာမခံခေါ်ပေးတာကို သူတို့ဖက်က မဝင်တာပါ။ ရွာထဲကို မဝင်ခိုင်းတာလည်း မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးက မဲဆွယ်တာအပြီး နှစ်ဖက်ထိပ်တိုက်တွေ့မှာဆိုးလို့ တစ်ခြားတစ်ဖက်က ဝင်ခိုင်းတယ်။ တစ်ဖက်က လူအင်အားများလို့ပါ" ဟု ပြောသည်။

ဖြစ်ပွားမှုကြောင့် NLD မဲဆွယ်ပွဲမှ ပြန်လာသည့် အဆိုပါ ကန်နီရွာသား ၅၀ခန့်သည် မြိုင်မြို့ အမှတ် ၄ ရပ်ကွက်၊ မင်းဘုန်းတော်ကြီးကျောင်းတို့ ညအိပ်ခဲ့ရပြီး အောက်တိုဘာ ၃၀ ရက် မွန်းလွဲသာ ကန်နီသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရသည်ဟု မြိုင်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ဝင်ရောက်သူ NLD တိုင်းအမတ်လောင်း ဦးသက်နိုင်က ပြောသည်။

"အရင်ပြည်ခိုင်ဖြိုးက မြိုင်မြောက်ဖက်ဆိုရင်၊ ကျွန်တော်တို့က တောင်ဖက်မှာ အမြဲလုပ်နေကြ။ ကော်မရှင်က အဲဒီအတိုင်းပဲ ခွင့်ပြုတယ်။ ကန်နီက မြိုင်ကိုလာရင် မဖြတ်မနေဖြတ်ရတယ်။ တစ်ခြားရွာတွေကိုလည်း ကန်နီက ဖြတ်သွားရတယ်။ အရင်ရက် ၄၀ လောက်ကတည်းက ကြိုတင်ထားတာ။ အဲဒီနေ့ကိုပဲ ပြည်ခိုင်ဖြိုးနဲ့အတူ ခွင့်ပြုတော့ အခုလိုဖြစ်တာ။" ဟု ၎င်းကပြောသည်။

ကန်နီကျေးရွာသို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်သည် ရွာအရှေ့ဖက်တွင် သုံးပေါက်နှင့် ရွာအနောက်ဖက်တွင် ၂ပေါက်ထိ စုစုပေါင်း ၅ပေါက်ထိရှိသော်လည်း မြိုင်ဖက်မှ လာရောက်ပါက ရွာအရှေ့ဝင်ပေါက် ၃ပေါက်မှ ဝင်ရောက်နိုင်သည်။

အဆိုပါ ၃ပေါက် မှ ၂ပေါက်ကို ပြည်ခိုင်ဖြိုးယာဉ်တန်းများနှင့် ပိတ်နေသဖြင့် NLD မဲဆွယ်ပွဲမှ ပြန်လာသူများကို အရှေ့မြောက်ဖက်ဝင်ပေါက်မှ ဝင်ရောက်ရန် အုပ်ချုပ်ရေးမှူးက ဆိုသော်လည်း ပြည်ခိုင်ဖြိုးအင်္ကျီဝတ်ဆင်ထားသူများက ပိတ်ဆိုထားသဖြင့် လုံခြုံရေးအရ မဝင်ရောက်ဘဲနေခဲ့သည်ဟု ကန်နီရွာသား ဦးမြင့်နိုင်က ဆိုသည်။

မဲဆန္ဒပေးပိုင်ခွင့်ရှိသူ တစ်သိန်းကိုးသောင်းကျော်ရှိသည့် မြိုင်မြို့နယ်၏ ပြည်သူ့လွှတ်တော်နေရာအား၊ ပြည်ခိုင်ဖြိုးပါတီမှ ဆက်သွယ်ရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သူ ဦးသိန်းထွန်းနှင့် NLD မှ ဦးအောင်ခင်ဝင်းတို့အပါအဝင် ပါတီ ၃ခုမှ ကိုယ်စားလှယ် ၃ဦး၊ တိုင်းလွှတ်တော် မဲဆန္ဒနယ် ၁ နှင့် ၂ အတွက် တစ်သီးပုဂ္ဂလ တစ်ဦးအပါအဝင် ပါတီ ၃ခုမှ ကိုယ်စားလှယ် ၇ ဦး၊ မြိုင်မြို့နယ်ပါဝင်သည့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၁ အတွက် ပါတီ ၄ခုမှ ကိုယ်စားလှယ် ၄ဦးတို့ ယှဉ်ပြိုင်ကြမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags