တာဝန်ဖြင့် ခရီးသွားမည့် နေပြည်တော်က ဝန်ထမ်းများ ကြိုတင်မဲ စပေးပြီ

တာဝန်ဖြင့် ခရီးသွားမည့် နေပြည်တော်က ဝန်ထမ်းများ ကြိုတင်မဲ စပေးပြီ

နေပြည်တော်၊ အောက်တိုဘာ ၂၉ ။ ။ ပြည်ထောင်စုအစိုးရရုံးစိုက်ရာ နေပြည်တော်(အစိုးရအခေါ် - ပြည်ထောင်စုနယ်မြေ)ရှိ အနည်းဆုံး ရပ်ကွက်နှစ်ခုတွင် တာဝန်ဖြင့် ခရီးသွားမည့် အစိုးရဝန်ထမ်းများက အောက်တိုဘာ ၂၉ရက်တွင် ကြိုတင်မဲများ စတင်ပေးနေပြီ ဖြစ်သည်။
 
“ဒီကနေ့ ပေးတဲ့လူဦးရေက ၂၁ဦးရှိတယ်။ ခရီးသွားရမယ့် ဝန်ထမ်းတွေပေါ့” ဟု ဇဗ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မြက ညနေ ၄နာရီကျော်တွင် ပြောသည်။
 
တာဝန်အရ ခရီးသွားရန်ရှိသော ဝန်ထမ်းများ အနေဖြင့် 'ခိုင်လုံသောထောက်ခံချက်' ဖြင့် ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြကာ မနက်ဖြန် ကြိုတင်မဲများ ပေးကြခြင်းဖြစ်သည်။
 
မဲပေးခွင့်ရှိသူပေါင်း ၄,၃၀၀ကျော် ဦးရေရှိသည့် ဇေယျသိဒ္ဓိရပ်ကွက်တွင် ကြိုတင်မဲပေးခဲ့သူ ၂၁ဦးသည် ပြည်ထောင်စုဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ အများဆုံးပါဝင်သည်ဟု ဦးတင်မြက ဆိုသည်။
 
အစိုးရဝန်ထမ်းများ အများဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမြတ်ဟိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဖြိုးဇေယျာသော်(ခေါ်) ဇေယျာသော်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကျော်အေးနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်ခိုင်မိုးတို့ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည် ဖြစ်သည်။
 
ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်တွင်လည်း မီးရထားရဲတပ်ဖွဲ့ ဝန်ထမ်း ၆၁ဦးက ကြိုတင်မဲ ပေးကြသည်ဟု ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
 
“သူတို့က ရထားနောက် လိုက်ဖို့ တာဝန်ကျတဲ့ ရဲဝန်ထမ်းတွေပါ” ဟု ကြိုတင်မဲပေးသည့် ရဲဝန်ထမ်းများကို ရည်ညွှန်းကာ အဆိုပါ တာဝန်ရှိသူက ပြောသည်။
 
ပျဉ်းမနားမြို့နယ်တွင်မူ ပြည်သူ့လွှတ်တော်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးသန်းစိုးအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးသာအောင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒေါ်ဝင်းဝင်းသီ၊ တသီးပုဂ္ဂလအဖြစ် ဦးမြင့်အောင်သန်း၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီမှ ဦးနိုင်လင်းဦးနှင့် အမျိုးသားဒီမိုကရေစီအင်အားစုမှ ဦးဌေးလှိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
 
ကြိုတင်မဲများကို ကြိုတင်ဆန္ဒမဲပေးရန်အခန်းအတွင်းထားကာ မဲရုံပိတ်ချိန်တွင် အခန်းကို သော့ခတ်ထားကာ အထူးရဲ ၂ဦး၊ ကော်မရှင်အလှည့်ကျဝန်ထမ်းတစ်ဦးတို့က လုံခြုံရေးယူမည်ဟု ဇေယျသိဒ္ဓိရပ်ကွက်၊ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်မြက ပြောသည်။
 
မဲပေးရမည့်နေ့တွင် မဲရုံအသီးသီး၌ တာဝန်ယူကြမည့် မဲရုံအဖွဲ့ဝင်များ၊ မဲပေးရမည့်နေ့တွင် ခရီးသွားရန်ရှိသူများကို နိုဝင်ဘာလ (၆) ရက် နှင့် (၇) ရက် နေ့များတွင် ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်မဲ ပေးခွင့်ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly