ရန်ကုန်၊ အောက်တိုဘာ ၂၇ ။ ။ ကိုယ်စားလှယ်လောင်းများအားလုံးလွတ်လပ်စွာမဲဆွယ်ခွင့် ပိတ်ပင်တားဆီး မှုများကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် အမြန်ဖြေရှင်းပေး ရန်လိုအပ်ကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် ပြည်သူများပူးပေါင်းလှုပ်ရှားမှု့အဖွဲ့ (PACE) သတင်းစာရှင်းလင်းပွဲမှသိရသည်။
ကိုယ်စားလှယ်လောင်းများခွင့်ကို ပိတ်ပင်တားဆီးမှု၊ပုဂ္ဂိုလ်ရေးဆိုင်ရာများ လှုံဆော်တိုက်ခိုက်မှု၊ နှင့် အချို့သောနေရာများတွင် ကိုယ်စားလှယ်လောင်းများကို ခြိမ်းခြောက်မှုများရှိနေသည်ကို တွေ့ရကြောင်း ယင်းအဖွဲ့မှ ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကပြောကြားသည်။
"၉၀%ကျော်ကျော်လောက်က မရှိဘူးပေါ့ ဒါပေမယ့်လည်း ရှိတယ်လို့ပြောတဲ့သူလည်း ရှိပါတယ်။ ဘယ်လိုဟာမျိုးတွေလည်းလို့မေးတဲ့အခါမှာ အဓိကအားဖြင့် သူတို့မဲဆွယ်စည်းရုံးမှု့မလုပ်နိင်အောင် ဝင်ရောက်နှောက်ရှက်တာလေးတွရှိတယ်လို့ ဖြေပါတယ်" ဟုရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးများပြုလုပ်နေသည့် (PACE) မှ ဒါရိုက်တာဖြစ်သူ ဦးစိုင်းရဲကျော်စွာမြင့်ကပြောပါသည်။
အောက်တိုဘာ ၁၆ ရက်နေ့ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏မဲဆွယ်ခရီးစဉ်တွင်အကြောင်းအရင်းတစ်စုံတရာမရှိပဲ အချိန် ၂ နာရီကြာပိတ်ပင်မှုရှိခဲ့ပါသည်။
NLD ပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးဝင်းမင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုကိုးကျွန်းမဲဆန္ဒနယ်တွင်လည်း နယ်မြေအများစုမှာ စစ်ဘက်လုံခြုံရေးနယ်မြေအဖြစ် သတ်မှတ်ထားမှုတွေ ရှိနေပြီး လူဦးရေ ၃၀၀ ကျော်လောက်ကိုသာမဲဆွယ်စည်းရုံးမှုကိုသာ ပြုလုပ်နိုင်ကြောင်း အောက်တိုဘာ ၂၆ရက်နေ့ထုတ် ပုဂ္ဂလိက မီဒီယာများတွင် ဖော်ပြထားသည်။
ဝန်ထမ်းအိမ်ရာများ နှင့် တပ်ပိုင်မြေများတွင်လည်း ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ် စည်းရုံးခွင့် အချို့ကို ခွင့်မပြုထားကြောင်းသိရပါသည်။
အဆိုပါထုတ်ပြန်ချက်ကို စက်တင်ဘာ ၈ရက်မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် မြို့နယ်ပေါင်း ၁၂၉မြို့နယ်တွင် ကာလရှည်စောင့်ကြည့်လေ့လာသူ ၁၂၉ယောက်ကို အသုံးပြုကာ စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်လောင်းတွေ့ဆုံမေးမြန်းမှု စုစုပေါင်း ၂၆၆၂ကြိမ် ပြုလုပ်ပြီး မဲဆွယ်ဟောပြောမှုစုစုပေါင်း ၁၆၀၇ ခုကို စောင့်ကြည့်လေ့လာ၍ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ပြည်သူများပူးပေါင်းမှုအဖွဲ့(PACE) ရဲ့ဒါရိုက်တာစိုင်းရဲကျော်စွာမြင့် ကပြောကြားသည်။