စခုန်တိန့်ယိန်းအဖွဲ့က NLD အမတ်လောင်းနှစ်ဦးအား မဲဆွယ်စည်းရုံးပါက ဖမ်းမည်ဟု တားမြစ်

စခုန်တိန့်ယိန်းအဖွဲ့က NLD အမတ်လောင်းနှစ်ဦးအား မဲဆွယ်စည်းရုံးပါက ဖမ်းမည်ဟု တားမြစ်

ရန်ကုန် အောက်တိုဘာ ၂၇ ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဆော့လော်မြို့နယ်အမှတ် ၁ မဲဆန္ဒနယ်အတွင်း ပါရှိသည့် မန်ဗျော့ရွာသို့ မဲဆွယ်စည်းရုံးရန် သွားရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်း ၂ဦးကို ဖမ်းဆီးမည်ဟုဆိုကာ အောက်တိုဘာ ၂၅ ရက်တွင် တားမြစ်ခံခဲ့ရသည်ဟု တားမြစ်ခံရသည့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးဇော်လိုင်က မဇ္ဈိမကို ပြောသည်။

ဦးစခုံတိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့မှ ဒုတပ်ခွဲမှူးက မဲဆွယ်စည်းရုံးရေး မသွားရောက်ရန် ယင်းရွာအဝင်တွင် ခြိမ်းခြောက် တားမြစ်ခဲ့သည်ဟုဆိုသည်။

"ဒုတပ်ခွဲမှူး ဗန်ဗျော့စခေါင်က ခြိမ်းခြောက်တယ်။ စခုံတိန့်ယိန်းကဖမ်းဖို့ အမိန့်ပေးထားတယ်လို့ဆိုပြီး မန်ဗျော့ရွာကို သွားဖို့ခွင့်မပြုဘူး။ သူတို့က လက်နက်တွေ လွယ်ထားတယ်။ သေနတ်နဲ့မချိန်ပေမယ့် ခြိမ်းခြောက်တဲ့ပုံနဲ့ပြောတာပဲ။ အဲဒီ ရွာမှာက လူ ၂၀၀လောက်ရှိတယ်။" ဟု ၎င်းကဆိုသည်။

ဆော့လော်မြို့နယ်၊ ဗန်ဗျော့ရွာသို့ မဲဆွယ်စည်းရုံးရေးသွားသည့် NLD မှ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးဇော်လိုင်နှင့် ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှ ဦးစံဝေခေါင်လွမ်းတို့ကို အောက်တိုဘာ ၂၅ရက်၊ နေ့လည် ၂နာရီခွဲတွင် ခြိမ်းခြောက်တားမြစ်ခြင်းဟုလည်း ဦးဇော်လိုင်က ပြောသည်။

မဲဆွယ်စည်းရုံးရန် တားမြစ်ခံရသည့် ကျေးရွာသည် မြို့နယ်ကော်မရှင်က တရားဝင်သွားရောက်မဲဆွယ်ရန် NLD သို့ ခွင့်ပြုချက်ထုတ်ပေးထားသည့်နေရာဖြစ်သည့်အပြင် မသွားခင်ကပင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးသို့ ကော်မရှင် ခွင့်ပြုချက်မိတ္တူကိုလည်း ပေးပို့ထားသည်ဟုဆိုသည်။

ဆော့လော်မြို့နယ် အခြားကျေးရွာများတွင် မဲဆွယ်စည်းရုံးမှုများ အဆင်ပြေသော်လည်း၊ ဆော့လော်နှင့် ချီဖွေ အစပ်ဖြစ်သည့် မန်ဗျော့ရွာ အပါအဝင် ကျေးရွာအချို့တွင် မဲဆွယ်စည်းရုံးနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

အောက်တိုဘာ ၁၂ရက်နေ့ကလည်း NLD အမတ်လောင်းများ အကြမ်းဖက်ခံရမှုကို "ကျွန်တော်တို့အမတ်တွေ ၁၂ ရက်နေ့ကလည်း ကန်းပိတ်တီးဖက်မှာ အကြမ်းဖက်ခံရတယ်။ အဖွဲချုပ်ကပြောတဲ့ ခြောက်တိုင်းလဲ မကြောက် နဲ့ ဆိုတဲ့အတိုင်း ကျွန်တော်တို့တော့ လုပ်နေပါတယ်။ ဒါပေမယ့် ဒီဖက်က တစ်ခါတစ်လေ ဘယ်သူသတ်လို့ သတ်မှန်း မသိတာတွေ အများရှိနေတယ်။" ဦးဇော်လိုင်က ပြောသည်။

ဆော့လော်အပါအဝင် ချီဖွေ၊ ဝိုင်းမော်မြို့နယ်အတွင်းမှ ကန်ပိတ်တီး၊ ဆဒုံး၊ ဖဝမ်၊ မန်လောင်၊ မန်ဝိန်းနှင့် ရှဝေါ် ဒေသများတွင် NLD အနေဖြင့် မဲဆွယ်စည်းရုံးမှုများ မပြုလုပ်ရန် တားမြစ်သည့်စာကို စခုံတိန့်ယိန်း၏ ကချင်ပြည်နယ် အထူးဒေသ (၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်က စက်တင်ဘာ ၂၂ ရက်တွင် ယင်းဒေသများ ပါဝင်သည့် အမျိုးသား လွှတ်တော်အမှတ် ၅ NLD အမတ်လောင်း ဦးကျော်ကျော်ဦးသို့ လာရောက် ပေးအပ်ခဲ့သည်။

တားမြစ်သည့် အမျိုးသားလွှတ်တော်အမှတ် ၅နေရာမှ မဲဆန္ဒနယ်များသည် ဦးစခုံတိန့်ယိန်းကိုယ်တိုင် ၂၀၁၀ တွင် တစ်သီး ပုဂ္ဂလအဖြစ် အနိုင်ရရှိထားသည့် နယ်မြေများ ဖြစ်သည့်အပြင်၊ လာမည့် နိုဝင်ဘာရွေးကောက်ပွဲ၌လည်း ယင်းမဲဆန္ဒနယ် မှပင် ပြန်လည်ဝင်ရောက်ရန် ဦးစခုတိန့်ယိန်း ကိုယ်တိုင် ရွေးကောက်ပွဲ ကော်မရှင်သို့ အမည်စာရင်းတင်သွင်းထားသည်။

ယင်းတားမြစ်မှုနှင့် ပက်သက်ပြီး ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ဦးစခုံတိန့်ယိန်းကို စက်တင်ဘာ ၂၉ ရက်တွင် ခေါ်ယူသတိပေးခဲ့သည်ဟုလည်း မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြတ်စိုးက မဇ္ဈိမသို့ အောက်တိုဘာ ၂၇ တွင် ဖြေကြားသည်။

"အောက်တိုဘာ ၂၅ ရက်က ဖြစ်တယ်ဆိုတာတော့ ကျွန်တော့်တို့ခရိုင်ကို မတက်လာသေးဘူး။ အခုမှကျွန်တော်သိတယ်။ ဝင်စာတွေထဲမှာလည်း မတွေ့သေးဘူး။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာတော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။" ဟု ၎င်းကပြောသည်။

ဆော့လော်မြို့နယ်အတွင်း မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၃၈၄၂ ဦး အထိရှိပြီး၊ ဦးစခုံတိန့်ယိန်း (တစ်သီးပုဂ္ဂလ-အမျိုးသား လွှတ်တော်) အပါအဝင်  ယင်းမြို့နယ်၏ ပြည်သူ့လွှတ်တော် အတွက် ၅ ဦး၊ အမျိုးသားလွှတ်တော် အတွက်  ၆ဦး၊ ပြည်နယ်လွှတ်တော်များဖြစ်သည့် မဲဆန္ဒနယ် ၁နှင့် ၂အတွက် ၆ဦးစီတို့ ပါတီအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly