ကိုကိုးကျွန်းအတွက် ကြိုတင်မဲ ပေးနိုင်တော့မည် မဟုတ်ဟု ခရိုင်ကော်မရှင်ပြောဆို

ကိုကိုးကျွန်းအတွက် ကြိုတင်မဲ ပေးနိုင်တော့မည် မဟုတ်ဟု ခရိုင်ကော်မရှင်ပြောဆို

ရန်ကုန် အောက်တိုဘာ ၂၆ ။              ။ ကိုကိုးကျွန်းမဲဆန္ဒနယ်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဖွဲ့အစည်းများမှ ကြိုတင်မဲပေးခွင့်ရှိသူများ အနေဖြင့် အဆင်ပြေတော့မည်မဟုတ်ဟု ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြတ်စိုးက အောက်တိုဘာ ၂၆ရက်တွင် မဇ္ဈိမကိုပြောသည်။

"အခုချိန်ထိ မဲလက်မှတ် မပို့နိုင်သေးဘူး။ ရန်ကုန်ကနေ ကြိုတင်မဲပေးမယ့်သူတွေအတွက် ကိုကိုးကျွန်းကို မဲလက်မှတ် အပို့အကြို လုပ်ပေးဖို့လည်း မရနိုင်လို့ ကြိုတင်မဲပေးနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းတွေအနေနဲ့ ရန်ကုန်ကနေဘဲပေးမယ်ဆိုရင်တော့ ဒီရက်အတွင်း မဲစာရင်းအပြောင်းအရွှေ့လုပ်ပေးနိုင်ပါတယ်။" ဟု ၎င်းကဆိုသည်။

ကိုကိုးကျွန်း၌ အိမ်ထောင်စုစာရင်းဝင်များ ဖြစ်သော်လည်း ရန်ကုန်တိုင်းထဲရှိ အခြားမြို့နယ်များသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်နေသည့် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများမှ ကြိုတင်မဲပေးပိုင်ခွင့်ရှိ မဲဆန္ဒရှင် ၂၀ ရှိပြီး၊ ယင်းအနက် ခရိုင် ကော်မရှင်ခွဲသို့ မြို့နယ်ကော်မရှင်မှတစ်ဆင့် ပုံစံ ၁၅ ဖြင့် တင်ပြသူ ၅ ဦးသာ ရှိသည်ဟုလည်း ပြောသည်။ ကျန်သူများ၏ ကြိုတင်မဲပေးနိုင်ရန် လျှောက်ထားသည့် ပုံစံ ၁၅ များ ခရိုင်သို့ မရောက်ရှိသေးဟုသိရသည်။

ကြိုတင်မဲ မပေးနိုင်သည့် အဓိကအခက်အခဲမှာ ကိုကိုးကျွန်းသို့ မဲလက်မှတ်အချိန်မှီပေးပို့နိုင်မှု မရှိခြင်းဖြစ်သဖြင့် လက်ရှိရောက်ရှိရာ ရန်ကုန်တိုင်း အခြားမြို့နယ်များအတွင်းမှသာ မဲပေးလိုပါက ခရိုင်ကော်မရှင်အနေဖြင့် အောက်တိုဘာ ၂၇ ရက်နေ့ နောက်ဆုံးအထိ မဲစာရင်းပြောင်းရွှေ့မှုများကို ဆောင်ရွက်ပေးနိုင်သည်ဟုလည်း ဦးမြတ်စိုးက ဆိုသည်။

ကိုကိုးကျွန်းတွင် ကြိုတင်မဲပေးခွင့်ရှိသူအရေအတွက်နှင့် ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက "ကျွန်တော်အဲဒီစာရင်းတွေကိုတောင်းတာ မြို့နယ်က မရသေးဘူး။ မဲလက်မှတ်တွေ လည်း ၂၉ရက်မှ ရောက်မယ်လို့ဘဲပြောတယ်။" ဟု ပြောသည်။

အောက်တိုဘာ ၂၆ရက်ထိ ကိုကိုးကျွန်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ တပ်မတော်သား၊ ၎င်း၏ မိသားစုဝင်များ၊ ရွှေ့ပြောင်း အလုပ်သမားများ၊ အရပ်သားအားလုံးစုစုပေါင်း ၁၅၀၀ ခန့် ရှိသည်ဟုလည်း   တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်က မဇ္ဈိမသို့ အတည်ပြုထားသည်။

ယင်းအပြင် ကိုကိုးကျွန်းဧရိယာသည် ဧက ၃၀၀၀ကျော်ရှိရာတွင် အရပ်ဖက်လူနေရပ်ကွက် ဧရိယာသည် ၅၂၅ ဧက သာရှိသည်။ ကျန် ဧက ၂၅၀၀ မှာ ကန့်သတ်နယ်မြေ စစ်တပ်စခန်းများဖြစ်ပြီး NLD မဲဆွယ်စည်းရုံးရန် ခွင့်မပြုသည့် နယ်မြေဖြစ်သည်ဟု ဦးဝင်းမင်းက ပြောသည်။

ကိုကိုးကျွန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အာဏာရပါတီ ပြည်ခိုင်ဖြိုးမှ ကာကွယ်ရေး ဦးစီးချုပ်ရေ (ငြိမ်း) ဗိုလ်ချုပ်ကြီးဟောင်း သူရသက်ဆွေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဝင်းမင်း တို့နှစ်ဦးသာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရန်ကုန်တိုင်းလွှတ်တော် ကိုကိုကျွန်းမဲဆန္ဒနယ် ၂ တွင် ပြည်ခိုင်ဖြိုးမှ ဦးအောင်နိုင်၊ NLD မှ ဦးဝင်းကိုကိုဝင်း တို့သာ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုကိုကျွန်းမဲဆန္ဒနယ် ၁ တွင်မူ ပြည်ခိုင်ဖြိုးမှ ဦးတင်ဝင်း၊ NLD မှ ဦးကျော်သူ၊ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးနေဝင်းသန်း သုံးဦးသာ ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly