ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ အင်မတန်ခက်ခဲမယ်လို့ သူရဦးရွှေမန်းပြော

ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ အင်မတန်ခက်ခဲမယ်လို့ သူရဦးရွှေမန်းပြော

ဖြူး၊ စက်တင်ဘာ ၂၅ ။ ။ လက်ရှိ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်မှာ အလွန်ခက်ခဲမည်ဟု ပါတီ၏ ပူးတွဲဥက္ကဋ္ဌတာဝန်မှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

“အင်မတန်မှ ခက်ခဲပါတယ်။ It is very difficult to win” ဟု သူရဦးရွှေမန်းက ၎င်း၏ မွေးရပ်ဇာတိဖြစ်သော ဖြူးမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်းစဉ် သတင်းထောက်များ၏ မေးမြန်းမှုကို အောက်တိုဘာ ၂၅ရက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
 
ကြံ့ခိုင်ရေးပါတီ၏ မထုတ်ပြန်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ကြေညာစာတမ်းနှင့် အတွင်းစည်း မဲစစ်တမ်း အချက်အလက်များ ပါဝင်သည့် မဇ္ဈိမမှ ရရှိထားသော စာတမ်းများအရ ကြံ့ခိုင်ရေးပါတီအနေဖြင့် လာမည်ရွေးကောက်ပွဲများတွင် မရှုမလှ ရှုံးနိမ့်သည့် ကြမ္မာနှင့် တိုးရဖွယ်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်တမ်းမှာ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်အမတ်များနှင့် လွှတ်တော်အမတ်မဟုတ်သော ပြင်ပပညာရှင်များ၏ သုတေသနပြုချက်ကိုအခြေခံပြီး ထွက်ပေါ်လာသော စစ်တမ်းဖြစ်သည်ဟု သူရဦးရွှေမန်းက သတင်းထောက်များကို အတည်ပြု ပြောဆိုသည်။

“ပြင်ပပညာရှင်ထဲကတော့ နိုင်ငံခြားသား တစ်ယောက်၊ နှစ်ယောက်တော့ ပါပါတယ်” ဟု ၎င်းက ဆိုသည်။ 

အဆိုပါစစ်တန်းများတွင် လာမည့်ရွေးကောက်ပွဲအတွက် ဟောကိန်းနှစ်ခု ထုတ်ထားသည်။ အဆိုးရွားဆုံးအဖြစ် ပြည်ခိုင်ဖြိုးမှာ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်)တွင် အမတ်နေရာ ၁၆နေရာအထိ လျော့နည်းကျဆင်းသွားနိုင်ပြီး အင်အယ်လ်ဒီ (NLD)နှင့် တိုင်းရင်းသားပါတီများက အများစုရသွားနိုင်သည်။ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိသည့် ခန့်မှန်းချက်တစ်ခုတွင်လည်း ပြည်ခိုင်ဖြိုးက အမတ်နေရာ ၁၀၅နေရာဖြင့် ၁၁၇နေရာရသည့် အင်အယ်လ်ဒီနောက် နောက်ကောက်ကျ ကျန်ရစ်နေဖွယ်ရှိသည်ဟု ဆိုသည်။

သို့သော် အဆိုပါ စစ်တမ်းသည် လက်ရှိအနေအထားအရ “အပြောင်းအလဲတော့ ရှိနိုင်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်းမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၂ရက်ညက နေပြည်တော် ပါတီရုံးချုပ်တွင် ပါတီတွင်း အာဏာသိမ်းမှု တစ်ခုအတွင်း ပါတီ၏ ပူးတွဲဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံရသူဖြစ်ပြီး ထိုမတိုင်ခင် လများတွင် ဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်တို့၏ ဆက်ဆံရေးမှာ ဆိုးရွားပျက်ပြားလာခဲ့သည်ဟူသော ခန့်မှန်းမှုလည်း ရှိခဲ့သည်။

ထို့ပြင် ၎င်း၏ ပြုပြင်ပြောင်းလဲရေး ပေါ်လစီများနှင့် တိုး၍ရင်းနှီးလာသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူသိရှင်ကြား ဆက်ဆံရေးက ပါတီအတွင်း စစ်တပ်နှင့် ပနံသင့်သည့် ဂိုဏ်းများအား ဆွပေးသလိုဖြစ်ခဲ့ပြီး ၎င်းကို ပါတီပူးတွဲဥက္ကဋ္ဌမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်ဟု ယူဆချက်များလည်း ရှိနေသည်။

အဆိုပါ ယူဆချက်အပေါ် မဇ္ဈိမ၏ မေးမြန်းချက်အား သူရဦးရွှေမန်းက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“အမျိုးသားအကျိုးစီးပွား သို့မဟုတ် နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားအတွက် ဆောင်ရွက်မယ်ဆိုရင် ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူစွဲမထားဘဲနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ အခြေခံမူပဲဖြစ်ပါတယ်။ အဲ့ဒီအခြေခံမူအတိုင်း ကျင့်ကြံတဲ့သူကို မှားတယ်လို့ပြောမယ်၊ သို့မဟုတ်လို့ရှိရင် မကောင်းတဲ့အမြင်နဲ့ဆောင်ရွက်မယ်ဆိုလို့ရှိရင် ဘယ်သူမှားလဲ၊ ဘယ်သူမှန်လဲဆိုတာ ကွဲကွဲပြားပြားသိနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ရှိ ဆက်ဆံရေးမှာလည်း “ ကျွန်တော်တို့ ဆက်ဆံရေးက အရင်အတိုင်းပဲ၊ တစ်နည်းအားဖြင့် ပြောရရင် ဆက်ဆံရေးကောင်းမွန်တဲ့အနေအထားလို့ ပြောလို့ရပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရွေးချယ်ခံရသည့် လက်ရှိ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် သူ၏ဇာတိဖြစ်သော ဖြူးမြို့နယ်သို့ လာမည့် ရွေးကောက်ပွဲတွင် ပြောင်းရွှေ့ယှဉ်ပြိုင်ခဲ့ပြီး ဇေယျာသီရိမြို့နယ်တွင်မူ ဗိုလ်ချုပ်ကြီးလှဌေးဝင်းက အငြိမ်းစားယူကာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ပါတီတွင် ရာထူးဖယ်ရှားခံရမှုအပေါ်လည်း သူရဦးရွှေမန်းက ၎င်း၏ စိတ်ခံစားချက်ကို ပြောဆိုခဲ့သေးသည်။

“လူသားတစ်ယောက်အနေနဲ့တော့ စိတ်မကောင်းဘူးပေါ့။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စ ဖြစ်စေချင်တယ်။ ဒါပေမယ့် အတွေ့အကြုံရှိပြီးတော့ တိုင်းပြည်အတွက်ကောင်းစေချင်တဲ့ လူတစ်ယောက်အနေနဲ့တော့ ဒီနေရာမှာ စိတ်ရှည်ဖို့လိုတယ်၊ သည်းခံဖို့လိုတယ်၊ ခွင့်လွှတ်ဖို့ လိုတယ်။ အားလုံးဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်ဒုက္ခမရောက်စေချင်ဘူး။ ဒီလို စဉ်းစားပြီးတော့ သည်ပြဿနာကို ဖြေရှင်းခဲ့ပါတယ်” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags