ကိုကိုးကျွန်းတွင် တပ်ဧရိယာပြင်ပတွင်သာ မဲရုံများထားရှိမည်

ကိုကိုးကျွန်းတွင် တပ်ဧရိယာပြင်ပတွင်သာ မဲရုံများထားရှိမည်
ဓာတ်ပုံ-အီးပီအေ

ရန်ကုန်၊ အောက်တိုဘာ ၂၅ ။ ။ တပ်မတော်သားများ နှင့် မိသားစုဝင်အများစု နေထိုင်သည့် ကိုကိုးကျွန်းတွင် ရွေးကောက်ပွဲမဲပေးနိုင်ရေး မဲရုံများကို တပ်ဧရိယာ ပြင်ပတွင်သာ ထားရှိမည်ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြတ်စိုးက အောက်တိုဘာ ၂၄ရက်တွင် မဇ္ဈိမကိုပြောသည်။

"တပ်ထဲမှာမထားဘူး။ လေယာဉ်ပြေးလမ်းက တပ်နဲ့အရပ်ဖက်ကို ခွဲထားသလိုရှိတယ်။ အရပ်ဖက်မှာပဲ ထားမယ်။ တပ်ထဲမှာထားရင် နောက်ပိုင်းပြောစရာတွေဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ကော်မရှင်မှာလည်း ကိုကိုးကျွန်းနဲ့ပက်သက်ပြီး အခက်အခဲတွေရှိတယ်။" ဟု ၎င်းကဆိုသည်။

ကိုကိုးကျွန်းမြို့နယ်အတွက် မဲရုံ၂ရုံထားရှိရန် ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ထားသည်။ တပ်ဧရိယာအတွင်း မဲရုံမထားရှိဟုဆိုသော်လည်း လက်ရှိအချိန်အထိ မဲရုံထားရှိမည့် အရပ်ဖက်နေရာကို အတိအကျသတ်မှတ်ထားနိုင်ခြင်း မရှိသေးကြောင်း ဦးမြတ်စိုးကပြောသည်။

ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ တပ်တော်သားနှင ၎င်းတို့မိသားစုဝင် ၆၁၇ဦး၊ အရပ်သား မဲပေးခွင့် ရှိသူ ၅၀၀ကျော်နှင့် လေယာဉ်ကွင်းစီမံကိန်းရွှေ့ပြောင်းမဲပေးခွင့်ရှိသူ ၃၀၀ကျော်ထိရှိနေသည်။

မဲရုံနေရာ အတိအကျသတ်မှတ်ထားမှု မရှိသေးသည်အပြင်၊ ကိုကိုးကျွန်းတွင် ရွေးကောက်ပွဲမဲပေးနိုင်ရေးအတွက် မဲလက်မှတ်များပေးပို့ရန်လည်း ကော်မရှင်အနေဖြင့် အခက်အခဲဖြစ်နေသည်ဟု ဦးမြတ်စိုးကပြောသည်။

"မဲလက်မှတ်တွေအခုထိမပို့ရသေးဘူး။ ရန်ကုန်ရောက်နေသူတွေ ကြိုတင်မဲပေးချင်တာရှိတယ်လို့ဆိုတယ်။ အခုထိမရောက်သေးဘူးဆိုရင်၊ ၂၉ရက်နေ့ ပေးရမယ့် ကြိုတင်မဲတွေက မပေးနိုင်တာတွေဖြစ်လာနိုင်တယ်။ ကြိုတင်မဲအတွက်က ကျွန်းကိုမဲလက်မှတ်ရောက်မှ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ လက်မှတ်နဲ့ ကြိုတင်မဲပေးသူ အတွက်ပို့ပေးရမှာ" ဟုလည်း ၎င်းကဆိုသည်။

မဲလက်မှတ်များပေးပို့နိုင်မည့် အစီအစဉ်ကိုလည်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဇ္ဈိမက ဖုန်းဆက်မေးမြန်းသည့် အောက်တိုဘာ ၂၄ရက် ညနေပိုင်းအချိန်အထိ တိကျသည့်အခြေအနေကို မသိရှိရသေးကြောင်း ဦးမြတ်စိုးကပြောသည်။

ကိုကိုးကျွန်းမြို့နယ်မဲဆန္ဒနယ်သည် ရန်ကုန်မြို့နယ် ၄၅ခုမှ တစ်ခုအပါအဝင်ဖြစ်ပြီး တပ်မတော်သားအပါအဝင် နေထိုင်သူမဲဆန္ဒပေးခွင့်ရှိသူ ၁၅၀၀ခန့်သာရှိသည့် နေရာလည်းဖြစ်သည်။

ယင်းနေရာတွင် ၁၉၉၀ရွေးကောက်ပွဲတွင် လက်ရှိအတိုက်အခံပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ဖူးသော်လည်း၊ NLD ရွေးကောက်ပွဲမဝင်သည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကအနိုင်ရထားသည့် မဲဆန္ဒနယ်လည်းဖြစ်သည်။

ရေတပ်အများစုရှိသည့် ကိုကိုးကျွန်းတွင်မူ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတွင် အတိုက်အခံပါတီ NLD ကို တပ်မတော်ရေတပ်ဦးစီးချုပ် သူရဦးသက်ဆွေက အရပ်ဝတ်လဲကာ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags