မအူပင်စျေးတွင် NLD အလံထောင်ခြင်း စတစ်ကာ ကပ်ခြင်း ဒေသအာဏာပိုင်တို့ တားမြစ်

မအူပင်စျေးတွင် NLD အလံထောင်ခြင်း စတစ်ကာ ကပ်ခြင်း ဒေသအာဏာပိုင်တို့ တားမြစ်

ဧရာဝတီတိုင်း မအူပင် လဟာပြင် ဈေးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အလံထောင်ခြင်း၊ စတစ်ကာ ကပ်ခြင်း၊ နိုင်ငံရေးအကြောင်း ပြောခြင်းတို့ကို ဈေးအာဏာပိုင်တို့က တားမြစ်ထားပြီး နောက်နောင်တွင် မပြုလုပ်ရန် လက်မှတ်လည်း ထိုးထားရသည်ဟု မအူပင်ဈေးသူများက မဇ္ဈိမကို ပြောသည်။

ဈေးအာဏာပိုင်တို့က ဈေးသည် အယောက် ၂၀ ခန့်ကို ခေါ်ယူကာ ဈေးခေါင်းရုံးတွင် ခေါ်ယူ ပြောဆိုခြင်းဟုဆိုသည်။ “ဈေးထဲမှာ အလံထောင်ရဘူး NLD အလံ မထောင်ရဘူး၊ NLD တံဆိပ်မကပ်ရဘူး ဈေးနယ်နိမိတ်အတွင်းမှာပေါ့နော် အလံမထောင်ရဘူး မကပ်ရဘူး။ NLD အကြောင်းတောင် မပြောရဘူးလို့ အဲ့ဒီလိုပြောတယ်” ဟု မအူပင်မြို့မဈေးသူ မနွယ်နီဝင်းက မဇ္ဈိမကို ပြောသည်။

ထိုသို့ပြုလုပ်ပါက ထောင်ဒဏ်ချမှတ်နိုင်သည်ဟုလည်း မြို့နယ်အရန်မီးသတ် ဦးစီးဌာနမှ ဦးအောင်ကျော်ဦးနှင့် မြို့မဈေးအရာရှိ အမျိုးသမီးတို့က ပြောဆိုသည်ဟု မအူပင်ဈေးသူ မနှင်းနွယ်စိုးက ပြောသည်။

“NLD အလံ မထောင်ရဘူး။ ပါတီကို စော်ကားတာပေါ့နော် အဲ့ဒါကို လက်သင့်မခံဘူးလို့ ပြောတယ် ကြံ့ခိုင်ရေး ပါတီကို စော်ကားတာမျိုး လက်သင့်မခံဘူးပေါ့နော်။ ဈေးအတွင်းထဲမှာ တစ်ဘက်နဲ့တစ်ဘက် စော်ကားတဲ့အကြောင်းတွေ မပြောဖို့ သမီးတို့ကို ပြောတယ်။ ပြောတဲ့လူရှိရင် သူတို့ကို အသိပေး အသိပေးလို့ရှိရင် ထောင်ဒဏ် ငါးနှစ်ကနေ ၁၀ နှစ်အထိ ပိုက်ဆံဆိုလည်း တစ်သိန်းတဲ့ ပြောတာကတော့ ဈေးအရာရှိရယ် ဦးအောင်ကျော်ဦးကတော့ ရှေ့နေပြီးတော့ ပြောတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်သည်။ အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိန်ဝင်း၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဒေါ်ခင်တင့်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဒေါ်အေးသီတာကျော်နှင့် အမျိုးသား တိုးတက်ရေးပါတီမှ ဦးနီအောင်ကိုတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly