မဲဆွယ်တာဟာ မြူဆွယ်တာလို့ ဦးခင်အောင်မြင့် အဓိပ္ပါယ်ဖွင့် သန့်ရှင်းမဲသာ လိုလားဟု ပြော

မဲဆွယ်တာဟာ မြူဆွယ်တာလို့ ဦးခင်အောင်မြင့် အဓိပ္ပါယ်ဖွင့် သန့်ရှင်းမဲသာ လိုလားဟု ပြော

မဲဆွယ်ခြင်းသည် မမှန်တာကိုပြောပြီး မြူဆွယ်တဲ့ အဓိပ္ပာယ် သက်ရောက် ခြင်းကြောင့် အမတ်လောင်းကို မဲဆန္ဒရှင်များ စိတ်ကြိုက်ရွေးချယ်ကြပြီး သန့်ရှင်းသည့်မဲသာ လိုလားသည်ဟု အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောဆိုလိုက်သည်။

“ဆွယ်တယ်ဆိုတာ မြူဆွယ်ခြင်း၊ မဟုတ်မမှန်တာကို ပြောခြင်း၊ ပြောပြီးတော့မှ သိမ်းသွင်းခြင်း ဒီအဓိပ္ပာယ်တွေ သက်ရောက်ပါတယ်။ ကျွန်တော်တို့က မဲမဆွယ်ဘူး။ ကျွန်တော့ကို မဲထည့်ပါလို့လည်း ကျွန်တော်မပြောပါဘူး။ မိမိတို့ စိတ်တိုင်းကျတဲ့ပုဂ္ဂိုလ်ကို မဲထည့်ပါ” ဟု ဦးခင်အောင်မြင့်က ရမည်းသင်းမြို့နယ်၊ မြို့လှတိုက်နယ်တွင် ဒေသခံများများ၊ ပါတီဝင်များနှင့် တွေ့ဆုံစဉ် အောက်တိုဘာ ၂၁ရက်၊ ညနေပိုင်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

မဲဆွယ်တာကို မနှစ်သက်ဟု ပြောဆိုလိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့တွင် အမျိုးသားလွှတ်တော်နေရာအတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ဦးခင်အောင်မြင့်က ရွေးကောက်ပွဲတွင် မသမာသည့် နည်းလမ်းကို မသုံးဘဲ တာဝန်ရှိသူအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

“သန့်ရှင်းတဲ့မဲကိုပဲ လိုချင်ပါတယ်” ဟု သူ ဒေသခံများကို ပြောသည်။

သို့သော် ဦးခင်အောင်မြင့်၏ အဆိုပါ ဟောပြောပွဲတွင် “သင်မဲပေးမှားရင် လူမျိုးပျောက်မှာ စိုးကြောက်ရပါသည်” “တပ်မတော်ညီညွတ်ရေး ဖြိုခွဲသူ တို့ရန်သူ” ဟူသည့် စာသားများ ရေးသားထားသော လက်ကမ်းစာစောင်များကို ပါတီဝင် ဒေသခံများက ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။ ထို့ပြင် လာရောက် မဲဆွယ်ခြင်းမဟုတ်ဟု ဆိုသည့် ဦးခင်အောင်မြင့်က ပြည်သူများ မဲပေးမမှားရန် ပုံပြင်တစ်ပုဒ်ကို သာဓကပေးပြီး ပြောဆိုသည်။

“မောင့်ရင်ထဲက ငွေလဝန်း” ဟု အမည်ရသည့် အဆိုပါ ပုံပြင်အဆုံးတွင် ဦးခင်အောင်မြင့်က “မဲပေးမှားလို့ရှိရင် မထွေးနိုင်၊ မအန်နိုင် ဖြစ်တတ်တယ်” ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly