စိတ်ကူးလေးပဲမဖြစ်ရအောင် NLDကို မဲပေးဖို့ အဆိုတော် ချောငယ် တိုက်တွန်း

စိတ်ကူးလေးပဲမဖြစ်ရအောင် NLDကို မဲပေးဖို့ အဆိုတော် ချောငယ် တိုက်တွန်း

နေပြည်တော်၊ အောက်တိုဘာ ၁၁ ။ ။ ပြည်သူတို့ဘဝ စိတ်ကူးယဉ်ဆန်မနေရဘဲ လက်တွေ့ကျကျပြောင်းလဲနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို မဲပေးကြရန် အဆိုတော် ချောငယ်က တိုက်တွန်းလိုက်သည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် NLDပါတီ အောင်နိုင်ရေးအတွက် လာရောက်ဖျော်ဖြေစဉ် အဆိုတော် ချောငယ်က အောက်တိုဘာ ၁၁ရက်၊ ညနေပိုင်းတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

"စိတ်ကူလေးပါပဲ" ဟူသော သီချင်းခေါင်းစဉ်ဖြင့် လူသိများလာသည့် လူငယ်အဆိုတော် ချောငယ်က "သီချင်းလေးထဲကအတိုင်း စိတ်ကူးလေးပဲမဖြစ်ရအောင် NLDကို မဲပေးကြပါလို့ တိုက်တွန်းပါရစေ" ဟု ဆိုသည်။

ပျဉ်းမနားမြို့တွင် NLDပါတီ အောင်နိုင်ရေးအတွက် အဆိုတော် ချောငယ်အပြင် ထွန်းရတီနှင့် စသည့် အဆိုတော်များလည်း လာရောက်ဖျော်ဖြေကြသည်။ မိုးရွာနေသည့်ကြားကပင် ညနေ(၃)နာရီကစပြီး ပျဉ်းမနားမြို့ပေါ်တွင် ကားဖြင့် လှည့်လည်ဖျော်ဖြေကာ မဲဆွယ်နေခြင်းဖြစ်သည်။

ပြိုင်ဘက်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကလည်း အောက်တိုဘာ ၁၁ရက်တွင်ပင် ပျဉ်းမနားမြို့နယ်အတွင်း ဖျော်ဖြေရေးယာဉ်ဖြင့် လှည့်လည်မဲဆွယ်လျက်ရှိသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် အောက်တိုဘာ ၁၁ရက်ကစပြီး နေပြည်တော်ကောင်စီ(၈)မြို့နယ်လုံးတွင် တစ်ရက်လျှင် တစ်မြို့နယ်နှုန်းဖြင့် လှည့်လည်ဖျော်ဖြေကာ မဲဆွယ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags