အခွင့်အရေးတန်းတူရရေး မျှော်လင့်ဟု NLD ဆိုက္ကားဖြင့် စည်းရုံးမှုတွင် ပါဝင်သူအချို့ဆို

အခွင့်အရေးတန်းတူရရေး မျှော်လင့်ဟု NLD ဆိုက္ကားဖြင့် စည်းရုံးမှုတွင် ပါဝင်သူအချို့ဆို

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။ ။ လူသားအားလုံးတွင် အခွင့်အရေးတန်းတူရရှိရေးနှင့် ဆိုက္ကားနင်းပြီး ဆိုက္ကားပိုင်ဆိုင်နိုင်ရန် မျှော်လင့်ကြောင်း အောက်တိုဘာ ၁၁ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗိုလ်တထောင်မြို့နယ်အောင်နိုင်ရေး ဆိုက္ကားကဖြင့် စည်းရုံးလှုံ့ဆောင်မှု ပြုလုပ်သူတစ်ချို့ကပြောသည်။

"အားလုံးကလူသားတွေပဲ ကျွန်တော်တို့လည်းတန်းတူအခွင့်အရေးရဖို့၊ အနိုင်ထက်ပြုတာ မဖြစ်စေချင်ဘူး။ NLD အနိုင်ရလည်း ဘာအခွင့်အရေးမှတော့ ပိုမလိုချင်ပါဘူး။ ကိုယ်လုပ်မှကိုယ်စားရမှာပါပဲ။ အခုဟာကဆိုက္ကားနင်းတဲ့ သူတွေက ဆိုက္ကာတစ်စီးပိုင်ဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်တော့ဘူး" ဟု ကမ်ပိန်းတွင်ပါဝင်သူ ဆိုက္ကားဆရာလည်းဖြစ်၊ ဆိုက္ကားတစ်စီး ပိုင်ဆိုင်ထားသူလည်းဖြစ်သည့် ဦးအောင်မိုးဝင်းက မဇ္ဈိမကိုပြောသည်။

အောက်တိုဘာ ၁၁ရက်၊ ဗိုလ်တစ်ထောင် လင်းစဒေါင်းရှိ ကမ်းနားလမ်းနှင့် ရာဇဓိရာဇ်အောက်လမ်းထောင့်မှ စတင်ကာ ဗိုလ်တစ်ထောင်မြို့နယ်အတွင်း NLD အနိုင်ရရှိရေးအတွက် နံနက် ၁၀နာရီခွဲမှ ၁၁နာရီ ၄၅မိနစ်ထိ ဆိုက္ကားစီးရေ ၂၀၀နှင့် ဆိုက္ကားဆရာများက လိုက်လံစည်းရုံးခြင်းလည်းဖြစ်သည်။

ယင်းလှည့်လည်စည်းရုံးမှုတွင် ဆိုက္ကားဆရာများသာမက၊ NLD ဗိုလ်တစ်ထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မေစိုး၊ ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂မှ ဦးသက်ထွန်းဝင်းတို့လည်း ပါဝင် မဲဆွယ်စည်းရုံးကြသည်။

ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မေစိုးကမူ "သူတို့ကိုတိုင်က ဆိုက္ကားတွေနဲ့ လှည့်လည်ပြီးတော့မဲဆွယ်စည်းရုံးမှုကိုကူညီကြမယ်ဆိုပြီး၊ ကျွန်မတို့ကိုယ်တိုင် လိုက်ပါပြီးမဲဆွယ်စည်းရုံးတာပါ။ သူတို့ဆိုက္ကားပိုင်ဆိုင်နိုင်ဖို့အတွက် ထဲထဲဝင်ဝင်တော့ဘာလုပ်ရမလဲမသိသေးပေမယ့်၊ ဘယ်လိုလုပ်နိုင်လဲ ဆိုတာရယ်၊ သူတို့သားသမီးတွေ၊ ပညာကိုအဆက်မပြတ်သင်ကြားနိုင်ရေး အတွက်ကျွန်မကြိုးစားမှာပါ" ဟု ဆိုက္ကားဆရာများနှင့်ပက်သည်ပြီး ကတိပြုဖြေကြားသည်။

ရန်ကုန်တွင် စက်တင်ဘာလလယ်က မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆိုက္ကားစီးရေ ၃၀၀ခန့်ဖြင့် အလားတူ မဲဆွယ်စည်းရုံးမှုကိုလည်း ပြုလုပ်ခဲ့သေးသည်။ ဗိုလ်တထောင်မြို့နယ်တွင် NLD မှ ဒေါ်မေစိုး(ပြည်သူ့လွှတ်တော်)၊ ပြည်ခိုင်ဖြိုးမှ ဦးစိန်မြင့်(ပြည်သူ့လွှတ်တော်) တို့အပါအဝင် ပါတီ ၇ခုမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် ၂နေရာတို့အတွက် ကိုယ်စားလှယ်လောင်း ၂၀ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

NLD ကမူ ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၁၁၃၀ဖြင့် ရာနှုန်းပြည့်အနိုင်ရရှိရေး အတွက် ပြင်ဆင်ဆောင်ရွက်နေပြီး၊ အာဏာရပါတီပြည်ခိုင်ဖြိုးကလည်း ကိုယ်စားလှယ်လောင်း ၁၁၁၅နေရာဖြင့် ထပ်မံအနိုင်ရရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags