ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုး မရှုမလှ ရှုံးဖွယ်ရှိဟု ပြည်ခိုင်ဖြိုး လျို့ဝှက်စာတမ်း ဟောကိန်းထုတ်ထား

ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုး မရှုမလှ ရှုံးဖွယ်ရှိဟု ပြည်ခိုင်ဖြိုး လျို့ဝှက်စာတမ်း ဟောကိန်းထုတ်ထား

ရန်ကုန်၊ အောက်တိုဘာ-၁၁ ။ ။ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်း၏ မထုတ်ပြန်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ကြေညာစာတမ်းနှင့် အတွင်းစည်းမဲစစ်တမ်း အချက်အလက်များ ပါဝင်သည့် မဇ္ဈိမမှ ရရှိထားသော စာတမ်းများအရ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လာမည်ရွေးကောက်ပွဲများတွင် မရှုမလှ ရှုံးနိမ့်သည့် ကြမ္မာနှင့် တိုးရဖွယ်ရှိကြောင်း ဖော်ပြထားသည်။

ဦးရွှေမန်းနှင့် အလုပ်လုပ်နေသည့် အကြံပေးအဖွဲ့က ပြုစုထားသည့် ကြေညာစာတန်းတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိရွေးကောက်ပွဲမဲဆွယ်ကာလတွင် အခြေခံထားရမည့် မူ၁၅ချက်ကို အကြမ်းဖျင်း ရေးဆွဲထားသည်။

၂၀၂၅ခုနှစ်တွင် မြန်မာကို အလယ်အလတ် ဝင်ငွေရှိ စီးပွားရေးနိုင်ငံတစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာမည်ဟု မျှော်မြင်ထားသည့် ဦးရွှေမန်း၏ ၁၀နှစ်မျှော်မှန်းချက်ကို ချပြထားသည့် ပြုပြင်ပြောင်းလဲရေးဖွံ့ဖြိုးမှု စီမံကိန်းတွင် အကြမ်းဖျင်းအနေဖြင့် မျိုးစေ့ချ၊ အပင်ပေါက်၊ ကြီးထွား၊ ရိပ်သိမ်းဟူသည့် အဆင့်၄ဆင့် ဖော်ပြထားသည်။  

''၂၀၂၀ခုနှစ်ေလောက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ စစ်မှန်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို မြင်ရမယ်။ ဒီမိုကရေစီကို နေ့စဉ်ဘဝရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံထားတဲ့ နိုင်ငံတစ်ခုကို မြင်ရမယ်''ဟု အဆိုပါစာတန်းတွင် ပြောကြားထားသည်။

ဤစာတန်းသာ အမှန်တကယ်သက်ရောက်မှုရှိခဲ့ပါက ပြည်ခိုင်ဖြိုးပါတီမှာ ၂၀၂၅ခုနှစ်အထိ အာဏာကို မြဲနေဦးမည်ဟု ယူဆဖွယ်ရာ ရှိသည်။

အကြံပေးအဖွဲ့က မဲစစ်တန်းများကို ပြုစုခဲ့ပြီး အဆိုပါစစ်တန်းများအရ လာမည့်ရွေးကောက်ပွဲအတွက် ဟောကိန်းနှစ်ခု ထုတ်ထားခဲ့သည်။ အဆိုးရွားဆုံးအဖြစ် ပြည်ခိုင်ဖြိုးမှာ ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်)တွင် အမတ်နေရာ ၁၆နေရာအထိ လျော့နည်းကျဆင်းသွားနိုင်ပြီး အင်အယ်လ်ဒီ (NLD)နှင့် တိုင်းရင်းသားပါတီများက အများစုရသွားနိုင်သည်။ ပိုမိုလက်ခံနိုင်ဖွယ်ရာရှိသည့် ခန့်မှန်းချက်တစ်ခုတွင်လည်း ပြည်ခိုင်ဖြိုးက အမတ်နေရာ ၁၀၅နေရာဖြင့် ၁၁၇နေရာရသည့် အင်အယ်လ်ဒီနောက် နောက်ကောက်ကျ ကျန်ရစ်နေဖွယ်ရှိသည်ဟု ဆိုသည်။

သို့ရာတွင် သြဂုတ်လက ဦးရွှေမန်းနှင့်အတူ ရာထူးမှအထုတ်ပယ်ခံခဲ့ရသည့် ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင်ဟောင်း ဦးအောင်သိန်းလင်းကမူ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အမတ်နေရာ ၁၆နေရာသာ ရရှိမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ''ကျနော်တို့ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၅၀ရာခိုင်နှုန်းနီးပါးအထိ အနိုင်ရနိုင်ပါတယ်''ဟု ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ် အမတ်အနေဖြင့် ပြန်လည်ရွေးကောက်ခံရရန် မျှော်လင့်နေသည့် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်းက ပြောကြားခဲ့သည်။  

ဤစာတန်းနှစ်ခုစလုံးကို အတိမ်းအစောင်းမခံသည့်အတွက် အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသည့် သတင်းရင်းမြစ်များက အတည်ပြုပေးထားသည်။ ပြုပြင်ပြောင်းလဲရေး ကြေညာစာတန်းကို သြဂုတ်လ ၁၃ရက်တွင် စတင်မည့် ဦးရွှေမန်း၏ မဲဆွဲပွဲအစိတ်အပိုင်းအနေဖြင့် ထုတ်ပြန်ရန် စီစဉ်ထားခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောကြားခဲ့သည်။   

ဦးရွှေမန်းမှာ သြဂုတ်လ ၁၂ရက်ညက နေပြည်တော် ပါတီရုံးချုပ်တွင် ပါတီတွင်း အာဏာသိမ်းမှုတစ်ခုအတွင်း အထုတ်ပယ်ခံခဲ့ရသည်။ ကြေညာစာတန်းကို ဦးရွှေမန်းကြီးမှူးသည့် အဖွဲ့တစ်ဖွဲ့က ၂၀၁၃ခုနှစ် အောက်တိုဘာလတွင် စတင်ပြုစုခဲ့သည်ဟု သိရှိရသည်။

ထိုအဖွဲ့မှာ ပေါ်လစီစည်းမျဉ်းများကို ဆွေးနွေးရန်အတွက် နှစ်လတစ်ကြိမ် ဦးရွှေမန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုဆွေးနွေးမှုများမှ သုံးသပ်ပြင်ဆင်ချက်များကို နောက်ပိုင်းတွင် ဗဟိုကော်မတီဝင်များထံ တင်ပြပြီး အတည်ပြုချက် တောင်းခံခဲ့သည်ဟု ဆိုသည်။

ကြေညာစာတန်းအတွက် ရေးဆွဲထားသည့် ပေါ်လစီအချို့မှာ လျှို့ဝှက်အပ်သည်ဟု ယူဆသောကြောင့် ဗဟိုကော်မတီသို့ မတင်ပြခဲ့သကဲ့သို့ လူထုသို့ သတင်းထုတ်ပြန်ရန်လည်း မရည်ရွယ်ခဲ့ဟု ဆိုသည်။ အထူးသဖြင့် လူထုအကျိုးအတွက် စစ်တပ်နှင့် ချိတ်ဆက်ထားသော လုပ်ငန်းစုကြီးများကို ပြုပြင်ပြောင်းလဲရေးနှင့် ရဲတပ်ဖွဲ့ ခေတ်မီရေး ပြုပြင်ဖွဲ့စည်းမှုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လ ပါတီတွင်းအာဏာသိမ်းမှုမတိုင်မီ လများတွင် ဦးရွှေမန်းနှင့် သမ္မတ ဦးသိန်းစိန်တို့၏ ဆက်ဆံရေးမှာ ဆိုးရွားပျက်ပြားလာခဲ့သည်ဟူသော ခန့်မှန်းမှုလည်း ရှိခဲ့သည်။ ၎င်း၏ ပြုပြင်ပြောင်းလဲရေး ပေါ်လစီများနှင့် တိုး၍ရင်းနှီးလာသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူသိရှင်ကြား ဆက်ဆံရေးက ပြည်ခိုင်ဖြိုးပါတီအတွင်း စစ်တပ်နှင့် ပလဲနံပသင့်သည့် ဂိုဏ်းများ၏ ဆန့်ကျင်မှု ဆွပေးသလိုဖြစ်ခဲ့ပြီး ၎င်းအား ပါတီဥက္ကဋ္ဌနေရာမှ ဖယ်ရှားမှုဆီသို့ ဦးတည်သွားခဲ့ခြင်းပင် ဖြစ်သည်။    

ဒေါ်အောင်ဆန်းစုကြည်အား ဖွဲစည်းပုံဥပဒေအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသောကြောင့် အင်အယ်လ်ဒီ၏ ထောက်ခံအားပေးမှုဖြင့် ဦးရွှေမန်းမှာ သမ္မတနေရာကို ရယူနိုင်ရန် ရေပန်းစားနေသည်။ ဦးရွှေမန်းမှာ ယခုအချိန်အထိ ပြည်ခိုင်ဖြိုးပါတီ၏ တရားဝင်အဖွဲ့ဝင်ဖြစ်နေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags