ကိုကိုးကျွန်း၌ မဲဆွယ်နိုင်ရန် NLD အမတ်လောင်းများ ကိုယ်ပိုင်အစီအစဉ် ပြင်ဆင်နေ

ကိုကိုးကျွန်း၌ မဲဆွယ်နိုင်ရန် NLD အမတ်လောင်းများ ကိုယ်ပိုင်အစီအစဉ် ပြင်ဆင်နေ

ရန်ကုန် အောက်တိုဘာ ၃ ။           ။ တိုင်းအစိုးရက သွားလာရေးအတွက် စီစဉ်မပေးသဖြင့် ကိုကိုးကျွန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်း များက ကိုယ်ပိုင်အစီအစဉ်ဖြင့် သွားရောက်ရန် ပြင်ဆင်ထားသည်ဟု NLD အမတ်လောင်း ဦးဝင်းမင်းက မဇ္ဈိမကို အောက်တိုဘာ ၃ရက်တွင် ပြောသည်။

"ကိုကိုးကျွန်းကို သွားလာနိုင်ဖို့ အပတ်စဉ် အဂါၤနေ့တိုင်း လေယာဉ်အငယ်စားနဲ့ စွဲပေးတယ်လို့ တရားဝင်ပြောထားပေမယ့် ကျွန်တော်တို့ကို အခုထိ ဘယ်လိုသွားရမယ်ဆိုတာ အသိမပေးပါဘူး။ ဒီအဂါၤနေ့မှ မသိရရင် ကိုယ့်အစီအစဉ်နဲ့ပဲ သွားတော့ မယ်။ ရွေးကောက်ပွဲအသုံးစားရိတ်အပေါ်လည်း မပြောလာနိုင်အောင်လို့ လုပ်ဖို့ သတိတော့ ထားထားတယ်။" ဟု ၎င်းက ပြောသည်။

အတိုက်အခံပါတီအမတ်များအနေဖြင့် ကိုကိုးကျွန်းသို့ သင့်လျော်သည့် အစီအစဉ်ဖြင့် သွားရောက်နိုင်ကြောင်းကို စာအမှတ် ၄/၇-၃(၄) လမ်းပန်းအမိန့်စာဖြင့် တိုင်းဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှုး ဦးမြတ်ကျော်ကျော်က အောက်တိုဘာ ၁ ရက်၌ ခွင့်ပြုခဲ့သည်။

NLD အမတ်လောင်း ဦးဝင်းမင်းကမူ "ကျွန်တော်တို့ အမိန်စာပါတဲ့ သင့်လျော်သည့်အစီအစဉ်ဖြင့် သွားနိုင်တယ်ဆိုတဲ့ အတွက် သူတို့မလုပ်ပေးရင် ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ်။ သွားလို့ရတဲ့နေရာက သွားမယ်။ တားရင်တားတဲ့သူက ရန်ကုန်တိုင်း (အစိုးရ) က ထုတ်ပေးထားတဲ့စာအရ ဖြေရှင်းရပါမယ်။" ဟု ပြောသည်။

NLD အမတ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်နိုင်သည့် စက်တင်ဘာ ၈ ရက်မှစ၍ ကိုကိုးကျွန်းသို့သွားနိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ကျော်လာသည့် ယနေ့တိုင် ကိုကိုးကျွန်းသို့ မရောက်နိုင်သေးဘဲ ဖြစ်နေကြသည်။

စက်တင်ဘာ ၂၂ ရက်နေ့ ပထမအကြိမ် ခွင့်ပြုချက်ရခဲ့သော်လည်း 'ခရီးစဉ်ပျက်သည်' ဟုဆိုသဖြင့် အစီအစဉ် ပျက်ခဲ့ရသေးသည်။

ကိုကိုးကျွန်းမှပင် ပြည်ခိုင်ဖြိုးမှ ဝင်ပြိုင်မည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေမှာမူ 'ခရီးစဉ်ပျက်သည်' ဟုဆိုသည့် စက်တင်ဘာ ၂၂ ရက်၌ ကိုကိုးကျွန်းသို့ အဂါၤနေ့တိုင်း ပြေးစွဲနေသည့် တပ်မတော်လေယာဉ်ဖြင့်ပင် သွားခွင့်ရခဲ့သည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးကိုကိုက "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းအစိုးရအဖွဲ့ကို စာရေးပြီး ပြောပေးထားတယ်။ သွားလာရေးကူညီဖို့။ NLD က တိုင်း (ကော်မရှင်) ကို ဘာအကြောင်းမှမကြားဘူး။ အဲဒီမှာပြိုင်မယ့် ပါတီအားလုံးအတွက် တိုင်းအစိုးရကို အကြောင်းကြားပြီးသွားပါပြီ။" ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးမှ ဝင်ပြိုင်မည့် အမတ်လောင်း ၃ ဦးစလုံးသည် ကိုကိုးကျွန်းသို့ ရောက်ရှိနေပြီး မဲဆွယ်စည်းရုံးမှုလုပ်ငန်းများ အဆက်မပြတ် ပြုလုပ်နေသည်ဟု ကိုကိုးကျွန်းနေ ဦးလှထွန်းက မဇ္ဈိမကို ပြောသည်။

မဲဆွယ်စည်းရုံးမှုအခြေအနေများသိရှိနိုင်ရန် ကိုကိုးကျွန်း၌ ပြည်ခိုင်ဖြိုးမှ ဝင်ပြိုင်မည့် ရန်ကုန်တိုင်း နယ်/လုံဝန်ကြီးဟောင်း ဦးတင်ဝင်း ကို မဇ္ဈိမက တယ်လီဖုန်းဖြင့် ပထမအကြိမ် အဆက်အသွယ်ရစဉ် ဖုံးလိုင်းအခက်အခဲကြောင့် မေးမြန်းခွင့် မရလိုက်သဖြင့် ဒုတိယအကြိမ် ထပ်မံခေါ်ဆိုရာတွင်မူ အဆက်အသွယ်မရခဲ့ပေ။

ကိုကိုးကျွန်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးမှ သူရဦးသက်ဆွေ (ပြည်သူ့လွှတ်တော်) နှင့် NLD မှ ဦးဝင်းမင်း (ပြည်သူ့လွှတ်တော်) တို့အပါအဝင် ပါတီ ၅ ခု မှ အမတ်လောင်း စုစုပေါင်း ၁၂ ဦး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags