တသီးပုဂ္ဂလအမတ်လောင်းများနှင့် လုံးဝမသက်ဆိုင်လို့ NLD ကြေငြာ

တသီးပုဂ္ဂလအမတ်လောင်းများနှင့် လုံးဝမသက်ဆိုင်လို့ NLD ကြေငြာ

နေပြည်တော်၊ အောက်တိုဘာ ၁ ။ ။ ပါတီ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပယ်ထားသူများနှင့် ပါတီမှ နှုတ်ထွက်ကာ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူများနှင့် လုံးဝမသက်ဆိုင်ကြောင်းနှင့် နောင်တွင်လည်း မည်သို့မျှ သက်ဆိုင်မှုရှိမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က စက်တင်ဘာ ၃၀ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

“ထိုပုဂ္ဂိုလ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးမူဝါဒသဘောထားနှင့် ရပ်တည်ချက်၊ ဆုံးဖြတ်ချက်။ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း၊ ပြောဆိုစည်းရုံးကြခြင်း ဖြစ်ပါသည်"

“သို့ပါ၍ အဆိုပါ ပုဂ္ဂိုလ်များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လုံးဝမသက်ဆိုင်ပါကြောင်းနှင့် နောင်တွင်လည်း မည်သို့မျှ သက်ဆိုင်မှုရှိမည်မဟုတ်ကြောင်းတို့ကို မဲဆန္ဒရှင်ပြည်သူအပေါင်းအား အသိပေးအပ်ပါသည်” ဟု NLDက ကြေငြာချက်ထုတ်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ အရေးယူခြင်းခံရသူများ၊ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ထားသူများနှင့် နှုတ်ထွက်သွားသူများသည် လာမည့်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြသလို ပါတီဝင်တစ်ချို့ကလည်း အဆိုပါ တသီးပုဂ္ဂလအမတ်လောင်းများနှင့် အခြားပါတီများအတွက် မဲဆွယ်ကာ ၎င်းတို့အနိုင်ရရှိပါက NLDပါတီကို ထောက်ခံကြမည်ဟု လိမ်လည်ပြီး မဲဆွယ်နေသည်ဟု ကြေငြာချက်တွင် ပါရှိသည်။

အဆိုပါ လုပ်ရပ်များသည် “ရွေးကောက်ပွဲဥပဒေနှင့် ညှိစွန်းလျက်ရှိပါသည်” ဟု ပါတီနာယက ဦးတင်ဦး ဥက္ကဌအဖြစ် တာဝန်ယူထားသည် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ကြေငြာထားသည်။

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်

Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly