ပလောင်တပ်ထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး နှောက်ယှက်ဖျက်ဆီးမည်မဟုတ်ဟုပြော

ပလောင်တပ်ထိန်းချုပ်နယ်မြေတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး နှောက်ယှက်ဖျက်ဆီးမည်မဟုတ်ဟုပြော

ရန်ကုန် စက်တင်ဘာ ၂၇။ ။ မသမာသည့်နည်းလည်းဖြင့် ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကို အနိုင်ရရှိရန် တိုင်းရင်းသားဒေသများတွင် အစိုးရအဖွဲ့ကထိုးစစ်ဆင်နေသည်ဟု ပလောင်လွတ်မြောက်ရေးတပ်ဖွဲ့ TNLA က စက်တင်ဘာ ၂၇ရက်တွင် ထုတ်ပြန်ကြေငြာသည်။

"၂၀၀၈ဖွဲ့စည်းပုံကိုလုံးဝလက်မခံသဖြင့် ၂၀၁၅ရွေးကောက်ပွဲကိုလည်း မထောက်ခံနိုင်ပါ။ သို့သော်မိမိတို့စိုးမိုး ထားသည့်နယ်မြေရှိ ရွေးကောက်ပွဲများလွတ်လပ်မျှတစွာကျင်းပနိုင်ပြီး ဝင်ရောက်သည့် နိုင်ငံရေးပါတီများကို လည်းထောက်ခံမည်မဟုတ်သကဲ့သို့ နှောင့်ယှက်ဖျက်ဆီးခြင်းလည်း လုပ်မယ်မဟုတ်ပါ" ဟု ပလောင်အဖွဲ့က ထုတ်ပြန်သည်။

အစိုးရကထိုးစစ်များဆင်နွဲနေသော်လည်း ပလောင်အဖွဲ့ကမူ မိမိတပ်ဖွဲ့ကာကွယ်ရေးစစ်မှအပ တစ်ခြား ထိပ်တိုက်ထိတွေ့မှုများကို အတက်နိုင်ဆုံးရှောင်ရှားကာ တိုက်ပွဲများကို ရှောင်ရှားသွားမည်ဟုလည်း ပါရှိသည်။

ရွေးကောက်ပွဲသို့ ဝင်ရောက်မည့်ကိုယ်စားလှယ်လောင်းများအနေဖြင့် ပလောင်လူမျိုးများအားနိမ့်ချ ပုတ်ခတ်စော်ကားဟောပြောခြင်းမှအပ လွတ်လပ်စွာဟောပြောစည်းရုံးနိုင်ကြောင်း ထုတ်ပြန်ချက် အတွင်း ပါရှိသည်။

ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးနည်းပါးတွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ထားသော်လည်း အခြားအခြေအနေများကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများကို ပြည်ထောင်စုရွေးကောာက်ပွဲ ကော်မရှင်က ထုတ်ပြန်ခြင်းမရှိသေးပေ။

ပလောင်အဖွဲ့သည် အစိုးရကနောက်ဆက်တွဲအပစ်ခတ်ရပ်စဲရေး(ပြည်နယ်အဆင့်) သဘောတူညီမှုကို ရယူရန် နှစ်ဖက်ညှိုနှိုင်းနေသော်လည်း ယင်းအချိန်အတွင်းပင် တိုက်ပွဲများဖြစ်ပေါ်နေသည်။ အစိုးရက အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ကို ပလောင်အဖွဲ့မပါသည့် အခြားတိုင်းရင်းသားလက်နက်ကိုင် ၁၅ဖွဲ့ဖြင့် ပထမဆုံးလက်မှတ်ရေး ထိုးရန်ပြင်ဆင်နေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖက်ကလည်း ပလောင်အပါအဝင် အဆင့်မြင့်ခေါင်းဆောင်များအဖွဲ့ဝင် လက်နက်ကိုင် ၁၇ဖွဲ့ဖြင့် အပစ်ရပ်ထိုးရန် ပထမဆုံးညှိနှိုင်းကြိုးပမ်းပြီး ဒုတိယအဆင့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့လုံးဖြင့်တစ်ပြိုင်တည်း လက်မှတ်ထိုးနိုင်ရေးကိုလည်း ကြိုးပမ်းနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးက စက်တင်ဘာ ၂၈ရက်မှ ၃၀ရက်ထိ ချင်းမိုင်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးမည့် ရက်ဆွေးနွေးမည့် အစည်းအဝေးကိုပြုလုပ်ရန် ပြင်ဆင်နေသည်။ ယင်းအစည်းအဝေးက လက်မှတ်ထိုးမည့် ရက်သာဆုံးဖြတ်ခြင်းဖြစ်ပြီး ပါဝင်ရေးထိုးမည့်အဖွဲ့များက ကိုယ်ပိုင် ဆုံဖြတ်ချက်ဖြင့်သာဆောင်ရွက်ရမည်ဟု အဆင့်မြင့်ခေါင်းဆောင်များအဖွဲ့ဝင် ဦးခွန်ဥက္ကာကမဇ္ဈိမကိုပြော ထားသည်။

အားလုံးပါဝင်ရေးမူအပေါ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြား သဘောထားကွဲလွဲမှုရှိနေခြင်း ကြောင့် သြဂုတ်လအတွင်း အဆုံးသတ်နိုင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်ရှိအချိန် အထိလက်မှတ်မရေးထိုးနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly