လူမျိုးဘာသာမခွဲခြားသည့် စည်းရုံးမှုမျိုးသာ လိုလားဟု ပြည်ခိုင်ဖြိုး အမတ်လောင်းဆို

လူမျိုးဘာသာမခွဲခြားသည့် စည်းရုံးမှုမျိုးသာ လိုလားဟု ပြည်ခိုင်ဖြိုး အမတ်လောင်းဆို
ရန်ကုန်မြိုု့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ အမတ်လောင်း ဦးကျော်စိုး မဲဆွယ်နေသည်ကို စက်တင်ဘာလ ၂၆ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)​

ရန်ကုန်၊ စက်တင်ဘာ ၂၆။        ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်း တစ်ဦးဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် ဒေါက်တာကျော်စိုးက မဲဆန္ဒရှင်များကို စည်းရုံးရာတွင် ဘာသာလူမျိုး ခွဲခြားစည်းရုံးမည့် စည်းရုံးမှုမျိုး လုပ်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

"မင်္ဂလာတောင်ညွန့်မှာ ဘာသာပေါင်းစုံရှိတယ်။ မရှိတဲ့ဘာသာလည်း မရှိဘူး။ အဲဒီတော့ ဒီမြို့နယ်အတွင်းမှာ ရှိတဲ့သူတွေ အားလုံး ပါတီမူဝါဒအတိုင်း လူမျိုးဘာသာ မကွဲခြားဘူး။ ပါတီလုပ်ငန်းလည်း လုပ်ခွင့်ရှိတယ် ဘယ်ဘာသာ ဘယ်လူမျိုးကိုမှ ရည်ရွယ်ပြီး မစည်းရုံဘူး။ ပြည်သူတစ်ရပ်လုံးကိုပဲ ရည်ရွယ်ပြီးစည်းရုံးမယ်" ဟု ဒေါက်တာကျော်စိုးက ဆိုသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း စက်တင်ဘာ ၂၆ ရက်က သူ၏ ပထမဆုံး လှည့်လည် မဲဆွယ်စည်းရုံးမှုတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်သည် အစ္စလာမ်ဘာသာဝင် အများစု နေထိုင်သည့်  မြို့နယ်ဖြစ်သည့်အတွက် အစ္စလာမ်ဘာသာဝင်များကို အဓိကထား မဲဆွယ် စည်းရုံးမှု ရှိ၊ မရှိ မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကို မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း လက်ကမ်းစာစောင်များ အိမ်တိုင်ရာရောက် ပေးဝေခြင်း၊ လိုက်လံစည်းရုံးခြင်းတို့ ပြုလုပ်ရာတွင် အနှေးယာဉ်လုပ်သား ၃၀ ကျော်ကလည်း လိုက်ပါ မဲဆွယ်စည်းရုံးကြသည်။

"ဒီနေ့သွားတဲ့သူတွေက နည်းနည်းပါ ကျွန်တော်တို့က ကျွန်တော်တို့ကြိုက်တာရှိပြီးသား၊ မဲစာရင်းလည်း ကြည့်ပြီးသွားပြီ၊ NLDကိုပဲ မဲပေးမှာ၊ နှစ်ပေါင်းများစွာ ခံလာခဲ့ရပြီးပြီ။ NLD ရရင် ဒီထက်တော့ မဆိုးတော့ဘူးလို့ ထင်တယ်" ဟု မင်္ဂလာတောင်ညွန့်နေ အနှေးယာဉ်လုပ်သား ဦးစိုးဝင်းကဆိုသည်။

မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်ဟု ယူဆရသူ ၁ ဒဿမ ၃၅သန်း အထိနေထိုင်ကြပြီး၊ ယင်းတို့မှ ၁ ဒဿမ ၀၅သန်းမှာ ရခိုင်ပြည်နယ်မှဖြစ်ပြီး၊ ကျန် ၀ ဒဿမ ၃သန်း(၃သိန်း)က တစ်ခြားပြည်နယ်နှင့် တိုင်း အနံှ့နေထိုင်ကြပြီး ရန်ကုန်တွင် အများစုဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန စာရင်းများတွင် ဖေါ်ပြသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ပြည်ခိုင်ဖြိုးမှ ဒေါက်တာကျော်စိုး(ပြည်သူ့လွှတ်တော်)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ဖြူဖြူသင်း(ပြည်သူ့လွှတ်တော်)အပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့အတွက် ပါတီ ၇ခုမှ ကိုယ်စားလှယ်စုစုပေါင်း ၂၀ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

လက်ရှိ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် နေရာကိုမူ အတိုက်အခံပါတီမှ ဒေါ်ဖြူဖြူသင်းက ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဖြင့် အနိုင်ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly