ရွေးကောက်ပွဲနိုင်ရင် လူငယ်တွေ စာရိတ္တကောင်းအောင် ရှင်ပြုပေးမယ်လို့ ဝန်ကြီး ဦးမြင့်လှိုင် မဲဆွယ်

ရွေးကောက်ပွဲနိုင်ရင် လူငယ်တွေ စာရိတ္တကောင်းအောင် ရှင်ပြုပေးမယ်လို့ ဝန်ကြီး ဦးမြင့်လှိုင် မဲဆွယ်
သာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေး ကြိုးပမ်းမည်ဆိုသည့် လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်အား စက်တင်ဘာ ၂၂ရက်က တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ စက်တင်ဘာ ၂၂။ အထွေထွေ ရွေးကောက်ပွဲတွင် သူ့ကို မဲပေးကာ အနိုင်ရရှိခဲ့ပါက လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တ ကောင်းစေရန် ရှင်ပြုနိုင်အောင် လုပ်ဆောင်ပေးမည်ဟု လက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်က မဲဆွယ်လိုက်သည်။
 
“ဘာသာ၊ သာသနာ ထွန်းလင်း တောက်ပဖို့အတွက်ကို ငယ်ရွယ်တဲ့သူတွေ အကျင့်စာရိတ္တကောင်းအောင်လို့ ရှင်မပြုနိုင်တဲ့ သူတွေ ရှင်ပြုနိုင်အောင် ဘုန်းတော်ကြီး ကျောင်းတွေကို ရောက်နိုင်အောင် အဘက ရှင်ပြုနိုင်အောင် လုပ်ပေးမယ်” ဟု ဝန်ကြီး ဦးမြင့်လှိုင်က စက်တင်ဘာ ၂၂ ညနေပိုင်းက သတင်းထောက် အချို့ကို သူ၏ မူဝါဒနှင့် ပတ်သက်၍ ပြောခဲ့ခြင်းဖြစ်သည်။
 
ထို့အပြင် သံဃာတော်များ တရားဘာဝနာ အားထုတ်နိုင်ရန်နှင့် စိတ်ချမ်းသာစွာ သီတင်းသုံးနိုင်ရန် သာသနိက အဆောက်အဦ များကိုလည်း ခိုင်ခန့်ပြီး ဥပဓိရုပ်ကောင်းအောင် စိတ်ကူးယဉ်မဟုတ်သည့် လုပ်ရပ်ဖြင့် လုပ်ဆောင်ပေးမည်ဟု ဆိုသည်။ “ဒီလိုဆောင်ရွက်ခြင်းဟာလည်း စိတ်ကူးယဉ်တာတော့ မဟုတ်ဘူးနော်” ဟု ဦးမြင့်လှိုင်က ထပ်ဆင့် ပြောသည်။
 
ဝန်ကြီးဦးမြင့်လှိုင်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်တွင်လည်း ပထမဦးစားပေး လုပ်ဆောင်မည့် အချက်တွင် “အမျိုးဘာသာနှင့် သာသနာတော် တည်တံ့ထွန်းကား ပြန့်ပွားရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်” ဟု ရေးသားထားသည်ကို တွေ့ရသည်။
 
ဦးမြင့်လှိုင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ သူ ယှဉ်ပြိုင်မည့် မြို့နယ်တွင် အတိုက်အခံပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ အမတ်လောင်း ဦးသန့်ဇင်ထွန်းလည်း ဝင်ပြိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲနိုင်ပါက ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေး ဦးစားပေးလုပ်ဆောင်မည်ဆိုသည့် ဝန်ကြီး ဦးမြင့်လှိုင်သည် လက်ရှိတွင် ဥပဒေပြုရေးကိစ္စများကို စတင်လေ့လာနေသည်ဟု သူကဆိုသည်။ “ဥပဒေက တစ်အားအရေးကြီးတယ်။ ဒါကြောင့်မို့လို့ အဘက ဥပဒေ ဘာသာရပ်တွေကို လေ့လာနေတယ်။ အဘမှာ ပညာအခြေခံ အသင့်အတင့် ရှိတဲ့အတွက်ကြောင့် ကျန်တဲ့ကာလမှာ ဥပဒေပိုင်းဆိုင်ရာကို အာရုံပြုပြီး လေ့လာမယ်။ နိုင်ငံတစ်ကာ ဥပဒေတွေ၊ ထုံးတမ်းတွေ၊ သက်ဆိုင်ရာ ဘာသာရပ်အလိုက်ပေါ့။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာ ဥပဒေပြုနိုင်တဲ့ အခြေခံရှိမှရမှာလေ” ဟု ဦးမြင့်လှိုင်က ဆိုသည်။
 
လွှတ်တော်အမတ်လုပ်ရန် ဥပဒေများ လေ့လာနေပြီဖြစ်သည့် ဝန်ကြီးဦးမြင့်လှိုင်သည် တရားဝင် မဲဆွယ်စည်းရုံးခွင့်ရသည့် ခွင့်ပြုရက် မတိုင်ခင် ကြိုတင်မဲဆွယ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရသေးသည်။
 
အကြောင်းမှာ ဝန်ကြီးဦးမြင့်လှိုင်ကို မဲပေးရန် စာသားများရေးသားထားသည့် ထီးနှင့် ယပ်တောင်များကို ဒက္ခိဏသီရိမြို့နယ်၊ ရွာသစ်ကျေးရွာဒေသခံများထံ တသီးပုဂ္ဂလအမတ်လောင်း ဦးကျော်ဝင်းက စက်တင်ဘာ ၄ရက်တွင် ဦးမြင့်လှိုင် ကိုယ်စား ဝေငှပေး ခဲ့ခြင်းကြောင့် ဦးသန့်ဇင်ထွန်း၏ ကိုယ်စားလှယ် ဒေါ်သန်းသန်းစိုးက တိုင်ကြားခဲ့သည်။ သို့သော် အဆိုပါ လုပ်ရပ်မှာ မဲဆွယ်ခြင်းမဟုတ်ဘဲ ပြည်သူများကို ကြိုတင် မိတ်ဆက်ခြင်းသာဖြစ်သည်ဟု ဦးမြင့်လှိုင်က ငြင်းဆိုသည်။
 
“စောစောစီးစီး ပြည်သူတွေကို မိတ်ဆက်ပေးတာပဲ၊ ဒီအပေါ်မှာ မတူတဲ့အမြင်တွေ၊ စွပ်စွဲပြစ်တင်တာတွေလည်း ပြည်သူတွေ နစ်နာတယ်လို့ပဲ အဘက မြင်တယ်။ အဘအတွက် ဘာမှမထိခိုက်ဘူး” ဟု ပြောသည်။ အမတ်လောင်းများ တရားဝင်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ရက်နေ့မှသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ကြိုတင်ဝေငှခဲ့သည့် အစိမ်းရောင်ထီးတွင် ရေးသားထားသည့်စာသားမှာ “ဒို့အတွက် အမှန်တစ်ကယ်အကျိုးပြုမည့် ကိုယ်စားလှယ် ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲ ပေးကြပါစို့" ဟူ၍ဖြစ်သည်။
 
ဦးမြင့်လှိုင်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လက်ကမ်းစာစောင်တွင် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေး အပါအဝင် တရားဥပဒေစိုးမိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ လယ်သမားများ ဝင်ငွေ(၂)ဆ ရရှိရေးနှင့် သက်ကြီးရွယ်အိုများအား ထိထိရောက်ရောက် ထောက်ပံ့ကူညီရေး စသည်တို့ကို လုပ်ဆောင်မည်ဟု ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly