ရွေးကောက်ပွဲအပေါ် သံရုံးများ၏ စိုးရိမ်မှု အစိုးရ ပြတ်ပြတ်သားသား ပယ်ချဟု ထုတ်ပြန်

ရွေးကောက်ပွဲအပေါ် သံရုံးများ၏ စိုးရိမ်မှု အစိုးရ ပြတ်ပြတ်သားသား ပယ်ချဟု ထုတ်ပြန်

ရန်ကုန် စက်တင်ဘာ ၁၈။ ။ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံး ကိုးခုမှ ရွေးကောက်ပွဲနှင့်ပက်သက်ပြီး ပူးတွဲထုတ်ပြန် ခဲ့သည့်အပေါ် မြန်မာအစိုးရက ပြတ်ပြတ်သားသား ပယ်ချလိုက်သည်ဟု စက်တင်ဘာ ၁၆ရက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန်ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် သံရုံးး ကိုးခုက ရွေးကောက်ပွဲနှင့် ပက်သက်ပြီး ထုတ်ပြန်ချက်သည့် အပြုသဘောမဆောင်ဘဲ မလိုလားအပ်သော အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်ကို အစိုးရက စိုးရိမ်မကင်းဖြစ်မိသည်ဟု ပါရှိသည်။

"နိုင်ငံများ စိုးရိမ်မကင်းဖြစ်ရသည့် အကြောင်းတရားများကြောင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် ကိစ္စရပ်ကြီးငယ်များကို တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ၊ တရားမျှတစွာ ဖြေရှင်းပေးနိုင် ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ထားပြီးဖြစ်သည်" ဟု အစိုးရက ထုတ်ပြန်ချက် အတွင်းထည့်သွင်း တုန့်ပြန်ရေးသးာထားသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ စက်တင်ဘာ ၁၅ရက်တွင် မြန်မာနိုင်ငံတွင်း အခြေစိုက်သည့် အမေရိကန်၊ နော်ဝေ၊ သြစတေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျပန်၊ ဆွီဒင်၊ ဗြိတိသျှ သံရုံးတို့က ရွေးကောက်ပွဲနှင့် ပက်သက်ပြီး မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးကို နည်းလမ်းတစ်ခု အနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်မိသည်ဟု စုပေါင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် အပြန်အလှန် လေးစာခြင်း၊ ကျောသားရင်သားမခွဲခြားပဲ မျှတမှုရှိရေး စသည့်ကိစ္စရပ်များ ရွေးကောက်ပွဲ စည်းမျဉ်းများနှင့် ဥပဒေများအားလုံးကို အသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေး ပါတီမရွေး မျှတမှုရှိစေရန် တသမတ်တည်း ဖြစ်စေရန်နှင့် မျှတမှုရှိစေရန် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်နှင့် ဘာသာရေး ခေါင်းဆောင်းများနှင့် နိုင်ငံသား အားလုံးကို သံရုံးများက တောင်းဆိုထားသည်။

တောင်းဆိုမှုအပြင် ယင်း အခြေအနေများကိုလည်း ၂၀၁၆ခုနှစ် အစိုးရအဖွဲ့ ထူထောင်ခြင်းအထိ အနီးကပ် လေ့လာစောင့်ကြည့်သွားမည်ဟု သံရုံးများက ဆိုသည်။ တစ်ဘက်တွင်မူ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များကလည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်နိုင်ရေး ကူညီ တိုက်တွန်းသွားမည်ဟု အင်းစိန်တောရ ကျောင်းတွင် ပြုလုပ်သည့် မ.ဘ.သ ဖွဲ့စည်းခြင်း ၂နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် ဆုံးဖြတ်ထားသည်။

ကိုယ်စားလှယ်လောင်း အချို့တို့ကလည်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်မည်ဟုဆိုကာ မဲဆွယ်စည်းရုံးမှုများ ရှိနေသည်။ အစိုးရကလည်း ဘာသာရေး အသုံးပြုမဲဆွယ်ခြင်းနှင့် ပက်သက်ပြီး စက်တင်ဘာ ၁၅ရက်ကပင် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် မြန်မာနိုင်ငံက ဓလေ့ထုံးတမ်းပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံ ရှိသည့်၊ လူမျိုးများစွာ နေထိုင်သော နိုင်ငံဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံ၏ လူမှုသဟဇာတဖြစ်မှုနှင့် မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို ထိခိုက်နစ်နာစေသော ကိစ္စရပ်များ မဖြစ်ပေါ်စေရန် နိုင်ငံရေးပါတီနှင့် မဲဆန္ဒရှင် အားလုံး ရှောင်ရှားရန်လိုအပ်သည်ဟု အတိအလင်း အသိပေးထားကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အတွင်း ပါရှိသည်။

အဆိုပါ အသိပေးမှုများ ပြုလုပ်ထားသည့်အတွက် သံရုံး ကိုးခုမှထုတ်ပြန်သည့် အသိပေးချက်သည် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အေးချမ်းကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ရပ်ကို ကြိုးစားဖန်တီးနေသည့် မြန်မာပြည်သူများ အားထုတ်ကြိုးပမ်းမှုကို လျစ်လျူပြုရာ ရောက်သဖြင့် ယင်းထုတ်ပြန်ချက်ပါ ဖော်ပြချက်များကို ပြတ်ပြတ်သားသား ဆန့်ကျင်သည်ဟု အစိုးရက တုံ့ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly