မဲလက်မှတ် ၁၂၅ ဒဿ မ ၅၅ သန်းမှ ကြိုတင်မဲလက်မှတ်များ အောက်တိုဘာ ၁ ရက်တွင် ပို့ပေးမည်

မဲလက်မှတ် ၁၂၅ ဒဿ မ ၅၅ သန်းမှ ကြိုတင်မဲလက်မှတ်များ အောက်တိုဘာ ၁ ရက်တွင် ပို့ပေးမည်

ရန်ကုန်၊ စက်တင်ဘာ ၁၇ ။          ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲလက်မှတ်ပေါင်း ၁၂၅ ဒဿ     မ ၅၅ သန်း ရိုက်နှိပ်မည်ဖြစ်ပြီး၊ ပြည်ပအတွက် ကြိုတင်မဲလက်မှတ်များကို အောက်တိုဘာ ၁ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးဝင်းဦးခိုင်က စက်တင်ဘာ ၁၇ရက်တွင် မဇ္ဈိမကိုပြောသည်။

ရန်ကုန်မြို့သိမ်ဖြူလမ်းမပေါ်ရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရုံးတွင် ပြုလုပ်သည့် စက်တင်ဘာ ၁၇ ရက် သတင်းစားရှင်းလင်းပွဲ၌ မဇ္ဈိမ၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

"နိုင်ငံခြားက ကြိုတင်မဲပေးမယ့်သူက ၁၈၀၀၀ ပတ်ဝန်းကျင်ရှိပါတယ်။ အောက်တိုဘာ ၁ရက်နေ့ ကြိုတင်မဲပေးနိုင်ဖို့ မဲလက်မှတ်တွေ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပို့ပေးမယ်။ အခုရိုက်နေတာတွေရှိတယ်၊ အဲဒီထဲကနေပြီးတော့ ယူပေးမှာပါ။ အားလုံးပြီးမ ှပေးမှာမဟုတ်ပါဘူး။" ဟု ဦးဝင်းဦးခိုင်က ပြောသည်။

နိုင်ငံခြားရောက်မြန်မာများ မဲပေးရန်လျောက်ထားသည့် ဦးရေမှ ၁၈၀၀၀ ဝန်းကျင်သာရရှိထားသည်ဟု စက်တင်ဘာလ ၃ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲတွင် လည်းကော်မရှင် ဥက္ကဌ ဦးတင်အေးက မဇ္ဈိမကို ဖြေကြားထားသည်။

စက်တင်ဘာ ၃ ရက်မှ ယနေ့အထိ ထပ်မံလျောက်ထားလာသည့် နိုင်ငံခြားရောက် မဲပေးလိုသူ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မသိရသေးကြောင်း ဦးဝင်းဦးခိုင်က ဆိုသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲလက်မှတ် ၁၂၅ ဒဿမ ၅၅သန်းတွင် ပြည်သူ့လွှတ်တော်အတွက် မဲလက်မှတ်  ၄၀ ဒဿမ ၄သန်း၊ အမျိုးသားလွှတ်တော်အတွက် ၃၈ ဒဿမ ၃၅သန်း၊ တိုင်း/ပြည်နယ် လွှတ်တော်အတွက် ၃၉ ဒဿမ ၆၃သန်း၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်းမဲအတွက် ၇ ဒဿမ ၁၇သန်းတို့ဖြစ်သည်။

မဲလက်မှတ်ရိုက်နှိပ်ရန် အသုံးပြုသည့် စက္ကူကို အင်ဒိုနီးရှားနိုင်ငံရှိ PP Pure ကုမ္ပဏီထုတ် Wood Free 80 GSM အရည်အသွေး တုပနိုင်မှု မရနိုင်သည့် စာရွက်တန်ချိန် ၁၀၅၀ ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ဝယ်ယူစေခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းရုံးမှ သိရသည်။

မဲလက်မှတ်များ၏ လုံခြုံရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တံဆိပ် UEC ကို မဲလက်မှတ်တိုင်းတွင် ရေစာအဖြစ် ထည့်သွင်းပြီး နောက်ကျောတွင် ပြည်သူ့လွှတ်တော်မဲလက်မှတ်အတွက် ယင်းတံဆိပ်ကိုပင် အစိမ်းရောင်၊ အမျိုးသားလွှတ်တော် မဲလက်မှတ်အတွက် အပြာရောင်၊ တိုင်း/ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် လက်မှတ်နောက်ကျောတွင်မူ မရမ်းရောင် အဖြစ်အရောင်များ ခွဲခြားထားသည်။

ယင်းအပြင် မဲလက်မှတ် အရေအတွက် ၅၀ ကို ပေါင်းကာ မဲစာအုပ်တစ်ခုအဖြစ် ပူးတွဲထားရှိမည်ဖြစ်ပြီး၊ ၎င်းစာအုပ် ၅၀ စီ ကို စုပူးကာ သက်ဆိုင်ရာ ပြည်နယ်တိုင်းများသို့ ပေးပို့မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်အတွက် မဲစာအုပ် ၅၀ပါ အစည်းကို အစိမ်းရောင်တိတ်၊ အမျိုးသားလွှတ်တော်အတွက် မဲစာအုပ်အစည်း ကို အပြာရောင်တိတ်၊ တိုင်း/ပြည်နယ်လွှတ်တော်အတွက် အညိုရောင်တိတ်နှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် မဲစာအုပ်အစည်းကို အဝါရောင်တိတ်တို့ဖြင့် အသီးသီးစည်းနှောင်ကာ ပေးပို့မည်ဟု ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းရုံး ဦးဆောင်ညွှန်ကြားရေးမှုး ဦးအောင်မျိုးမြင့်က ဆိုသည်။

မဲလက်မှတ်ပေါင်း ၁၂၅ ဒဿမ ၅၅ သန်းကို စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ မဲလက်မှတ် သန်း ၄၀ နှင့် စက်တင်ဘာ ၁၃ ရက်တွင် ရန်ကုန်၌ မဲလက်မှတ် ၈၅ ဒဿမ ၅၅သန်းကို ရိုက်နှိပ်နေပြီး အောက်တိုဘာ ၂၅ရက်တွင် ပုံနှိပ်ပြီးစီးမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အပြီးသတ်လွှဲပြောင်းပေးအပ်မည်ဟုသိရသည်။

မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စုစုပေါင်းမှာ ၃၂ သန်းကျော်ရှိပြီး နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးအဖွဲ့ ဗဟိုအချက်အလက် ထိန်းရာဆာဗာအတွင်း ရရှိထားကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်ကပြော ထားသည်။

အဆိုပါ စာရင်းအတွင်း နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများလည်း ပါဝင်သည်ဟု ဆိုသည်။ နိုင်ငံတစ်ကာတွင်  မြန်မာနိုင်ငံ သား ၅သန်းခန့် အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေထိုင်နေ ကြကြောင်းရွှေ့ပြောင်း အလုပ်သမားရေးရာအဖွဲ့များက ခန့်မှန်းထားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင်မူ ၂သန်း ကျော်သာ ပြည်ပသို့ရွှေ့ပြောင်းနေထိုင်ကြောင်း ကောက်ခံရရှိထားသည်။

ပြည်ထဲရေးဝန်ကြီးဌာနကထုတ်ပေးသည့် တရားဝင်နိုင်ငံကူးလက်မှတ်ဖြင့် နိုင်ငံအတွင်းမှ တရားဝင် ထွက်ခွာသွားသူများ ကိုသာ ရွေးကောက်ပွဲကော်မရှင်က မဲပေးခွင့်ပြုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly