မျက်နှာချိုသွေးတဲ့ အလုပ် ငါ့တစ်သက် မလုပ်ဘူးလို့ အမတ်လောင်း ကာကွယ်ရေး ဝန်ကြီး(ငြိမ်း) ဦးဝေလွင်ပြော

မျက်နှာချိုသွေးတဲ့ အလုပ် ငါ့တစ်သက် မလုပ်ဘူးလို့ အမတ်လောင်း ကာကွယ်ရေး ဝန်ကြီး(ငြိမ်း) ဦးဝေလွင်ပြော
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်အား သူယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွင်းရှိ အောင်သုခကျေးရွာတွင် မဲဆွယ်စည်းရုံးနေသည်ကို စက်တင်ဘာ ၁၁ရက်က တွေ့ရစဉ်(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ စက်တင်ဘာ ၁၁။                   ။ မဲဆန္ဒရှင် ပြည်သူများကို လာဘ်ထိုးပြီး မဲထည့်အောင် ကြိုပမ်းမည်မဟုတ်ဟု နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ပြိုင်မည့် အငြိမ်းစား ကာကွယ်ရေးဝန်ကြီး ဦးဝေလွင်က ပြောဆိုလိုက်သည်။ သူ၏ ပထမဆုံး မဲဆွယ်စည်းရုံးမှု စတင်လိုက်သည့် စက်တင်ဘာ ၁၁ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခ ကျေးရွာတွင် ဦးဝေလွင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“မဲရဖို့ကို လာဘ်ထိုးရတဲ့ ဟာမျိုး၊ မျက်နှာချို သွေးရတဲ့ဟာမျိုး ငါ့တစ်သက် ဘယ်တော့မှ မလုပ်ဘူးဆိုတာ ကျွန်တော် ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်ပါတယ်” ဟု တပ်မတော်တွင် နှစ်ပေါင်း ၄၀ တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဝေလွင်က ပြောသည်။

လာဘ်ပေးပြီး မဲဆွယ်မည်မဟုတ်ဆိုသည့် ဦးဝေလွင်သည် မဲဆွယ်စည်းရုံးခွင့်မရခင် ရက်ပိုင်းအတွင်း ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မှ ကျေးရွာပေါင်း ၁၆ရွာ လျှပ်စစ်မီးရရှိရန် သိန်းပေါင်း ၆၅၅ သိန်း လှူဒါန်း ထားသေးသည်။ သို့သော် ထိုလုပ်ရပ်သည် မဲဆွယ်စည်းရုံးခြင်း မဟုတ်ဟု ဦးဝေလွင်က ငြင်းဆန်သည်။

“ကျွန်တော် လာတာကတော့ အမှန်ခြစ်ဖို့ ကိစ္စကြီးပါပဲ” ဟု မဲဆန္ဒရှင်များကို စတင်စည်းရုံး ပြောဆိုလိုက်သည့် ဦးဝေလွင်က ရွေးကောက်ပွဲတွင် အနိုင်မရပါကလည်း လုပ်ဆောင်ရန် စီစဉ်ထားမှုအပေါ် အောက်ပါအတိုင်းပြော သည်။

“မိဘပြည်သူတွေ မကြိုက်လို့ မရွေးတော့လည်း ကိုယ့်ရဲ့ မိသားစုနဲ့နေထိုင်၊ စာလေးတွေဖတ်၊ တပ်မှာ တာဝန်ထမ်းဆောင်တုန်းက လူမှုရေးတွေ၊ မိသားစုအပေါ် အချိန်မပေးနိုင်တဲ့ဘဝတွေကို အခုအချိန်မှာ ပြန်ပြီးတော့ စာတွေဖတ်မယ်၊ စာတွေရေးမယ်၊ ပြီးလို့ရှိရင် တတိယအရွယ် ရောက်နေပြီဖြစ်တဲ့အတွက် ဘဝကူးကောင်းဖို့ တရားဓမ္မအားထုတ်ပြီး အေးအေးဆေးဆေးနေမယ်” ဟု ဆိုသည်။

အမတ်လောင်း ဦးဝေလွင်၏ မဲဆွယ်စည်းရုံးသည့် လက်ကမ်းစာစောင်တွင် ၎င်း၏ အမည်ကို“ကိုဝေလွင်” ဟု သုံးနှုန်းထားပြီး “ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ၊ အသိပညာများကို အခြေခံပြီး ဒီဒေသရဲ့ အကျိုးစီးပွားတွေကို လက်တွေ့ကျကျ ဆောင်ရွက်ပေးနိုင်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စစ်စစ်တစ် ယောက် ဖြစ်ချင်တာက ကျွန်တော့ရဲ့ မျှော်လင့်ချက်ပါပဲ” ဟု ရေးသားထားသည်။

တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ယူခဲ့သည့် ကာကွယ်ရေးဝန်ကြီး(ငြိမ်း) ဦးဝေလွင်သည် ဧရာဝတီုတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ယိုးဒယားတက်ကျေးရွာတွင် မွေးဖွားသူဖြစ်သည်။

သူ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသိရိမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ ဦးရည်မွန်(ခ) မောင်တင်သစ်နှင့် တသီးပုဂ္ဂလအဖြစ် ဦးမြင့်လွင်သန်းတို့က အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly