၂၇နှစ်ပြည့် ပါတီနှစ်ပတ်လည်ဖြင့် မဲဆွယ်စည်းရုံးရေးကို အရှိန်မြှင့်မည်ဟု တ.စ.ည ပြော

၂၇နှစ်ပြည့် ပါတီနှစ်ပတ်လည်ဖြင့် မဲဆွယ်စည်းရုံးရေးကို အရှိန်မြှင့်မည်ဟု တ.စ.ည ပြော

ရန်ကုန် စက်တင်ဘာ ၉ ။         ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အမတ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးကို ၂၇နှစ်ပြည့် ပါတီ နှစ်ပတ်လည်နေ့ပွဲဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင် ထားကြောင်း တ.စ.ည ပါတီ ပြောခွင့်ရသူ ဦးသိန်းထွန်းက စက်တင်ဘာ ၉ ရက်တွင် မဇ္ဈိမကိုပြောသည်။

ပါတီဌာနချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်း၌ စက်တင်ဘာ ၂၄ရက်တွင် ပြုလုပ်မည့် ယင်းပါတီနှစ်ပတ်လည်ပွဲသို့ ရန်ကုန်တိုင်းမှ ဝင်ပြိုင်မည့် တ.စ.ည အမတ်လောင်းများ တက်ရောက်ကြမည်ဟုဆိုသည်။

"ရန်ကုန်က ဝင်မယ့် အမတ်လောင်းတွေ လာမယ်။ အဲဒီမှာပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အရှိန်မြှင့်ဖို့ ဥက္ကဌ သဝဏ်လွှာတွေ၊ မူဝါဒလမ်းစဉ်တွေကို ချပြပြီး အောင်နိုင်ရေးအတွက် အရှိန်မြှင့် မယ်။ ပါတီဌာနချုပ်မှာပဲ ပါတီဝင်အပါအဝင် အင်အား ၇၀၀ လောက်တက်ဖို့ ဖိတ်ထားတယ်။" ဟု ဦးသိန်းထွန်းက ပြောသည်။

ရန်ကုန်တိုင်း မြို့နယ် ၄၅ ခုအနက် ၄၃ မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော်အတွက် ၄၃၊ ပြည်သူ့လွှတ်တော် ၄၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ စုစုပေါင်း ၉၈ နေရာ ဝင်ပြိုင်မည်ဖြစ်သည်။

တ.စ.ည ပါတီက ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အများလိုက် အမတ်လောင်းများကိုယ်တိုင်ဦးစီးကာ မဲဆွယ်စည်းရုံးရေးများကို ပြုလုပ်ကြရန် လမ်းညွှန် ထားသည်ဟု တ.စ.ည ပြောခွင့်ရထံမှ သိရသည်။

ယင်းအပြင် မဲဆွယ်စည်းရုံးရေးကာလနှင့် တိုက်ဆိုင်သည့် ပါတီ ၂၇နှစ်ပြည့်ပွဲတွင်လည်း အမတ်လောင်းများ အောင်နိုင်ရေးအတွက် ပါတီဗဟိုကအောင်နိုင်ရေးမူဝါဒများဖြင့် အားဖြည့်ဆောင်ရွက်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဦးသိန်းထွန်းကဆိုသည်။

တ.စ.ည ပါတီက ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ၂၀၈ နေရာ၊ အမျိုးသားလွှတ်တော် ၉၈နေရာ၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ၄၅၇ နေရာ စုစုပေါင်း ၇၆၃ နေရာ ဝင်ပြိုင်ရန် ပြင်ဆင် ထားသည်။

တ.စ.ည ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ၁၁နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော် ၆၁ နေရာ အနိုင်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly