ဦးသန်းရွှေပေးသည့် ရွေးကောက်ပွဲမဟုတ်၍ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ရွေးချယ် ကြရန် NDF မဲဆွယ်

ဦးသန်းရွှေပေးသည့် ရွေးကောက်ပွဲမဟုတ်၍ ပြည်သူ့ကိုယ်စားလှယ်များကိုသာ ရွေးချယ် ကြရန် NDF မဲဆွယ်

ရန်ကုန်၊ စက်တင်ဘာ ၈ ။          ။ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေကပေးသည့် ရွေးကောက်ပွဲမဟုတ်သဖြင့် ပြည်သူ့ကိုယ်စား လှယ်လောင်းများကို ရွေးချယ်ကြပါရန် ပြောဆို၍ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က ရန်ကုန်တွင် ပထမဆုံး မဲဆွယ် စည်းရုံးခဲ့သည်။

“ဦးသန်းရွှေပေးတဲ့ ရွေးကောက်ပွဲက ဘောင်းဘီဝတ်တွေပဲရမယ်။ ဒီဟာက ဦးသန်းရွှေပေးတာ မဟုတ်ဘူး။ စစ်ဗိုလ်တွေအတွက်မဟုတ်ပဲ ပြည်သူတွေအတွက် ရွေးကောက်ပွဲ။ ပြည်သူ့အကျိုးပြုမယ့် ပြည်သူ့ ကိုယ်စားပြုသူတွေကို ကိုယ်တိုင် ဦးနှောက်နဲ့ဆုံးဖြတ်ပြီး ရွေးချယ်ပါ” ဟု ၁၉၉၀ အမတ် ဟောင်းလည်းဖြစ်သူ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ဒု-ဥက္ကဌ ဦးစိန်လှဦးက ဆိုသည်။

NDF ၏ ပထမဆုံးမဲဆွယ်မှုကို ရန်ကုန်မြို့၊ ဒဂုံမြောက်ပိုင်း၊ ၄၇ ရပ်ကွက်၊ ဗညားဒလလမ်းရှိ ဓမ္မာနီတိ ဓမ္မာရုံတွင် နေ့လည် ၂ နာရီမှ ၃ နာရီခွဲထိ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မဲဆွယ်စည်းရုံးမှု ပြုလုပ်ရာတွင် မြောက်ဒဂုန်မဲဆန္ဒနယ် အမတ်လောင်းအဖြစ် ဝင်ရောက်မည့် ဦးကြီးမြင့် ကလည်း “ပါတီကိုပဲ မဲပေးရမယ်ဆိုတာ ပြည်သူတွေရဲ့အခွင့်အရေးကို ချိုးဖောက်တာပဲ။

လူကိုမကြည့်ပဲနဲ့ရွေးလို့ တိုင်းရင်းသား လူမျိုးဖြစ်တယ်ဆိုရင် တော်သေးတယ်။ တိုင်းရင်းသားလူမျိုး မဟုတ်ဘူးဆိုရင် တိုင်းပြည်အတွက် စိတ်မချရဘူး။ ဘယ်လို အရည်အချင်းရှိလဲဆိုတာ သိဖို့လိုတယ်။ ဒါကြောင့် လူကောမူကော ကြည့်ပြီး မဲပေးကြပါ” ဟု ဟောပြော စည်းရုံးခဲ့သည်။

NDF ပါတီမှ မြောက်ဒဂုံ ပြည်သူ့လွှတ်တော်အတွက် ဦးကြီးမြင့်၊ မြောက်ဒဂုံပါဝင်သည့် အမျိုး သားလွှတ်တော် အမှတ် ၁ အတွက် ဦးမြင့်သိန်း၊ တိုင်းလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်အတွက် ဦးကျော်မြင့်နှင့် တိုင်းလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်အတွက် ဦးကျော်ဌေးတို့က ဝင်ရောက်ကြမည် ဖြစ်သည်။

NDF က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် ၈၉ နေရာ၊ အမျိုးသားလွှတ်တော် ၄၂ နေရာနှင့် တိုင်း/ပြည်နယ်လွှတ်တော် ၁၄၃ နေရာ စုစုပေါင်း လွှတ်တော်နေရာ ၂၇၄ ခုတွင် ဝင်ရောက်ရန် အမည်စာရင်း တင်သွင်းထားသည်။

ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ပြီး အနိုင်ရရှိထားသည့် အမတ်များဖြင့် လွှတ်တော်၌ ဥပဒေပြုရေး လုပ်ငန်းများကို အတက်ကြွဆုံး လုပ်ဆောင်ခဲ့ပြီး လွှတ်တော် သက်တမ်းအတွင်း ဥပဒေကြမ်းများ အများဆုံး တင်သွင်းနိုင်ခဲ့သည်ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၀ ခု ရွေးကောက်ပွဲကို ဝင်မပြိုင်ရေးလမ်းစဉ်နှင့် သဘော ထား မတိုက်ဆိုင်သူ အင်အားစုများက NDF ပါတီကို ဖွဲ့စည်းကာ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ သည်။ ယင်းပါတီက ပြည်ထောင်စုအဆင့် လွှတ်တော် နှစ်ရပ်ပေါင်း အမတ် ၆ နေရာရရှိထားသည်။ ပြည်နယ်နှင့် တိုင်းလွှတ်တော်များတွင်လည်း နေရာအချို့ ရထားသည်။

မြောက်ဒဂုံ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ပြည်ခိုင်ဖြိုး USDP၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF အပါအဝင် ပါတီ ၆ ခုမှ အမတ် လောင်း ၆ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးတို့ ဝင်ပြိုင်မည်။

အလားတူ မြောက်ဒဂုံမြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော် အမှတ် ၁ တွင် USDP၊ NLD၊ NDF အပါအဝင် ပါတီ ၄ ခုမှ အမတ်လောင်း ၄ ဦးတို့ ပြိုင်ကြမည်။

USDP၊ NLD၊ NDF အပါအဝင် ပါတီ ၄ ခု ရန်ကုန်တိုင်းလွှတ်တော် မြောက်ဒဂုံမြို့နယ် အမှတ် ၁ အတွက် ၄ ဦး၊ မြောက်ဒဂုံမြို့နယ် အမှတ် ၂ တွင် ယင်းပါတီ ၄ ခုအပြင် တသီးပုဂ္ဂလတဦးလည်း ပြိုင်မည်ဖြစ်သဖြင့် ၅ ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags